ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

လူနှင့်မူကို ဆန်းစစ်ကြည့်ခြင်း

[[[ Development News Journal မှာ ဖော်ပြပြီ ဆောင်းပါး]]]
လူလို့ ဖြစ်လာလျှင် အဖွဲ့အစည်းဖြင့် ကင်းလွတ်၍ မရပေ။ မိသားစု အသိုက်အဖွဲ့မှသည် အသင်းအဖွဲ့အစည်းထိ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်ရှိနေသည်။ လူရှိလျှင် အဖွဲ့အစည်းရှိမည်။ အဖွဲ့အစည်းရှိလျှင် မူဝါဒရှိမည်။ အဖွဲ့အစည်းကြီးသည် ငယ်သည်မဟူ မူဝါဒတစ်ခုလောက်တော့ အနည်းဆုံးရှိကြသည်။ မူဝါဒကို အင်္ဂလိပ်လို ပေါ်လစီဟု သုံးစွဲသည်။ ပေါ်လစီတစ်ရပ်မှာ ပြဿနာရှာခြင်းနှင့် ရှင်းလင်းခြင်းဖြစ်သည်။ ပြဿနာတစ်ခုအတွက် ပထမ ပေါ်လစီ၊ ပရိုဂြမ်နှင့် ပရောဂျက်တို့ဆိုလျှင် မြန်မာလို မူဝါဒ၊ အစီအစဉ်နှင့် စီမံချက်ကို ဆိုလိုခြင်းဖြစ်သည်။ မူဝါဒဆိုသည်မှာ ပြဿနာတစ်ရပ်ကို ဖြေရှင်းဖို့အတွက်၊ ယေဘုယျကျကျ ချဉ်းကပ်မှု (သို့) မဟာဗျူဟာများဖြစ်သည်။ အစီအစဉ်ဆိုသည်မှာ မူဝါဒတစ်ရပ်ကို အကောင်အထည်ဖော်ဖို့အတွက် လုပ်ဆောင်ထားပြီး တိကျသည့် ဆောင်ရွက်ပင်ဖြစ်သည်။ စီမံချက်မှာ တစုံတရာသော ရည်ရွယ်ချက်တစ်ရပ်ကို ဖြည့်ဆည်းဖို့ ယာယီဖွဲ့အစည်းဆောင်ရွက်ချက်ပင်ဖြစ်သည်။ ထို့အတွက် ပြဿနာတစ်ရပ်ကို ဖြေရှင်းနိုင်ဖို့ဆိုလျှင် အစီအစဉ်များရေးဆွဲပြီး အကောင်အထည်ဖော်မည့်သူများမှ စီမံပြီး လုပ်ဆောင်ခြင်းကို ဆိုလိုသည်။
တစ်ချို့က မူကို ဘောင်ဟုလည်း ခေါ်ဆိုကြသည်။ မူဘောင်၊ လူ့ဘောင်ဟုလည်း သုံးနှုန်းကြသည်။ ဘောင်ဆိုသည်မှာ ထိန်းကွပ်ထားသည့် သဘောကို ဆိုလိုသည်။ ဘောင်ကွပ်လိုက်သောကြောင့် လူသည် စည်းလွတ်လက်လွတ်လုပ်၍ မရတော့ချေ။ ထို့အတွက် လူ့အဖွဲ့အစည်းတိုင်းသည် လူကို မူနှင့် ထိန်းခြင်းဖြစ်သည်။ လူသည် အတ္တ၏ သားကောင်များဖြစ်သောကြောင့် စည်းလွတ်လက်လွတ်ဖြစ်နေသော လူ့အဖွဲ့အစည်းကို မူဘောင်ဖြင့် ထိန်းသိမ်းခြင်း၊ ထိန်းကွပ်ခြင်းပင်။

၂၀၁၅ ခုနှစ်အတွက် အဆင်သင့်ဖြစ်ပြီလား


[[[ Development News Journal မှာ ဖော်ပြပြီ ဆောင်းပါး]]]

၂၀၁၄ ခုနှစ်သည်ကား အတိတ်မှာ သမိုင်းအဖြစ် ကျန်ခဲ့ပြီဖြစ်သည်။ အတိတ်သည်ကား ပစ္စုပ္ပန်၏ ဆရာဖြစ်သည်။ အတိတ်က ကောင်းမွေ၊ ဆိုးမွေများကို  သင်ခန်းစာယူပြီး အကောင်းဆုံး ဆက်လက်လုပ်ဆောင်ရန် အကောင်းအဆုံးအချိန်သည် လက်ရှိပင်ဖြစ်သည်။ လက်ရှိပစ္စုပ္ပန်၏ လုပ်ဆောင်ချက်များသည် အနာဂတ်အတွက်ဖြစ်သည်။ ၂၀၁၄ ခုနှစ်သည် အကောင်း၊ အဆိုး ဒွန်းတွဲလျက်ဖြင့် ပြီးဆုံးသွားခဲ့သည်။ ကောင်းတန်သလောက်လည်း ကောင်းခဲ့သည်။ ဆိုးတန်သလောက်လည်း ဆိုးခဲ့သည်။ ကောင်း၏ ဆိုး၏ကို မှတ်တမ်းတင်ဖို့ရန် စာရေးသူတို့တွင် တာဝန်ရှိသည်။ ကျန်ခဲ့သော ခုနှစ်ကို သမင်လည်ပြန်ကြည့်ရှုပြီး ရှေ့ကို အကောင်းဆုံးဖြစ်အောင် ဆက်လက်လုပ်ဆောင်ရအုံးမည်။ အတိတ်သည် လွမ်းစရာထက် သင်ခန်းယူစရာများကို အကောင်းဆုံးဖြစ်အောင် ယူဆောင်ပြီး အကောင်အထည်ဖော် လုပ်ဆောင်ကြရန်သာရှိတော့သည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးမှ ဧပြီလတွင် ကောက်ခံခဲ့သည် သန်းခေါင်းစာရင်းတွင် ရခိုင်ပြည်နယ်လုံးတွင် ပြည်သူ့ဆန္ဒထုတ်ဖော်မှုသည် အကြီးကျယ်ဆုံး၊ ပြည်သူပါဝင်မှုအများနှင့် စည်းကမ်းအကျဆုံး ဆန္ဒပြပွဲကို တွေ့မြင်ခဲ့ရသည်။ မတ်လတွင် ၂၆/၂၇ ရက် INGO/NGO ရုံးများကို အကြမ်းဖက်မှုတွင် မညီးမဆိုသည့် ကလေးငယ်တစ်ယောက် အသက်စတေးခဲ့ရသည်။ ၄င်း ဧပြီလထဲတွင်ပင် ရခိုင်တို့အတွက် အရေးကြီးသည့် ရခိုင်အမျိုးသားညီလာခံကြီးကို ဧပြီလတွင် ကျင်းပနိုင်ခဲ့သည်။ ယင်းမတိုင်ခင်က ALD နှင့် RNDP ကို ပေါင်းစပ်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ပါတီကို ဖွဲ့စည်းနိုင်ခဲ့သည်။  ANP ပါတီ၏ ပထမဦးဆုံးညီလာခံကို စက်တင်ဘာလတွင် ကျင်းပနိုင်ခဲ့သည်။ ထူးခြားချက်အဖြစ် ၂၀၁၀ ခုနှစ် ဒီမိုကရေစီနှင့်အတူ ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပြည်နယ် ၀န်ကြီးချုပ်တစ်ဦးဖြစ်သည့် ဦးလှမောင်တင်သည် သုံးနှစ်လောက်သာ တာဝန်ယူခဲ့ပြီး ၂၀၁၄ ခုနှစ် မေလတွင် ကျန်းမာရေးကို အကြောင်းပြပြီး နုတ်ထွက်သွားသည်။ သူ့နေရာတွင် ဗမာလူမျိုးဖြစ်သည့် ပြည်ထောင်စုအစိုးရက တိုက်ရိုက်ခန့်အပ်သည် ဗိုလ်ချုပ်အဆင့်ရှိသူ ဦးမောင်မောင်အုန်းဖြင့် အစားထိုးခဲ့သည်။ ထိုအစားထိုးမှုအတွက် ပြည်သူတို့က ကန့်ကွက်ခဲ့သည်သာမက ရခိုင်အမျိုးသားပါတီက ၂/၂၀၁၄ စတိတ်မန့်ကို ထုတ်ပြီး ကန့်ကွက်ခဲ့ပါသော်လည်း လွတ်တော်တက်ရောက်သည့်နေ့တွင် ကန့်ကွက်မဲမရှိ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။

ရက္ခပူရမှ အပူသည်

[[[ ရမ္မာဝတီ မဂ္ဂဇင်း အမှတ် (၅)တွင် ဖော်ပြပြီ]]]]]]

(၁)
`ဒီမှာ တပြည်ကျူးကျော်စစ်က ပိုအရေးကြီးတယ်။ တပြည်ကျူးကျော်သူတွေဟာ သွေးမတူ သားမစပ်တဲ့အတွက် ကျူပင်ခုတ် ကျူငုတ်ပါ ကျန်ခဲ့မှာ မဟုတ်ဘူး။ သင်ရဲ့ မိန်းမ၊ ကလေး၊ သက်ကြီးရွယ်အိုး၊ ဒုက္ခိတ ၊ ပြည်သူတွေ တစ်ယောက်မှ အသက် ချမ်းသာခွင့် ရမှာ မဟုတ်ဘူး။ တပြည်စစ်ကို အယင်ဆီးတိုက်ရမယ်။ ပြည်တွင်းစစ်က ဒီနေ့ စားပွဲဝိုင်းမှာ ဆွေးနွေးရင် မနက်ဖြန် ငြိမ်ချမ်းရေးရလိမ့်မယ်´ ကျွန်ုပ်သည် ဘေးနားတွင် ရပ်ပြီး နားစွင့်နေသော အိမ်ရှေ့စံ သက်စံရွှေကို မိန့်ကြားလိုက်သည်။ သက်စံရွှေကား သက်ပြင်းကို ပြင်းပြင်းချကာ နားထောင်နေသည်။ အိမ်စံတစ်ဦးက ဖခင် ဘုရင်အပေါ်တွင် ကြည်ညိုစိတ်၊ လေးစားစိတ်တို့ကြောင့် ပြန်မပြောနိုင်။ သို့သော် သူ၏ အပူကို သူသာအသိဆုံးဖြစ်လိမ့်မည်။ စကားသံကား စစ်ရေးပြခန်း စားပွဲခုံကို ငေးကြည့်ရင် အသံတိတ်သွားသည်။ ကျွန်ုပ်သည် တိတ်ဆိတ်မှုကို မကြိုက်သက်လှ။ တိတ်ဆိတ်မှုသည် ကြောက်စိတ်ကို ၀င်စေသည်။
            `တိုက်ပွဲဆိုတာ မြှားတွေ၊ လှံတွေ၊ ဓားတွေ၊ မီးပေါက်တွေနဲ့ တိုက်ခိုက်ရတာကြောင့် ဘယ်အရာကိုမှ ညှာတာခွင့်ပေးမှာ မဟုတ်ဘူး အိမ်ရှေ့စံ။ အသက်ကို ဇိန်ဝိန်ခြွေလို့အကောင်းဆုံးအရာက စစ်ပွဲပဲ။ ဒါ့ကြောင့် ဖခမည်းတော်တို့ရဲ့ မြောက်ဦးရွှေနန်းကို တိုက်ခိုက်မှုကို တစ်ခန်းရပ်ပြီး ကျူးကျော်စစ်ဦးကို ဖခမည်းတော်တို့ ရိုက်ချိုးပစ်လိုက်ရလိမ့်မယ်။ ဒီတစ်ညတော့ ဒီစစ်ပွဲအတွက် သေနင်္ဂဗျူဟာ၊ မဟာဗျူဟာတို့ အပြီးသတ် လုပ်ဆောင်မှ ဖြစ်လိမ့်မယ်´ ကျွန်ုပ်သည် စကားကို အရှည်ကြီးပြောလိုက်မိသည်။ အိမ်ရှေ့စံ သက်စံရွှေကား ကျောက်ဆစ်ရုပ်ထုကဲ့သို့ နားထောင်နေသည်။ ကျွန်ုပ်ကား ဤစစ်ပွဲသည် အနိုင်ထက် အရှုံးပွဲဆိုသည်ကို သိထားသည်။ သို့သော် ရာဇဘုရင်ဖြစ်သည့်အလျှောက် ဒူးထောက်အညံ့ခံလို့ ရှုံးရခြင်းထက် တိုက်ရင်းဖြင့် ရှုံးခြင်းကို ပိုကြိုက်နှစ်သက်မိသည်။
            အပြင်ဘက်တွင် နတ်တော်လဖြစ်သောကြောင့် နှင်းစ၊ နှင်းပွင့်တို့သည် ခေါင်းကင်ထက်က ခုန်ဆင်းနေကြသည်။ ငွေနှင်းမြူတို့သည် ကောင်းကင်နှင့် မြေကြီးကြား မိတ်ဖွဲ့နေကြသည်။ ရိုးမတောင်ကို ရစ်သိုင်းထားသော ငွေနှင်းမြူတို့သည် ဇာပ၀ါသိုင်းဖွဲ့ထားသကဲ့။ အရှေ့ဘက်က နေ၏ အလင်းရောင်သည် အမှောင်ကို အနိုင်ယူဖို့ ကြိုးစားနေသည်။ အမှောင်ထုသည်ကား နောက်ဆုတ်မည့်ဟန်ကို ဆင်းနေသော်လည်း သစ်ပင်ပန်းမံများအောက်တွင် ကြီးစိုးထားဆဲ။ မြောက်လေတစ်ချက် အဝှေ့တွင် သဇင်ပန်းရနံ့ ခန်းမဆောင် လှစ်ကာကို ဖြတ်ကျော်ပြီး ကျွန်ုပ်နာသီးဝကို လာရိုက်ခတ်သည်။ ဆောင်း၏ အအေးဒဏ်နှင့် သဇင်ရနံ့ကို ခံစားခွင့်မပေး။ ခံစားခွင့်ထက် ဦးနှောက် နှလုံးသားတို့သည် တပြည်ကျူကျော်စစ်ကို တွန်းလှန်ဖို့ ဦးနှောက်နှင့် နှလုံးသားကို အလုပ်ပိုပေးနေရသည်။ အိမ်ရှေ့စံ သက်စံရွှေနှင့် ကျွန်ုပ်သည် တစ်ရက်နှင့် တစ်ညရှိပြီ။ စစ်ရေးခင်းဗျူဟာခမ်းမထဲက မထွက်ဖြစ်။ အစားအသောက်များကိုပင် အခမ်းထဲသို့ မှာယူသုံးဆောင်ခဲ့ရသည်။ အထောက်တော်များ၊ သူလျိုဒလံများက ပေးပို့လာသမျှ သတင်းများကို နားစွင့်နေရသည်။
`အိမ်ရှေ့စံ စကားနည်းနည်းပြောပါအုံး´

နာတာရှည်ရောဂါသည်၏ ငြိမ်းချမ်းရေး ရှာပုံတော်


((( ရခိုင့်အသံ ဂျာနယ်၊ ၃၊ ၁၂။ ၂၀၁၄ ရက်နေ့ ထုတ်တွင် ဖော်ပြပြီ))))
 

`စစ်သည် ဖျက်ဆီးသော ကိရိယာဖြစ်၍ ငြိမ်းချမ်းရေးသည် တည်ဆောက်သော ကိရိယာဖြစ်သည်´ဟု ကွယ်လွန်သူ စာရေးဆရာကြီး ဒဂုန်တာရာ၏ စစ်ကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။ ကျွန်တော်သည် ပန်းချီဆရာတစ်ယောက်၏ သေနတ်ထိပ်တွင် နားနေသော ချိုးဖြူငှက်ကို မြင်ယောင်ယင်း ငြိမ်းးချမ်းရေးကို လိုက်ရှာမိသည်။ ငြိမ်းချမ်းရေးဆိုသည်မှာ ဆွေးနွေးစရာသက်သက်ဖြစ်ပြီး အမှန်တကယ် ငြိမ်းချမ်းသော တရားသည် အဘယ်နည်း။ မငြိမ်းချမ်းလို့ မတိုးတက် ၊ မတိုးတက်လို့ မငြိမ်းချမ်း။ ငြိမ်းချမ်းရေးကို ရှာယင်းပင် ကျွန်တော်တို့ ဘ၀များသည် ပရုပ်လုံးလို လုံးပါးပါးလာခဲ့သည်။ တိုင်းပြည်တိုးတက်ရေးအတွက် ရှာဖွေသော ငြိမ်းချမ်းရေးနှင့် သံသရာအတွက် ရှာသော ငြိမ်းချမ်းရေး။ သို့ရာတွင် မြန်မာနိုင်ငံ၏ နာတာရှည်ရောဂါဆိုကြီးမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သည်။
စစ်ပွဲ၏ အကြောင်းခံသည် ပြဿနာဖြစ်သည်။ ပြဿနာ၏ အကြောင်းခံသည် စစ်တပ်ဖြစ်သည်။ တိုင်းရင်းသား စစ်တပ်နှင့် ဗမာစစ်တပ်။ ဗမာစစ်တပ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုနှင့်အတူ ရဲဘော်သုံးကျိပ်နှင့်အတူ မွေးဖွားလာခြင်းဖြစ်သည်။ ပဋိသန္ဓေတည်တုန်းက လာခြင်းကောင်းပြီး မျိုးစေ့မှန်သော်လည်း အပင်ကား မသန်ခဲ့ချေ။ ၁၉၄၁ခုနှစ်ဒီဇင်ဘာ၂၈ရက်နေ့၊ဘန်ကောက်မှာရဲဘော်သုံးကျိပ်တို့ သွေးသောက်သစ္စာပြုပြီး မြန်မာ့တပ်မတော်ကိုစတင်အခြေတည်ဖွဲ့စည်းကြစဉ်က လွတ်လပ်ရေးမှသည် တိုးတက်ရေးသို့ ရှေ့ရှုခဲ့သည်။ ထိုသန္နိဌာန်နှင့်အတူ လွတ်လပ်ရေးကို ရရှိခဲ့ပြီး ယင်းမှ တိုင်းရင်းသားပေါင်းစုံကို စုပေါင်းပြီး ပြည်ထောင်စုမွေးဖွားသန့်စင်ခဲ့သည်။ ပြည်ထောင်စုသည် တစ်ဦးပိုင်မဟုတ်ချေ။ 

မဟာမြတ်မုနိကုန်မြေ သက်သေတည်



    စောလားဘွယ်၏ ကင်းလှည့်မို့ သေနတ်ကို ကိုင်ပြီး ကင်းစောင့်ရသည်မှာ တစ်ညလုံးရှိပြီ။ လူက အိပ်ငိုက်စပြုလာပြီ။ ထိုအချိန်တွင် အသံတစ်သံကို မသဲမကွဲ ကြားလိုက်ရသည်။ အာရုံစိုက်ပြီး နားထောင်ကြည့်သည်။ အမျိုးသမီးတစ်ဦး၏ အသံဖြစ်နေ၏။
“အရှင်ဘုရား သည်မြေမှ တစ်ဖ၀ါးမှ မခွါဘဲ တခြားဒေသကို မကြွချီပါနှင့် အရှင်ဘုရား”ဟု တောင်းပန်လျှောက်ထားသံကို ကြားလိုက်ရသည်။ ဒီလောက် လုံခြုံရေးတင်ကျပ်ထားသည့် ကြားမှ သည်အမျိုးသမီးသည် ဘယ်ကနေ ဘယ်လို ရောက်လာပြီး ဘုရားရှေ့တွင် တိုင်တန်းနေသည်မသိ။ အရိပ်အယောင် တစ်ခုခုကို မြင်လို မြင်ငြား မျက်လုံးကို အားယူပြီး ဖွင့်ကြည့်သည်။ သေနတ်ကို မောင်းတင်လိုက်သည်။ အသံလာရာ ဘုရားရှေ့တော်သို့ သေနတ်ကို ချိန်ရွယ်လိုက်သည်။ သို့သော် မျက်လုံးထဲသို့ မှောင်မဲနေသည့်အရာမှအပ တစ်ခုမှ ၀င်ရောက်မလာပေ။ အသံသည် ခဏတိတ်သွား၏။ ခဏတိတ်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း ဘာအသံမှ မကြားရတော့ချေ။ ထိုအချိန်မှ စပြီး စောလားဘွယ်သည် ကြောက်စိတ်ဝင်လာခဲ့ပြီ ဖြစ်သည်။ အိတ်ကပ်ထဲတွင်ရှိသော သမ္မာကျမ်းစာ စာအုပ်အား စမ်းကြည့်လိုက်သည်။
“အော်..ထာဝရဘုရားသခင်.. ကိုယ်တော်စောင့်မတော်မူပါ” လို့ ဆုတောင်းမိလိုက်သည်။ ကျမ်းစာထဲမှ ကိုယ်ရသလောက် အပုဒ်များကိုလိုက်ရွက်နေမိခဲ့သည်။ 

ဝါကျွတ်အမှီ ...

ကုလားအရေး လက်မနှေးဖို့
ဓားဆွဲလို့ လိုက်ခဲ့တယ်။

အမျိုးသားရေး လက်မနှေးဖို့
ဒုတ်ထမ်းလို့ လိုက်ခဲ့တယ်။
ဘာသာအရေး လက်မနှေးဖို့
တရားစခန်း ပြေးခဲ့တယ်။

စာပေအရေး လက်မနှေးဖို့
သမိုင်း ဂန္ဓဝင် သုတ ရသ
အကုန်လုံး လေ့လာခဲ့တယ်။

မိန်းမအရေး လက်မနှေးဖို့
မယားယူခဲ့တယ်။

ဝါကျွတ်အမှီ လူပျိုကြီး အပျိုကြီးများ
မိန်းမအရေး လက်မနှေးဖို့
မယားသာ ယူကြပါစို့။

ဝေဟင်အောင်
၂၀၊ ၁၀၊ ၂၀၁၄။

ပညာရှိတွေ ဘယ်မှာလဲ

အော် .. မိတ်ဆွေ
မိတ်ဆွေလား အိပ်ဆွယ်လား
ဒီမိုကရေစီလား လေမိုကရေစီလား
လူ့အခွင့်အရေးလား ငါ့အခွင့်အရေးလား
နိုင်ငံရေးလား နိုင်ဖို့အရေးလား
ပါတီအရေးလား ၀ါးတီးအရေးလား
လူမှုရေးလား လူမူးရေးလား
စေတနာလား အသပြာလား
အကြံပြုတာလား ချောက်တွန်းတာလား
................ .................
............... .................
အော် .. မိတ်ဆွေ
ငွေများ တရားနိုင်
ရွှေရှိမှ ဆွေမျိုးဖြစ်
အာဏာရှိမှ လူရာဝင်
ငွေရှိမှ ဂုဏ်ထင်တဲ့ ခေတ်မှာ
ပညာရှိတွေရဲ့ စကားလုံးတွေက
ဒေ၀ါလီခံနေရတယ်..။

ဝေဟင်အောင်
၂၂၊ ၆၊ ၂၀၁၄။


မုနိမြေ မဂ္ဂဇင်း၊ အမှတ် (၁၀) ဖော်ပြပြီး

မစ္စတာဝေ ဂျာနယ် ဖတ်နေသည်


[[[သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၉) တွင် ဖော်ပြခဲ့သည် ဆောင်းပါး]]]

ကတောက်ကဆနဲ့ အပေါက်ဝက လှည့်ပြန်လာရတဲ့ မစ္စတာဝေအကြောင်းကို မပြောမပြီး မတီးမမြည်းဆိုသလို ရှိသမျှကို အိပ်သွန်ဖာမှောက် ပြောရတော့မယ် မိတ်ဆွေတို့ရယ်..။ မစ္စတာဝေဆိုတာလည်း နယ်နယ်ရရ ပုဂ္ဂိုလ်တော့မဟုတ်ပေဘူး မဟုတ်လား။ ကုန်မှာကျတော့ လိပ်လိုယက်၊ ရေမှာကျတော့ ငါးယက်လိုမျိုး၊ မြေထဲမှာကျတော့ တီလို ကျင့်ကြံတဲ့ လူမျိုးဆိုတော့ အားသည်ဟူ၍ မရှိ။ ဘဘကြီးကို ပေါင်းရတာက တစ်မျိုး၊ တွေ့သမျှ အရာရှိ အရာငယ်ကို ဆရာလို့ ခေါ်ပြီး ဆေးပြားစေ့ကို နွားနင်းထားတဲ့ ဒီမျက်နှာကြီးမှာ ရှိသမျှ သွားကို ဖြဲပြီး လုပ်ငန်းအဆင်ပြေအောင် ယတြာချေရတာက တစ်မျိုးနဲ့ အားတယ်လို့ကို မရှိဘူးလေ။ ဒီကြားထဲ သုံးသိန်းအောက်ပေးရတာ၊ နို့သောက်ရတာ၊ ပိုက်ဆံ ၂၀၀၀ ရှာရတာ၊ နယ်တကာလှည့် ပါးရိုက်ခံရတာနဲ့ ဆိုတော့ ပိုဆိုးတာပေါ့။ ဒီကြားထဲ ရခိုင်က ဟိုဝန်ကြီးဆိုသူက ဟိုလူကြီးကို ပါးရိုက်တာလည်း ထည့်မပြောချင်တော့ပါဘူး။ ဒီကိစ္စဒီလောက်နဲ့ သင်ပုန်ချေလိုက်ကြတာပေါ့။ အပေးအယူ၊ နားလည်မှုယူ၊ ရှိသမျှကို ယူပြီး ကျေအေးလိုက်ကြတာပေါ့လေ။

ပုဒ်မ ၄၃၆ ကို ရခိုင်တစ်ယောက်အနေဖြင့် ချောင်းကြည့်ခြင်း


[[[[ရခိုင်အသံဂျာနယ် ၊ အတွဲ(၁)၊ အမှတ်(၁၀)မှာ ဖော်ပြခဲ့ပြီး ဆောင်းပါးဖြစ်ပါသည်။]]]

အခုတလော အသံအကျယ်ဆုံးက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးကို အဓိက ဦးတည်လာတာကို တွေ့ရတယ်။ အဓိက ပြင်ဆင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ NLD နဲ့ ၈၈ ပွင့်လင်း အဖွဲ့အစည်းတွေက ဦးဆောင်လာတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ ၊ ဗိုလ်စိန်မှန်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ လူပေါင်း သိန်းချီတက်ရောက်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်စုကြည်အပါအ၀င် ကိုမင်းကိုနိုင်တို့မှ ဟောပြောခဲ့ကြတယ်။ မေ ၁၈ ရက်နေ့ မန္တလေးနဲ့ မေလ ၂၅ ၊ ဧရာဝတီတိုင်း ဟင်္သာတတို့မှာ ဆက်တိုက် လူထုထောက်ခံပွဲများပြုလုပ်ခဲ့ပြီး လက်မှတ်ရေးထိုးပွဲများကိုလည်း ရန်ကုန်၊ မန္တလေးတို့မှာ အထင်က ရုပ်ရှင်၊ စာပေ အနုပညာအသိုင်းအ၀ိုင်းမှ လူများဖြင့် ဆက်တိုက် ပြုလုပ်ခဲ့ကြတယ်။ ဟုတ်ပြီး ပုဒ်မ ၄၃၆ က ဘာလဲ။ ဘာကို အဓိက ဆိုလိုသလဲဆိုတာကို သိရှိပြီးမှ ထောက်ခံခြင်း ကန့်ကွက်ခြင်းများကို ပြုလုပ်သင့်ပါတယ်။ အဓိက စာရေးသူတို့က တိုင်းရင်းသားဆိုတော့ တိုင်းရင်းသားဘက်က သုံးသပ်ချက်များကို ထည့်သွင်းပြီးမှ ပိုပြည့်စုံလိမ့်မယ်လို့ ထင်ပါတယ်။
ပုဒ်မ ၄၃၆ မှာ (က)(ခ)ဆိုပြီး အပုဒ်နှစ်ပုဒ်ဖြင့် ဖော်ပြထားပါတယ်။ အပုဒ်(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀ ၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
(ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များ မှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ဟုလည်းကောင်း ပြဋ္ဌာန်းထားသည် ကိုတွေ့ရှိရပါသည်။

