ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

သမိုင်းကို သက်သေတည်မည့် တောင်ပေါက်ကြီးကျောက်စာ


         ဤတောင်ပေါက်ကြီးကျောက်စာသည် ရခိုင်သမိုင်းတွင် ရှေးအကျဆုံး ကျောက်စာနှစ်ခုထဲမှ တစ်ခုဖြစ်သည်။ တောင်ပေါက်ကြီးကျောက်စာသည် ရခိုင်သမိုင်းတွင် ထေရာဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်မှု၊ ဓည၀တီရခိုင်ပြည်နယ် ဗုဒ္ဓဂေါတမ ရောက်ရှိလာမှုနှင့် စာပေဆိုင်ရာ သင်ကြားလေ့လာနိုင်မှု အဖြစ် ထင်ရှားသည် သက်သေတစ်ခုဖြစ်သည်။
           တောင်ပေါက်ကြီးကျောက်စာကို ဘီစီ(၈)ရာစုမှ (၆)ရာစုကြားအတွင်း ပေါက်ပေါက်ခဲ့သည်ဟု ခန့်မှန်းကြသည်။ ကျောက်စာတွင် ပါဋိဘာသာကို ဗြဟ္မီအက္ခရာဖြင့် ရေးသားထားသော ကျောက်စာဖြစ်သည်။
ဗြဟ္မီအက္ခရာကို ရှေးခေတ် အိန္ဒိယပြည်နယ်နှင့် နယ်နိမိတ်အရ ရေချင်း ၊ မြေချင်းဆက်စပ်နေသည့် ဒေသများတွင် သုံးစွဲခဲ့ကြသည်။ ရှေးခေတ် ရခိုင်ပြည်တွင်လည်း ဗြဟ္မီအက္ခရာသုံးစွဲခဲ့မှုကို သက်သေအထောက်အထားများစွာရှိသည့်အထဲမှ တောင်ပေါက်ကြီးကျောက်စာသည် တစ်ခုအပါအ၀င်ဖြစ်သည်။ ဗြဟ္မီအက္ခရာကို ဗျည်း၊ သရ ခွဲထုတ်လိုက်ပါက ယခုခေတ်သုံး ရခိုင်အက္ခရာ အဆင့်ဆင့်ပြောင်းလဲလာပုံအဖြစ် တွေ့ရှိရသည်။


              ဤကျောက်စာ အထောက်အားဖြင့် ဓည၀တီခေတ်တွင် ရခိုင်တို့သည် စာရေးတတ်၊ ဖတ်တတ်သည်ဟု တနည်း သက်သေပြနေသည်။ ရခိုင်သမိုင်းတွင် ဒဏ္ဍာရီဆန်သော သမိုင်းခေတ်များနှင့် ပုံပြင်ဆန်သော သမိုင်းခေတ်များရှိခဲ့သော်လည်း သမိုင်းကို မှတ်ကျောက်တင်ခံနိုင်သော ခေတ်ကြီးလေးခေတ်ကို ပိုင်ဆိုင်ခဲ့သည်။ ရခိုင်သမိုင်းတွင် ဓည၀တီ (၃)ခေတ်၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ဆိုပြီး ခေတ်(၄)ခေတ် ထွန်းကားခဲ့ရာ တောင်ပေါက်ကြီး ကျောက်စာသည် ဓည၀တီ၏ နောက်ဆုံးခေတ်ဖြစ်သော တတိယဓည၀တီခေတ်တွင် ရေးထိုးထားခဲ့သည့် ကျောက်စာ တစ်ချပ်ဖြစ်သည်။
             ဤကျောက်စာကို ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့မှ မဟာမြတ်မုနိ ဘုရားသို့ သွားရာ တောင်ပေါက်ကြီးကျေးရွာတွင်သဘာဝကျောက်တောင်ပေါ်၌ ရေးထိုးထားသော ကျောက်စာဖြစ်၍ တောင်ပေါက်ကြီး ကျောက်စာဟု ခေါ်ဆိုကြသည်။ ယင်းကျောက်စာကို ၁၉၃၂-၂၂ ခုနှစ် ဧပြီလတွင်းက ဂုဏ်ထူးဆောင် ကျောက်စာဝန်ကြိး ဦးစံရွှေဘုနှင့် တပည့် ဦးဦးသာထွန်း (ရခိုင်-မြန်မာ ပဏ္ဍိတ်)တို့က တွေ့ရှိ၍ ကူးယူခဲ့ကြခြင်းဖြစ်သည်။
ဤကျောက်စာတွင် မြန်စွာဘုရားရှင် ဓည၀တီရခိုင်ပြည်သို့ ကြွချီတော်မူလာသည့် အကြောင်းပါရှိသည်။ ရခိုင်ပြည်သမိုင်းတွင် ဂေါတမ မြတ်စွာဘုရားသည် ဓည၀တီရခိုင်ပြည်သို့ ကြွချီခဲ့ကြောင်းကို ဤတောင်ပေါက်ကြီးကျောက်စာက သက်သေတည်နေသည်ဟု မှတ်သားရပါသည်။
ကျောက်စာ၏ အနက်အဓိပ္ပါယ်ကို ပေးထားသော ပုံတွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။
(ဘာပဲဖြစ်ဖြစ် ရခိုင်သမိုင်းကို စိတ်ဝင်စားသူတွေအတွက်တော့ တစ်ခုခုတော့ အထောက်အကူးဖြစ်ပါလိမ်မယ်လို့ မျှော်လင့်ပါတယ်။)

ကျမ်းကိုး - ရခိုင်အလင်းပြကျမ်း၊ ဆရာကြီး ဦးဦးသာထွန်း အမေအဖြေ။

ဝေဟင်အောင်
၁၈၊ ၈၊ ၂၀၁၃။

2 comments: