ကျားရဲတွင်းကို ခုန်ဆင်းမယ့် သမင် (သို့) မိမိကိုယ်ကို လူကုန်ကူးမှု
ဆင်းရဲသော နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲများသည် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းနေထိုင် အခြေချခြင်းနှင့် အလုပ်လုပ်ကိုင်ကြခြင်းများသည် ယခုနောက်ပိုင်းကာလများတွင် ပိုမိုများပြားလာခဲ့ကြသည်။ မက်ကရမ်ဟုခေါ်သော ရွေ့ပြောင်းအနေချမှုမှသည် လူကုန်ကူးမှုကို အခွင့်အရေးပေးသလိုမျိုး ဖြစ်လာခဲ့သည်။ လူကုန်ကူးမှုတွင် အစိုးရ၏ သတ်မှတ်ချက်အရ လူတစ်ယောက်မှ လူတစ်ယောက် အလိုတူမပါဘဲ (သို့မဟုတ်) တခုခုသောအရာဖြင့် ဆွဲဆောင်ခေါ်ဆောင်မှုကို လူကုန်ကူးမှုဟု သတ်မှတ်သည်။ ဤနေရာတွင် ကျနော်သည် လူတစ်ဖက်သားမှ ဆွဲဆောင်မှုမဟုတ် မိမိကိုယ်ကို မိမိ လူကုန်ကူးမှုကို ကိုယ်တွေ့ဖြင့် ထောက်ပြပါအံ။
ကုန်ခဲ့သော အပါတ် ရက်အားဖြင့် ၁၈.၇.၂၀၁၃ ရက်နေ့က ရန်ကုန်မြို့ကို ကိစ္စတစ်ခုဖြင့် ရခိုင်ကနေ ရန်ကုန်မြို့သို့ သွားသော လမ်းခရီးတွင် အသက်အားဖြင့် ၁၄ နှစ်ပတ်ဝန်ကျင်လောက်သာရှိသော ကောင်မလေး (၃)ယောက်အဖြစ်အပျက်ကို အခြေခံ ရေးသားပါအုံမည်။ “ညီမလေးတို့က ဘယ်ကိုသွားကြမှာလဲ” စပါယ်ယာ ကောင်လေးက လှမ်းမေးလိုက်သည်။ “ကျန်မတို့ ရန်ကုန်ကို သွားမလိုပါ”ဟု ကောင်မလေး (၃)ယောက်ထဲက တစ်ယောက်လှမ်းဖြေလိုက်သည်။
စစ်တွေမြို့ အဝေးပြေးကားဂိတ်ဝင်မှ ရန်ကုန်သို့ သွားသော အောင်ပြည်စုံ ကားပေါ်တွင် လူအားဖြင့် (၆၀)ပတ်ဝန်ကျင်လောက်ရှိမည်။ ထိုအထဲတွင် ကျနော်အပါအ၀င် ခရီးသွားဖော် ကောင်မလေး(၃)ဦးလည်း အပါအ၀င်ဖြစ်သည်။ ခရီးသွားသူအချင်းချင်းမို့ မျက်မှန်းတန်းပြီး ပြုံးပြ ရယ်ပြကြသည်။ အမူအရာအားဖြင့် နှုတ်ဆက်ကြသည်။ “ညီမလေးတို့က ဘယ်ကလဲ” လို့ အနီးမှာပါတဲ့ ဦးလေးအရွယ် လူကြီးတစ်ဦးက မေးတော့ “ကျွန်မတို့က ကျောက်တော်မြို့နယ် ပလက်နီကျေးရွာကပါ” လို့ ကောင်မလေး (၃)ယောက်ထဲက ကောင်မလေးတစ်ယောက် ဖြေပါတယ်။ လူကြီးကဆက်၍ “အော် ... ရန်ကုန်မှာ ဆွေမျိုးတွေရှိလား” “ရှိပါတယ် ၀မ်းကွဲအစ်ကိုတစ်ယောက် အထည်ချုပ်စက်ရုံးမှာ အလုပ်လုပ်နေပါတယ်၊ အဲဒီမှာ လူလိုလို့ ကျမတို့ (၃)ယောက် သွားအလုပ်လုပ်မလို့ပါ”ဆိုပြီး ကောင်မလေးတစ်ယောက် လှမ်းဖြေပါတယ်။ ဒီလိုဖြင့် ကျနော်တို့ လိုက်ပါစီနှင်းသည့် အောင်ပြည့်စုံကားကြီးသည် ရခိုင် ၊ စစ်တွေမြို့ကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့တော်ကြီးဆီသို့ ထွက်ခွါလာခဲ့သည်။