တိုင်းပြည်က မွဲမွဲ၊ ပညာရေးက ဖြေးဖြေး


[[[[ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၇) မှာ ဖော်ပြပြီးဆောင်းပါ။
ဆရာ/မများ၏ ဆွဲခန့် ၀န်ထမ်းတစ်တစ်နေရာအတွက် ကာလပေါက်ဈေးတွေကလည်း မြင့်မားနေသည်။ စေတနာ၊ ၀ါသနာထက် အလုပ်လက်မဲ့ခေတ်မှာ အသပြာ ပါဆယ်ပါးစပ်က နာမည်ကြီးနေသည်။ တစ်ချို့ နယ်စွန်နယ်ဖျား ကျေးလက်ဒေသများမှာဆို တစ်နှစ်လုံး ကျောင်းဖွင့် တစ်ရက်သာ ဆရာ/မကို မြင်ဖူးပြီး တစ်နှစ်လုံးကို ပြန်၍ မပေါ်လာတော့သည်ကိုလည်း ကြားရသည်။]]]]]

ယနေ့ ခေတ်သည် ပညာကိုအခြေခံသည့် လူ့အဖွဲ့အစည်း (Knowledge-Based Society)ဟု ခေါ်ဆိုနေကြပြီးဖြစ်သည်။ ပညာခေတ်မှနေ အိုင်တီခေတ်(IT)သို့ ရွေ့လျားနေပြီးဖြစ်သည်တင်မက ကမ္ဘာ့ရွာ ဂလိုဘယ်လိုင်းဇေးရှင်းသို့ပင် ရောက်ရှိနေပြီဟု ကမ္ဘာ့နိုင်ငံအချို့က ကြွေးကြော်နေကြပြီဖြစ်သည်။ ပညာခေတ်ကို ကျော်လွန်သွားသော်လည်း အိုင်တီခေတ်သည် မြန်မာနိုင်ငံရှိ မြို့နယ်လူတန်းစား ရေပေါ်ဆီအချို့သာ ခံစားနေရသော်လည်း တောနယ်လူတန်းစား ကလေးငယ်များအတွက် မည်သို့မျှ ထူးမခြားနားသည်ကို တွေ့ရှိရသည်။

၂၀၁၄-၁၅ ပညာ သင်နှစ်အတွက် မေလ ၂၅ ရက် မှ ၃၁ ရက်အထိကို အခြေခံပညာ ကျောင်းများ၏ ကျောင်းအပ်နှံ ရေး ရက်သတ္တပတ်အဖြစ် ပညာ ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။ ယခုဆိုလျှင် ကျောင်းအပ်နှံခြင်းသည် ပြီးဆုံးသည်သာမက ကျောင်းသား/သူတိုင်း စာသင်ခန်းထဲသို့ပင် ရောက်ရှိနေကြပြီဖြစ်သည်။ တစ်နွေလုံးကို ခြောက်သွေ့နေခဲ့သော ကျောင်းပတ်ဝန်းကျင်များလည်း ပြန်လည် လန်းဆန်လာခဲ့သည်။ သို့ရာတွင် တစ်ချို့နယ်ဝေးကျောင်းများတွင် စာသင်ကျောင်းမရှိသည်က တစ်မျိုးနှင့် ကျောင်းရှိသော်လည်း ဆရာ/မများမှာ ဘယ်နေရာ ဘယ်ဆီကို ရောက်ပေါက်နေသည်ကို မသိရှိဘဲ ဇွန်လ မိုးရေနှင့်အတူ စီးမျောလျှက် ရှိပေအုံ့မည်။