ရခိုင်ကနေ ရန်ကုန်မြို့သို့သွားလျှင် ပုံမှန်အားဖြင့် တစ်ညနှင့် တစ်ရက်ကြားသည်။ ထူးခြားချက်က လမ်းတွင် လူဝင်ကြီးကြပ်ရေးဌာနမှ မှတ်ပုံတင် စစ်ပါသည်။ စစ်ဆေးချက် အကြမ်းဆုံးကတော့ အမ်းဂိတ်လို့ ကျနော်တို့ဒေသအခေါ် အမ်းမြို့အကျော် ရခိုင်ရိုးမတောင်ခြေ လူဝင်ကြီးကြပ်ရေးဂိတ်က အကြမ်းဆုံးဖြစ်သည်။ ကားပေါ်တွင် ပါလာသမျှ လူအားလုံး ကားပေါ်မှ ဆင်းခိုင်းပြီး လ၀က ဂိတ်မှူးက ကားပေါ်တွင် ပါလာသမျှ ဘုန်းကြီး၊ ယောက်ကျား၊ မိန့်မ မကျန် မှတ်ပုံတင် စစ်ဆေးပါသည်။ လ၀က ဂိတ်မှူးက မှတ်ပုံတင်ပေါ်မှ လူတစ်ယောက်ချင်းကို ခေါ်ပြီး ကားပေါ်သို့ တက်ခိုင်းသည်။ ထူးဆန်းတာက ထိုကောင်မလေး(၃)ယောက်ကို ကားပေါ်သို့ မတတ်ခိုင်းဘဲ အဲဒီမှာ ချထားခဲ့ပါလို့ ကားသမားကို လှမ်းပြောသည်။ ကျနော်တို့အားလုံးလည်း အမ်းသွားပြီး အတွေးရကျပ်သွားသည်။ ကျနော်က ကားပေါ်မှ ဆင်းပြီး လ၀က ဂိတ်မှူးအား “ဘာဖြစ်လို့လည်း သူတို့မှာလည်း မှတ်ပုံတင် ပါတာဘဲလေ”လို့ မေးကြည့်တော့ “သူတို့အိမ်က ဖုန်းဆက်ပြီးတော့ အကြောင်းကြားထားပါတယ်။ သူတို့ကို ဒီဂိတ်က တချက်လောက် ခေါ်ထားလိုက်ပါလို့” ဂိတ်မှူးက ကျနော်ကို ပြန်ပြောပါတယ်။ ဒီလိုဖြင့် ကျနော်တို့ အောင်ပြည့်စုံ လေအိတ်ကားကြီးလည်း ကောင်မလေး(၃)ယောက်ကို အမ်းဂိတ်တွင် ထားခဲ့ပြီး ရန်ကုန်မြို့သို့ ထွက်ခွါလာခဲ့ကြသည်။ ဒီတစ်ချိန် ကားဘီကြိတ်သံနဲ့အတူ တွေးစရာတွေ ကျနော်နောက်ကို ကပ်ပါလာခဲ့သည်။ ထိုထက် ထူးခြားချက်က တောင်နံရံတွင် ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ ကြော်ငြာထားတဲ့ ဆိုင်းဘုတ်ပေါ်တွင် “လူကုန်ကူးမှု ရပ်”ဆိုတဲ့ ဆိုင်းဘုတ်ကြီး ပို၍ အသက်ဝင်သွားလေသည်။
လမ်းပေါ်တွင် ကားဒရိုင်ဘာက “လ၀က ဂိတ်က ခေါ်ထားလိုက်တာ ကောင်းတယ်ဗျာ၊ မဟုတ်ရင် ဒီကောင်းမလေးတွေ ဘ၀က မတွေးဝံစရာပါ”လို့ ကားပေါ်က ခရီးသည်တွေကို လှမ်းပြောသလိုမျိုး ပါးစပ်က ရည်ရွတ်လိုက်သည်။ ခုနားက ဦးကြီးက “ဟုတ်တယ်ဗျာ သူတို့က စက်ရုံးမှာ အလုပ်ရပါပြီးတဲ့ မပြောစလောက်လစာနဲ့ စားရေး၊ နေရေးအတွက် မလွယ်ဘူး။ ဒီမှာက စရိတ်စက ကြီးရတာနဲ့ ပျက်စီကုန်မယ်”လို့ လှမ်းပြောလိုက်သည်။ ဘေးနားက တစ်ယောက်က “ ဒီလိုပုံစံမျိုးနဲ့ ဘယ်လောက်ထိ မျိုးကောင်းသားသမီးတွေ ပျက်စီကုန်ပြီးလဲ မသိပါဘူးဗျာ၊ ဒီလိုမျိုး အချိန်မှီ မတားလိုက်နိုင်ဘဲ ထွက်သွားတဲ့ ကလေးတွေ ဘယ်လောက်များ ကျနော်တို့ အရပ်ဒေသမှာ ရှိနေပြီးလဲ”လို့ ပင့်သက်ချစွာ ၀င်ပြောလိုက်သည်။
ရန်ကုန်မြို့ကို မသွားခင် တစ်ရက်ကဘဲ မလေးရှားက သူငယ်ချင်းတစ်ယောက် ကျနော်ဆီးကို ဖုန်းဆက်လာပါတယ်။ သူ .. နောက် နှစ်ရက်ဆိုလျှင် အမေရိကန်ကို သွားရတော့မယ်လို့ ပြောသွားသည်။ ရန်ကုန်မြို့ပေါ်တွင်လည်း ရခိုင်တွေ သောင်းနဲ့မက သိန်းချီ ရွေ့ပြောင်းနေထိုင်ကြသည်။ ထို့နည်းတူ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ အမေရိကန်တို့တွင် နေထိုင်ကြသည်။ ဂလိုင်ဘယ်လိုင်းဇေးရှင်းမှာ ကမ္ဘာကြီး အမှန်တစ်ကယ် ကျုံ့သွားပြီးလား။ တွေးကြည့်သည် မဟုတ်ဘူးလို့ အဖြေထွက်လာသည်။ ဒါဆိုရင် ဘာကြောင်းလဲ လူတို့သည် မိမိအရပ်ဒေသကို ဘာကြောင်း စွန့်ခွါလာကြတာလဲ။ လူအများ၏ စိတ်ထဲတွင် မိမိအခြေချနေထိုင်ရာနေရာကို စွန့်ခွာချင်သောစိတ် မရှိသော်လည်း၊ မိမိနေထိုင်ရာနေရာ၏ အလုပ်အကိုင် အခွင့်အလမ်းများထက် တခြားနေရာများမှ မက်မော လောက်သော အလုပ်အကိုင်အခွင့်အလမ်းများ၏ ဆွဲဆောင်မှုကြောင့် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်ကြမှုကိုတားဆီး၍ မရနိုင်သဖြင့်ရွေ့ပြောင်းလာကြခြင်းဖြစ်သည်ဟု လေ့လာဖူးသည်။
ဒါဆိုရင် အဖြေက ရှင်းနေပြီး။ ကျနော်တို့ဒေသသည် မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် (၁၄)ခုတွင် စီးပွါးရေးအရ အဆင့် (၁၃)တွင်ရှိပြီး ချင်းပြည်နယ်ပြီးလျှင် ဒုတိယ အဆင်းရဲဆုံးဖြစ်သည်ဟု ၂၀၁၂ ခုနှစ် အစိုးရမှတ်တမ်းများအရ သိရှိရသည်။ ရခိုင်ဒေသသည် ပင်လယ်၊ ချောင်း၊ မြောင်းများ ပေါ့များသလောက် လယ်ယာ၊ ကိုင်မြေများ၊ တောင်စွယ်တောင်တန်းများ ပေါ့များပြီး လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင် စားသောက်ကြသည်။ မရှိဆင်းရဲသားတွေက လယ်ရှင်တွေဆီးမှာ တစ်နှစ်လုံး အငှါးလုပ်မှ စပါးတောင်(၂၀၀)လောက်ပဲရတယ်။ ခေတ်စပါးဈေးနှုန်းအရဆိုရင် ပိုက်ဆံ(၂)သိန်းလောက်ပဲရတယ်။ ထိုင်း၊ မလေး၊ စင်္ကာပူတို့လို့ နိုင်ငံမှာဆိုရင် တစ်လစာ လုပ်အားခလောက်တောင်မရှိဘူး။ အခု မိန့်ကလေး(၃)ယောက်ဆိုတာက အသက်အားဖြင့် (၁၄) (၁၅)အရွယ်။ ၀တ်ချင် ၊ စားချင်တဲ့အရွယ်တွေ။ တစ်နေ့လုံးနေလို့မှ ပိုက်ဆံဝင်ငွေ တပြားမှ မရှိ။ ဒါဆိုရင် သူတို့လည်း ခေတ်စနစ်၏ တောင်းဆိုချက်အရ ရန်ကုန်လို နေရာမျိုးမှာ အလုပ်အကိုင်ရှိမှာပဲ။ ၀တ်ရ စားရမှပဲဆိုပြီး စိတ်ကူးယဉ်တွေနဲ့ မီးကို မမြင်ဘဲ ပိုးဖလံမျိုး မီးကို ထိုးသလိုမျိုးပဲပေါ့။ ဒီလို ဇာတ်လမ်းမျိုးတွေ မရိုးရအောင် ကျေးလက်ဒေသတွေမှာ ရိုးအီနေတဲ့ ဇာတ်လမ်း တစ်ပုဒ်လို ဖြစ်နေတာကြာပြီး။
မိတ်ဆွေ ဆရာဝန်တစ်ဦးက “တခြားနေရာက လစာကောင်းတယ်၊ အလုပ်ပိုကောင်းတယ် ဆိုတဲ့သတင်းတွေက ဆွဲအားကောင်းသလို၊ ကိုယ်လက်ရှိနေတဲ့ဒေသက စားဝတ်နေရေးအတွက် အခက်အခဲ ကြုံလာနေတဲ့ ကိစ္စကလည်း တွန်းအားဖြစ်စေတယ်။ ဒါကြောင့် ရွေ့ပြောင်းနေထိုင် လုပ်ကိုင်ကြမှုတွေ ဖြစ်လာကြတာ။ ဒါကြောင့် ပတ်ဝန်းကျင်မှာ ရွေ့ပြောင်းနေထိုင် လုပ်ကိုင်ကြမယ့်
ဖြစ်နိုင်ခြေရှိတဲ့သူတွေကို ဘေးအန္တရာယ် မဖြစ်အောင်သာ သိသင့်သိအပ်တဲ့ သတင်းအချက်အလက်တွေ ပံ့ပိုးကူညီပေးရမှာပါ။ မဖြစ်သင့်တာတွေမဖြစ်အောင်၊ ဆောင်ရန်၊ ရှောင်ရန်တွေ၊ ဖြစ်ခဲ့ရင်တောင် အကူအညီရနိုင်မယ့် နေရာတွေ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကအစ သိသင့်သိအပ်တာတွေကို သိအောင် လုပ်ပေးထား သင့်ပါတယ်” လို့ ပြောဖူးတယ်။
တစ်ခါတစ်ရံတွင် လူကုန်ကူးခံရသူများ အနေဖြင့် မိမိနေထိုင်ရာ ဒေသရင်း၏ အလုပ်အကိုင်၊ အခွင့်အလမ်း
နည်းပါးမှုကြောင့် ရွှေ့ပြောင်းအခြေချ လုပ်ကိုင်ခြင်းကို တားဆီး ပိတ်ပင်ဖို့ရန် မဖြစ်နိုင်ကြောင်း၊ ဗဟုသုတနည်းပါးမှုပေါ်တွင် အခွင့်ကောင်းယူ၍ လူကုန်ကူးတတ်ကြခြင်းကိုသာ အသိပညာပေးမှုများ လုပ်ပေးရန် တီဗွီ၊ ရေဒီယို၊ သတင်းစာတွေပေါ်မှာ တွေ့ရပေမယ် ကျေးလက်ဒေသဆိုတော့ ဒီပစ္စည်းမျိုးတွေကို ဘယ်လိုလုပ် လက်လှမ်းမှီးနိုင်မှာလဲ။ ဒါကြောင်း အစိုးရဌာနတစ်ချို့ ဆိုပါစို့ - ပညာရေးဌာန၊ ကျန်းမာရေးဌာနတို့က ရပ်ရွာတိုင်းကို ကွင်းဆင်းပြီးတော့ ပြောပြ ဟောပြသင့်ပါတယ်။ (ပေါ်လစီဟန်မပြမဟုတ် လက်တွေ့လည်း လုပ်စေချင်ပါတယ်)
ခုဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်တွေဟာ လူတစ်ဖက်သားက လူကုန်ကူးစေတာ မဟုတ်ပေမယ့် မိမိကိုယ်ကို မိမိ လူကုန်ကူးမိစေတယ်ဆိုတာ ဘယ်လိုမှ ငြင်းချက်ထုတ်၍ ရနိုင်လိမ်မယ် မဟုတ်ပါ။ အဲဒီမှာ ကျနော်က ဖြည့်တွေးလိုက်မိတယ်။ တကယ်လို့ ဒီမြေ ဒီရေမှာ ဒီထက်ကောင်းတဲ့ အလုပ်အကိုင်အခွင့်လမ်းတွေ ဖန်းတီပေးရင် ဒီမြေဒီရေကို ချစ်တတ်တဲ့ ပင်ကိုစိတ် ရိုးသားတဲ့သူတွေကို ဒီနေရာကနေ ဘယ်နေရာသို့မှ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင်း အလုပ်အကိုင် အခွင့်အလမ်းပဲ ဖန်းတီပေးပါ။ ဒီထက် နည်းနည်းကောင်းတဲ့ ဘ၀ကို မျှော်လင့်မိတာတော့ အမှန်ပဲ။ ဒီလိုမျိုး သတင်းဆိုးတွေကို နောက်နောင် မကြုံပါရစေနဲ့လို့ ဆုတောင်းနေမိခဲ့တယ်။
ဝေဟင်အောင်
၁-၈-၂၀၁၃ ရက်၊
ညဥ့် ၉း၃၆ နာရီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment