ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

မင်းစောမွန် သမိုင်း မရိုင်းရလေအောင်

 
   သမိုင်းဆောင်းပါးတစ်ပုဒ်ကို ရေးမည်ဆိုလျှင် အကိုးအကားပေါင်းမြောက်မြားစွာ လိုအပ်သည်။ ဒေသထုတ် စာပေ ကျမ်းဂန်များကို လေ့လာပြီးမှ ဒေသနှင့် ထိစပ်နေသော ပတ်ဝန်ကျင်ဒေသများမှ စာပေကျမ်းဂန်၊ သုတေသန ပြုချက်များဖြင့် ချိန်နှိုင်းရသည်မှာ သမိုင်းသုတေသီ ဆရာကြီးများ၏ တာဝန်ဖြစ်သည်။ ယခုလည်း “မင်းစောမွန်ကို ဘယ်သူနန်းတင်ခဲ့သလဲ?” မေးခွန် တစ်ခုသည် ကျနော်တို့ ပတ်ဝန်ကျင်တွင် လှုပ်ခတ်နေသည်။ သမိုင်းကို လိမ်ဆယ်ပြီး လိုရာဆွဲသွင်း ၊ လူများ ယုံကြည်အောင် ယုံရုပ်ဆွဲပြနေသော လူအုပ်စုမှ သမိုင်းကို လိုရာဆွဲရေးသားနေသည်ကို တွေ့ရှိရသည်။ သမိုင်းဆိုသည်မှာ မိမိထင်မြင်ချက်ကို ခံစားရေးဖွဲ့သော ၀တ္တုတစ်ပုဒ်မဟုတ်ပေ။ ဤနေရာတွင် ကျနော်သည် ဘင်္ဂလီသမိုင်းသုတေသီများ၏ ကျမ်းကိုး၊ ရခိုင်သမိုင်းသုတေသီများကို ကျမ်းကိုး၊ မြန်မာသုတေသီများ၏ ကျမ်းကိုး၊ မွန်သုတေသီများ၏ ကျမ်းကိုးနှင့် တခြားပြည်ပ သမိုင်းသုတေသီများ၏ ကျမ်းကိုးများကို မှီဂြမ်ထောက်ပြပါမည်။
    သမိုင်းကို မှတ်ကျောက်တင်ရာတွင် သမိုင်းရာအချို့က ရခိုင်ဘုရင် မင်းစောမွန်အကြောင်းကို ဘင်္ဂလားပြည်သို့ သွားရောက် ခိုလုံခဲ့သည် တစ်ဖက်နှင့် သွာရောက် မခိုလုံခဲ့ဟု တစ်ဖက်နှင့် အပြန်အလှန်ရေးသားနေကြသည်။ ဤနေရာတွင် ခေတ်ပြိုင်ဖြစ်သော သမိုင်းသုတေသီတို့၏ အမြင်များကို သုံးသပ်နိုင်အောင် တင်ပြပေးမည်။


    ရခိုင်သမိုင်းတွင် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ဆိုပြီး ခေတ်လေးခေတ် ထွန်းကားခဲ့သည်။ ထိုအထဲတွင် မင်းစောမွန်သည် လေးမြို့ခေတ်ဖြစ်သော ပဉ္စမြို့တော်၊ ပရိတ်မြို့တော်၊ ခြိတ်မြို့တော်၊ ဒုတိယ ပဉ္စာမြို့တော်၊ လောင်းကြက်မြို့တော် ဟူ၍ မြို့ပြနိုင်ငံများထွန်ကားခဲ့သည်။ မင်းစောမွန်သည် လေးမြို့ခေတ်၏ နောက်ဆုံးမြို့ဖြစ်သော လောင်းကြတ်မြို့တော်ကို နောက်ဆုံးစို့စံခဲ့သော မင်းတစ်ပါးဖြစ်သည်တင်မက မြောက်ဦးခေတ်ကို တည်ထောင်ခဲ့သော မင်းတစ်ပါးဖြစ်သည်။

မင်းခရီ(နရနု)
-----------
မြောက်ဦးခေတ်၊ မင်းစောမွန်အကြောင်းကို လေ့လာမည်ဆိုလျှင် ညီတော် မင်းခရီ(နရနု)အကြောင်းကို မပါမပြီးပေ။ “... အဘတူ အမိကွဲ ညီတော် နရနုမင်းသားကို သံတွဲမြို့စားအရာကို ပေး၍ သံတွဲမြို့၌ ထားတော်မူသည်”ဟု ဆိုသည်။ “အစ်ကိုကြီး အဖရာ”ဆိုသကဲ့သို့ မင်းခရီသည် မင်းစောမွန်အား ဖခင်တစ်ဦးကဲ့သို့ သဘောထားသည်ကို တွေ့ရှိရသည်။ မင်းခရီသည် ကစ္ဆနဒီအနောက်မြောက်အရပ် (ကျောက်တော်နယ်) အသယသူကြီးဌေး၏ သမီးနှင့် လက်ထပ်ပြီး သံတွဲမြို့ကို အပိုင်စားရခဲ့သည်။

“လောင်းကြတ်မြို့ ပျက်စီးရပုံ”
-----------------------------
    မင်းစောမွန်(နရနု)သည် ဘုရင် ရာဇသူ(AD 1397-1401)၏ သားတော်ဖြစ်သည်။ ခမည်းတော်နတ်ရွာစံသောအခါ ဘထွေးတော်(ရာဇသူ၏ ညီတော်)သိင်္ဂသူ(AD 1401-1404)က ထီးနန်းကို ဆက်ခံသည်။ ဘုရင် သိင်္ဂသူသည် လုပ်ကြံခံရပြီး မင်းစောမွန်က ထီးနန်းကို ဆက်ခံခဲ့သည်။ မင်းစောမွန် နန်းတက်ပြီးနောက် နှစ်နှစ်မြောက်ထဲတွင် ဒါးလက်အမတ် အနန္တသိန်း၏ နှမ စောပုညို မြင်တော်မူလေလျှင် သူမ၏ လင်ကို ခွါစေ၍ သိမ်းယူလေသည်။ စောပုညို၏ အစ်ကို အမတ်ကြီး အန္တသိန်းက “ဤမင်းကား မင်းဖြစ်ကာမျှရှိသေးသည် ငါတို့၏ မှူးမတ်တို့၏ မျက်နှာကို ဖျက်ခဲ့ပြီ။ ကာလာကြာရှည်လာသော် မည်သို့ရှိမည်နည်းအံ့”ဟု အမျက်ထွက်ကာ အင်းဝဘုရင် ပထမမင်းခေါင်းကို စစ်ပန်စေလွတ်စေလိုကြောင်း၊ မင်းခေါင်း၏ သားမင်းရဲကျော်စွာက စစ်ကြောင်းချီကာ လောင်းကြတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်သောကြောင်း မင်းစောမွန်သည် ဘုရင်ဖြစ်ပြီး (၂)နှစ်ကြာ “အနောက်သူရတန်ပြည်သို့ ထွက်ပြေးရကြောင်း” ရခိုင်ကျမ်းစာဟောင်းတို့တွင် မှတ်တမ်းတင်ထားခဲ့သည်။
    “အနောက်သူရတန်ပြည်သို့ ထွက်ပြေးရကြောင်း”ကို ရခိုင်ဒေသထုတ် ဒိုးဝေရာဇ၀င်၊ ဆရာငမည်း ရခိုင်ရာဇ၀င် (ပျာသတ်ရာဇ၀င်)နှင့် ရမ်းဗြဲမြို့ တောင်ကျောင်းဆရာတော် စန္ဒမလာ လင်္ကာရ၏ ရခိုင်ရာဇ၀င်သစ်ကျမ်း၊ ဓည၀တီကျမ်းတို့တွင် ဖော်ပြခဲ့သည်။ သို့သော် ဒေသထုတ် ကျမ်းဂန်တို့တွင်လည်း ကွဲလွဲချက်များရှိနေသည်ကို တွေ့ရှိရသည်။ လောင်းကြတ်မြို့ကို အင်းဝမြန်မာတပ်များလာရောက် တိုက်ခိုက်သောကြောင်း မင်းစောမွန်မှာ အနောက်အရပ်သို့ ခိုလုံခဲ့ရသည်။ ဒိုးဝေရာဇ၀င်တွင် “အနောက်ဘင်္ဂါ ၁၂ မြို့သို့ ပြေးကြောင်း”၊ ရာဇ၀င်သစ်တွင် “အနောက်ပြည်သို့ ပြေးကြောင်း” ဓည၀တီရာဇ၀င်သစ်တွင် “အနောက်သူရတန်ပြည်”၊ ဆရာငမည်းရာဇ၀င်တွင် “မင်းစောမွန် အနောက်ပြည်သို့ပြေးကြောင်း” မှတ်တမ်းတင်ထားခဲ့ကြသည်။
    မြောက်ဦးခေတ် ရခိုင်ပြည်၏ အစောဆုံး ရခိုင်ရာဇ၀င်ဟု ဆိုနိုင်သော“ ရခိုင်မင်းသမီးဧခြင်း”တွင် “မင်းစောမွန်လျှင်၊ ထရန်တထောက်၊ ကျိန်းခန်းလျောက်ဖြင့်၊ နောက်သူရတန်၊ ပဌာန်းမင်းနေ ပြေးရှာချေ၍”ဟု ဖွဲ့ဆို ထားသည်။ ကျမ်းအသီးသီးကို၌ အဆိုတစ်မျိုးစီဖော်ပြကြချက်ကို ချုပ်ကြည့်လျှင် “မင်းစောမွန် အနောက်အရပ်သို့ ပြေးသည်”ဆိုသော ယေဘုယျအချက်တွင် သွားတူသည်။ သို့သော် မည်သို့ အရပ်သို့ ပြေးခဲ့သည်ကိုကား ကျမ်းအစောင်စောင်တို့တွင် ကွဲလွဲနေသည်။ သူရတန်မင်းနေပြည်ဟု ဆိုထားသော်လည်း မည်သည့်မင်း၊ မင်းသည့်အရပ်ကိုကား ကွဲလွဲနေကြပြန်သည်။  (သူရတန်ဆိုသည်မှာ စူလတန်(Sultan)= မင်းသား၊ ဘုရင်ဟုရသည် စကားဖြစ်ပြီး (AD-1002) ခုနှစ်တွင် သုံးစွဲခဲ့သည်)။ ကဲ.. နောက်ဆက်ပြီး ရခိုင်ရာဇ၀င်တို့တွင် မည်ကဲ့သို့ရေးသားတင်ပြထားသည်ကို ဆက်ကြအုံ့စို့။

“မင်းစောမွန်ကို ထီးနန်း ပြန်အပ်သည့် ကျမ်းဂန်တို့အဆို”
-----------------------------------------------------
    #(၁)ဦးစံရွှေဘုနှင့် ကာလစ်တို့ကလည်း “မင်းစောမွန်သည် ၁၄၀၆ ခုနှစ်တွင် ဘင်္ဂလားစူလတန်၏ မြို့တော် ဂေါရ်(Gaur)သို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်း၊ ....... ၁၄၃၀ တွင် ဘင်္ဂလား ဘုရင် နဇီသျှား(Nazir Shah) က မင်းစောအား ထီးနန်းပြန်တင်ပေးခဲ့ကြောင်း၊ ယင်းခေတ်တွင် ခေတ်စားနေသော နဇီသျှား၏ ဒင်္ဂါးပုံစံကို အတုယူ၍ မြောက်ဦးခေတ် ဒင်္ဂါးကို ခတ်နှိပ်ကြောင်း၊ ရခိုင်ပြည်သည် ၁၄၃၀ မှ ၁၅၃၀ ထိနှစ်ပေါင်း ၁၀၀ အတွင်း ဘင်္ဂလား အခွန်ဆက်သရာ နယ်မြေဖြစ်ခဲ့ကြောင်း” ဖော်ပြထားသည်။
    #(၂) ဆရာငမည်း၏ ရခိုင်ရာဇ၀င်တွင် “သူရတန်မင်းက ပထမအကြိမ် ဗိုလ်ချုပ် ဥလုံခင်ကို ကုလားစစ်တပ်ဦးစီးအဖြစ် တာဝန်ပေးစေလွတ်ပြီး မင်းစောမွန်အား နန်းတင်စေကြောင်း၊ ထိုဗိုလ်ချုပ် သစ္စာဖောက်သောကြောင်း မင်းစောမွန် အချုပ်ခံရကြောင်း၊ ရခိုင်သားတို့က မင်းစောမွန်အား ကယ်တင်၍ သူရတန်ပြည်သို့ ပြေးကြောင်း၊ ထပ်မံအကူအညီတောင်းကြောင်း၊ ဆတျာခတ်နှင့် ရာဇာမဏိတို့ကြောင်း ထီးနန်းကို ပြန်ရကြောင်း” ဖော်ပြထားသည်။
    ဆက်လက်ပြီး ဆရာငမည်း၏ ရခိုင်ရာဇ၀င်တွင် “ မင်းစောမွန်သည် သူရတန်ဘုရင်ထံခိုလုံနေစဉ် ဒေလီဘုရင်နှင့် စစ်ဖြစ်ပွားသောအခါ ထူးချွန်စွာ ကူညီခဲ့ပုံ၊ ဒေလီဘုရင်၏ နွားခန့်ကြီးသော ခွေးတပ်ကို သံဆူးခွပါသော အမဲသားတစ်ကျွေးအောင်နိုင်ပုံ၊ ဒေလီမြို့တော်ကို ၀န်းရံထားသော ၀ါးတော်များ၌ မင်းစောမွန်က ဒင်္ဂါးများ သွားကြဲခိုင်းကြောင်း၊ ဒင်္ဂါးလိုချင်သူရွာသားများက ၀ါးတောကို ခုတ်ထွင်းရှင်းလင်းရှာဖွေခဲ့ကြကြောင်း၊ ၀ါးတောရှင်းသွားပြီး သွားရောက် စစ်ထိုးအောင်မြင်ခဲ့ကြောင်း”ကို စီကာပတ်ကုံး သရုပ်ဖော်ထားသည်။
    #(၃)ရမ်းဗြဲမြို့ တောင်ကျောင်းဆရာတော် စန္ဒမလာ လင်္ကာရ၏ ရခိုင်ရာဇ၀င်သစ်ကျမ်းတွင် “ သက္ကရာဇ် (၁၄၀၇)တွင် မြန်မာတပ်များသည် ချီတက်လာ၍ တိုက်ကြောင်း၊ အမတ်မောင်ခွင်နှင့် မင်းခရီတို့သည် ရှုံး၍ မောင်ခွင်လည်း တလိုင်းပြည်သို့ပြေးကြောင်း၊ မင်းခရီလည်း ကစ္ဆပနဒီမြစ်ညာသို့ပြေး၍ သူဌေးအသေယထံခိုကပ်ပုန်းလျှိုးနေကြောင်း၊ သူဌေးက မိမိသမီးနှင့် ထိမ်းမြားကြောင်း၊ သူဌေး၏ အကူအညီဖြင့် စွမ်းရည် သတ္တိရှိသော သူတို့ကို ရရှိကြောင်း၊ ကုလားဗိုလ်ချုပ် ဥလုံခင်၏ ဖမ်းဆီချုပ်နှောင်ခြင်းခံရသော အစ်ကို မင်းစောမွန်အား ကယ်ထုတ်ကြောင်း”ဆိုသည်။
    #(၄)၁၂၈၈ ခုနှစ်၁၉၂၇ ခုနှစ်ထိ ပုံနှိပ်ထုတ်ဝေခဲ့သော ဦးသာထွန်အောင်၏ “ရခိုင်မဟာရာဇ၀င်ကြီးတွင် “နရနု(မင်းစောမွန်)မင်းက ဒီလီမြိုကတော် ရုံပါသျှာမင်းထံ အကူအညီတောင်၍ ကုလားတပ်သား(၁၀၀၀၀) တစ်သောင်းဖြင့် ရခိုင်ပြည်ချီလာကြောင်း၊ ညီတော် သံတွဲစား နရမိတ်လှ(နရနု)လည်း စစ်သည်အင်အား (၁၀၀၀၀)တစ်သောင်းဖြင့် လာရောက်ပူပေါင်းပြီး မွန်တို့အား မောင်းထုတ်ကြကြောင်း၊ နရနု(မင်းစောမွန်)ကို လောင်းကြတ်မြို့တော်တွင် နန်းတင်ကြောင်း မင်းစောမွန်သည် ရုပ်ပါသျှာမင်း၏ လက်အောင်ခံအဖြစ် ကောဇာသက္ကရာဇ် ၇၆၈တွင် လောင်းကြတ်မြို့တော်တွင် ဆက်လက်စိုးစံကြောင်း” ဖော်ပြထားသည်။
    #(၅)စန္ဒ၀ိမလ (၁၇၇၇) အမတ်တော်ရွှေစာဘတ် ရေးသည်ဟု ထင်ရသော မြောက်ဦးခေတ် မင်းရာဇာကြီး စာတမ်းတွင် “ ပထမအကြိမ်၌ ကုလားတပ်သား (၁၂၀၀၀)တစ်သောင်းနှစ်ထောင်ဖြင့် ခုလုံခင်ဗိုလ်ချုပ်က မြန်မာတပ်အား တိုက်ခိုက်ကြောင်း ၄င်းဗိုလ်က နရမိတ်လှ(မင်းစောမွန်)အား နန်းမတင်ဘဲ အကျဉ်းချထား၍ ကိုယ်တိုင်အုပ်ချုပ်ကြောင်း၊ ညီတော် သံတွဲစား နရနုက နောင်တော်အား ခိုးယူ၍ ဒီလီမင်းထံ ပို့ကြောင်း၊ ဒီလီမင်းက အင်အား တစ်သိန်းနှင့် ထပ်မံချီတက်ပြီး ဥလုံခင်ကို စီရင်ကာ နရမိတ်လှ(မင်းစောမွန်)အား လောင်းကြတ်တွင် နန်းတင်ကြောင်း” ဖော်ပြထားသည်။    
    ဤသို့ဆိုလျှင် ရခိုင်ရာဇ၀င် ဆရာကြီးများ၏ ကျမ်းများတွင် ဖော်ပြချက်များကို သိရှိလိမ့်မည်ဖြစ်သည်။ ဤနေရာတွင် သမိုင်းဆိုင်ရာ ရှင်းလင်းချက်များဖြစ်သည့် မြန်မာ၊ ရခိုင်၊ ဘင်္ဂလား၊ အိန္ဒိယသမိုင်းတို့ကို လေ့လာပါအုံမည်။

မင်းစောမွန် ဘယ်မှာလဲ?
----------------------
    ရခိုင်သမိုင်း ဒင်္ဂါသူတေသီ ဦးစံရွှေဘုနှင့် သုတေသီ ကောရစ်ကောလစ်တို့မှလည်း မြောက်ဦးသမိုင်း အစောပိုင်းတွင် မည်သည့် ဘုရင်မှ ဒင်္ဂါမထုတ်လုပ်ပေဟု တစ်ပြိုင်တည်းကောက်ချက်ချခဲ့သည်။ (မင်းစောမွန်သည် မြောက်ဦးခေတ်ကို တည်ထောင်သော ပထမဦးဆုံး နန်းတည်ဘုရင်တပါးဖြစ်သည်။ )
    မြန်မာ-ပဲခူး-ရခိုင် ဒင်္ဂါးသုတေသီ ဖေယာနှင့် မီချီနာ(Mitchiner)တို့၏ ဒင်္ဂါးသမိုင်းဆိုင်ရာ စာအုပ်များတွင် ရခိုင်ပြည် မြောက်ဦးခေတ်အစောပိုင်းကာလများတွင် ထုတ်လုပ်ခဲ့သော ဒင်္ဂါးများကို မတွေ့ရပဲဖော်ပြထားသည်။
    မြန်မာ-ပဲခူး-ရခိုင် ဒင်္ဂါးသုတေသီပြုပြီး စာအုပ်ထုတ်ဝေခဲ့သည့်အပြင်  ရခိုင်သမိုင်းကို အစောဆုံး လေ့လာခဲ့သည် ပြည်ပသုတေသီထဲမှ ဖေယာ မြန်မာသမိုင်း(History of Burma)ဘာသာပြန်ဆိုသူသည် “ဦးငမည်းရာဇ၀င်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ခဲ့သော်လည်း သူထင်မြင်ချက်ကို နောက်ဆုံးတွင် သူလေ့လာဖူးသည် ဘင်္ဂလားသမိုင်းထဲတွင် မင်းစောမွန်နှင့် ပတ်သတ်ပြီး တစ်လုံး တစ်ပါဒမှ မဖတ်ဖူးကြောင်း”ကို ထည့်ရေးခဲ့သည်။   
    ဖေယာမှ ဆက်ပြီး “ထိုအချိန်မှာ ဘင်္ဂလီဘုရင်သည် ဒေလီနှင့် စစ်မဖြစ်ပွားခဲ့ကြောင်း၊ ဘင်္ဂလီ(ဂေါရ်)ဘုရင်ကို စစ်ကျူးကျော်လာသူမှာ ဂျန်ပူ(Jounpoor)ဘုရင် အင်ဗရာဟိန်း(Ibrahin)ဖြစ်ကြောင်း၊ ဂျန်ပူ(Jounpoor)ဘုရင်က စစ်နိုင်ပြီး (ဂေ့ရ်)မြို့တော်မှာ စစ်သုံးပန့်များ အမြောက်အမြား ဖမ်းယူသွားကြောင်း၊ ဘင်္ဂလာသမိုင်းတို့တွင် ရေးထားသည်”ဟု ဖော်ပြထားသည်။
    ရခိုင်သမိုင်းပါရဂူ ဂျက်လိုင်ဒါ(Leider.J.P)ကလည်း “အိန္ဒိယတွင် ရခိုင်ဘုရင်မည်မျှကြာကြာနေထိုင်ခဲ့သည်ကိုမူ ဘာမျှ မသိရချေ။ အခြားရိုးရာများနှင့် နှိုင်းယှဉ်မှုတစ်ခု မပြုလုပ်နိုင်သည့်တိုင် ဤရှေးရိုး၏ ဖြစ်နိုင်ဖွယ်ရာ မရှိခြင်းကိုလည်း အလွယ်တစ်ကူမြင်တွေ့နိုင်သည်။ ဒေလီမြို့တွင် နေထိုင်လျှက်ရှိသော ရူပါရှား(အပုဒ်-၄ တွင်ပါဝင်)ဟု ဖော်ပြသည့်အတွက် ဒေလီကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက်ဆုံး စူလတန် တားခလား (Tughluq) မင်းဆက် နာဆီယာအုဒင်မာမတ် (Nasir-ud-din Mahmud)နှင့် သူဝန်ကြီး မလုအီကဗာ (Malu Iqbal) တို့သည် သူတို့၏ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် အခြေအနေကို မရှိချေ”ဟု ထောက်ပြသည်။
    ဂျက်လိုင်က “မင်းစောမွန်သည် ဒင်္ဂါးတံဆိပ်နှင့် ကုလားဘွဲ့ခံယူသည် ဆိုသည့်ဟု ကတိစကားကို ဖော်ပြထားသည့် ဆရာငမည်းရာဇ၀င်ဖော်ပြချက်ကို ဒင်္ဂါးထုတ်သည်ကိုကား လုံးဝ လက်မခံချေ။ ကုလားဘွဲ့ခံယူသည်ကိုကား လက်ခံသည်”ဟု ဖော်ပြထားပြီး ဦးငမည်းရေးသားချက်ကို ပယ်ချခဲ့သည်။
    နောက်ဆုံးတွင် သူက“.....................မည်သည့် ဘင်္ဂလားသမိုင်းအထောက်အထားကမျှ (Ghiyas Ud din Azem Shah(1389-1041)က မင်းစောမွန်ကို စစ်ရေးအကူအညီပေးခဲ့သည်ဆိုသော အချက်ကို အတည်မပြုပေ” ဟု သူ စာတမ်းတွင် ကောက်ချက်ချထားပါသည်။
    “မင်းစောမွန်၏ ဇာတ်လမ်းသည် သံသယများစွာဖြင့် လွှင့်ပစ်ရမည် ဇာတ်လမ်းသာဖြစ်သည်”ဟု ဦးငမည်း ရာဇ၀င်ကို ထောက်ပြခဲ့သည်။
    တဖန် ဘင်္ဂလားသမိုင်းသုတေသီ S.MAli က “သူရမန်နေပြည်တော်တွင် ခစားနေသည်ဆိုသည်မှာ မရေရာ မသေချချေ”ဟု ထောက်ပြထားသည်။ ထို့ပြင် “မင်းစောမွန်အား နန်းတင်သူ နာဆီယာအုဒင်မာမတ်(Nasir-ud-din Mahmud)မှာ ၁၄၄၂ ခုနှစ်တွင် ထီးနန်းမတတ်သေပေ”ဟု ထောက်ပြခဲ့သည်။
    ဘင်္ဂလား သမိုင်းကို လေ့လာနေသော ဟာဘီဘူလာ(Habibullab) A.B.M က ၁၉၄၅ ခုတွင် မင်းစောမွန် ကိစ္စကို ဘင်္ဂလား သမိုင်းနှင့် ညှိ၍ စီစစ်သုံးသပ်ပြခဲ့သည်။ သူ့တင်ပြချက်၌“ဘင်္ဂလား သြာဇာလွှမ်းမိုးခြင်းအထောက်အထားများဟူ၍ တစုံတရာမျှ မရှိပါ”ဟု ဖော်ပြထားသည်။
    မျက်မှောက်ခေတ် သမိုင်းသုတေသီ ပါမောက္ခ ဆာရာဂျူဒင်ကလည်း “ဒင်္ဂါများ ထုတ်ထုပ်ခဲ့ခြင်းသည် အချုပ်အချာအာဏာပိုင်ခြင်း၏ အမှတ်အသားဖြစ်သည်။ ရခိုင်ဘုရင်များက သူတို့ ထီးနန်း ဆက်ခံစဉ်၌ မူဆလင်အမည်နှင့် ဘွဲ့များခံယူခြင်း၊ ထိုအမည်များကို အာရေဗီနှင့် ဘင်္ဂါလီစာများဖြင့် ဒင်္ဂါးများပေါ်တွင် ရေးထိုးခပ်နှိပ်ခြင်းစသော အချက်များသည် တိုက်ဆိုင်မှု တစ်ရပ်မဟုတ်။ ဘင်္ဂလားဒေသအား အုပ်စိုးထားနိုင်ကြောင်း ပြလိုသော ရည်ရွယ်ချက်ဖြင့် အထက်ပါအချက်များကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဤဘုရင်များသည် ဒင်္ဂါထုတ်လုပ်ကြခြင်းမှာ ဘင်္ဂလား စစ်တကောင်းအပေါ် သူတို့၏ အချုပ်အခြာအာဏာ သက်ရောက်ကြောင်း ခိုင်မာအောင် ပြုလုပ်ထားခြင်းဖြစ်သည်”ဟု ဖော်ပြထားလေသည်။
    ဒါဆိုလျှင် မင်းစောမွန် ဘယ်ကိုရောက်နေသလဲ။ အနီးစပ်ဆုံးဖြစ်တဲ့ အင်းဝမြန်မာနှင့် မွန် ဟံသာဝတီတို့ တိုက်ပွဲကို လေ့လာကြည့်ရအောင်။

“မြန်မာသမိုင်းက ပြောသော မင်းစောမွန်“
---------------------------------
    မင်းရဲကျော်စွာ ဦးဆောင်သော အင်းဝမြန်မာတပ်များ လောင်းကြတ်မြို့ကို လာရောက် တိုက်ခိုက်သောအခါ မင်းစောမွန်သည် ကြံကြံခံ ခုခံခဲ့သော်လည်း နောက်ဆုံးတွင် စစ်ရှုံးပြီး မင်းစောမွန်သည် အနောက်အရပ်သို့ ထွက်ပြေးခဲ့ရသည်။ သက္ကရာဇ် ၇၈၆၊ နတ်တော်လဆုတ်(၅)ရက် စနေနေ့တွင် အင်းဝမြန်မာတို့လက်ထဲကို ကျရောက်ခဲ့သည်ဟု မှတ်တမ်းများတွင် တွေ့ရသည်။ ရခိုင်ရာဇ၀င်များနှင့် ခေတ်ပြိုင် မြန်မာရာဇ၀င်၊ ရာဇဓိရာဇ် အရေးတော်ပုံကျမ်းများတွင် တွေ့ရှိရသည်။ ညီတော် မင်းခရီသည်လည်း လောင်းကြတ်မြို့ ကျဆုံးသောအခါ မွန်ဘုရင် ရာဇာဓိရာဇ် ထံ ခိုလှုံလေသည်။ ထိုကာလသည် မွန်-မြန်မာ နှစ်(၄၀) စစ်ပွဲ ခင်းနေကြတုန်းအချိန် ဖြစ်သည်။အင်းဝနှင့် ဟံသာဝတီတို့၏ ဧကရာဇ်နယ် သြဇာခံနယ်မြေထူထောင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလျှက်ရှိသည်။
    မင်းခရီသည် မွန်ဘုရင် ရာဇာဓိရာဇ်ထံ ခိုလှုံပုံကို ဓည၀တိအရေးတော်ပုံကျမ်းတွင်လည်း “ အင်းဝမင်းက သမတ်တော် နော်ရထာနှင့် သမီးရွှေပြည့်ချမ်းသာကို လောင်းကြတ်မြို့နန်းတွင် တင်ထားစဉ် ပြည်သူတို့ကို ညှင်းပန်းအုပ်ချုပ်သောကြောင့် သံတွဲစားနရနုက ပဲခူးမင်းရာဇာဓိရာဇ်ထံဝင်ကြောင်း၊ လောင်းကြတ်၌ ဖြစ်ပျက်ပုံကို လျှောက်တင်သောအခါ ရာဇာဓိရာဇ်က အင်းဝနိုငဟူသော အမတ်ကို ဗိုလ်ချုပ်ခန့်၍ ရဲမက် လေးသောင်းနှင့် ချီသွားတိုက်ခိုက်စေကြောင်း” ဆိုထားသည်။ ဤအချက်ကို ရခိုင်ရာဇ၀င်ကျမ်းတော်တော်များက လက်ခံ ဖွင့်ဆိုထားကြသည်။
    ဤနေရာတွင် မွန်ဘုရင် ရာဇာဓိရာဇ်နှင့် မင်းခရီတို့ အပြန်အလှန်ကျေးဇူရှိကြသည်ကို ကျောက်စာတစ်ချပ်ကို တွေ့ရသည်။ ဤကျောက်စာကို ကိုးကားပြီး ဆရာကြီးဒေါက်တာအေးချမ်းမှ သူ၏ မဟာ ၀ိဇ္ဇာဘွဲ့ယူစာတမ်းတွင် ဓာတ်ပုံပါအတိုင်းအဓိပ္ပါယ် ဖွင့်ထားသည်။(ဤနေရာတွင် ကျနော်မရေးတော့ပါ။ စာရှည်မည်စိုးသောကြောင်း)
    ဤသို့ဖြင့် အင်းဝနှင့် ဟံသာဝတီတို့သည် ရခိုင်စစ်မြေပြင်တွင် နှစ်ပေါင်း (၂၀)ကြာ တိုက်ပွဲဖြစ်ပွါးခဲ့ကြသည်။ သူတစ်ချီ၊ ကိုယ်တစ်လှည့်ဖြင့် စစ်မက်ဖြစ်ပွားခဲ့ကြသည်။ ဤနေရာတွင် ဦးကုလား၏ မဟာရာဇ၀င်ကြီးတွင် မင်းစောမွန်အား “ထောရာကြီး ” ၊ မင်းခရီကို “နရမိတ်လှ”ဟူ၍ သုံးစွဲထားသည်။
    နိုင်ပန်းလှ၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းတွင် “ဘုရင်မင်းခေါင်သည် ရခိုင်မြို့ကို လုပ်ကြံလျှင် ရခိုင်စားမခံ၍ ဖငါမြို့သို့ပြေးသည်။ ........ ရခိုင်မြို့ကို ဘုရင်မင်းခေါင်ရလျှင် သမက်တော် ကာမဏိအား အစောင့်ထားသည်။ သံတွဲသို့ ပြေးသော နရမိတ်လှတို့ကိုလည်း ရအောင် လိုက်ဖမ်းရန် မိန့်၏။ .......ရခိုင်မြို့တွင် ကာမဏိနှင့် ဘုရင်မင်းခေါင်း၏ သမီးတော် စောပြည့်ချမ်းသာနေကြသည်။ ... သံတွဲတွင်ရှိသော ရခိုင်မင်း၏ သားတော် နရမိတ်လှသည် သံတွဲ၌ မနေ၀ံ့၊ ပုသိမ်၌ ရာဇာဓိရာဇ်ရှိသည်ကိုကြားလျှင် ပုသိမ်သို့ကူး၍ ရာဇာဓိရာဇ်ထံခစားသည်။ ထို့နောက် ရခိုင်ကို လုပ်ကြံရန် တပ်ကြီးနှစ်တပ်ဖွဲ့စည်းတော်မူသည်။”ဟု ရေးထားသည်။
    မြန်မာတို့၏ မှန်နန်းရာဇာဝင်တွင် “နတ်လှေတစ်စင်းနှင့် ကုလားပြည်သို့ ထွက်ပြေးသည်”ဟုလည်းကောင်း၊ မွန်တို့၏ ရာဇာဓိရာဇ်အရေးတော်ပုံတွင် “မွန်တပ်က ကုလားပြည်သို့ပြေးသည့် နရမိတ်လှကို ခေါ်ယူ၍ ရခိုင်မြို့၌ နန်းတင်ကြောင်း” တွေ့ရသည်။ ကုလားပြည်ကို ပြေးသည်ဟု ဆိုထားသော်လည်း မည်သည့်အရပ်၊ မည်သည့်ဒေသသို့ ပြေးသည်ကိုကား ဖော်ပြထားသည်ကို မတွေ့ရပေ။
    ဤကိစ္စနှင့် ပတ်သတ်ပြီး ရခိုင်ရာဇာဝင်များကို စီစစ်ကြည့်သောအခါ ရခိုင်ရာဇာဝင်သစ်ကျမ်းတွင် “ သက္ကရာဇ် (၁၄၀၇)တွင် မြန်မာတပ်များသည် ချီလာ၍ တိုက်ကြောင်း၊ အမတ်မောင်ခွင်နှင့် မင်းခရီတို့သည် မောင်ခွင်လည်း တလိုင်းပြည်သို့ပြေးကြောင်း၊ မင်းခရီလည်း ကစ္ဆပနဒီမြစ်ညာသို့ပြေး၍ သူဌေးအသေယထံ ခိုကပ်ပုန်းလျှိုနေကြောင်း၊ သူဌေးက မိမိသမီးနှင့် ထိမ်းမြားကြောင်း၊ .... သူဌေး၏ အကူအညီဖြင့် စွမ်းရည်သတ္တိရှိသော သူတို့ကိုရရှိကြောင်း၊ ကုလားဗိုလ်ချုပ် ဥလုံခင်၏ ဖမ်းဆီချုပ်နှောင်ခြင်းခံရသော အစ်ကို မင်းစောမွန်အား ကယ်ထုတ်ကြောင်း”ဆိုထားသည်။
    ရခိုင်ရာဇ၀င်သစ်ကျမ်းတွင် “ကစ္ဆပနီမြစ်ညာ”ဟု အတိအကျပြောထားပြီး “ကုလားပြည်”နှင့် တိုက်ကြည့်လိုက်လျှင် အသေယသူဌေးနေရာ ကျောက်တော်မြို့နယ်နှင့် ဆက်စပ်လျှက်ရှိသော ဖငါမြို့(ပန်းဝါ)မြို့သာဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်သည်။ ပန်းဝါ(ရာမူ)မြို့သည် ကျောက်တော်မြို့နယ်ထိပ်ဖျားပိုင်နှင့် ဆက်စပ်လျှက်ရှိသည်။
    “ဒုတိယအကြိမ် မင်းခရီသည် ကစ္ဆပနဒီမြစ်ညာပိုင်မှ ယောက္ခတော် အသေယသူဌေး၏ အကူးအညီယူကာ စွမ်းရည်သတ္တရှိသော သူများဖြင့် လောင်ကြတ်မြို့ ချီတက် တိုက်ခိုက်ပြီး အင်းဝမြန်မာများကို တိုက်ခိုက်ပြီ နောက်ဆုံး လောင်းကြတ်မြို့ကို ရရှိလေသည်”ဟု ရခိုင်ရာဇ၀င်သစ်ကျမ်းတွင် ဖော်ပြထားသည်။ ဆက်လက်ပြီး “မင်းခရီ(နရနု)မင်းလည်း နောင်တောင်နရမိတ်လှရှိရာသို့ လူစေလွှတ်၍ လျှောက်စေသော် နောင်တော်ချီလာခဲ့၍ သက္ကရာဇ် ခုနှစ်ရာ့ ကိုးဆယ့်သုံးခုတိုင်ရောက်မှ ထီးနန်းရမြဲရပြန်လေရာ သားတော်များကို အိမ်ရှေ့မပေး၊ ညီတော် နရနုကို အိမ်ရှေ့နှင်းတော်မူသည်”ဟု ဆိုထားရာ မြန်မာတို့အား ရခိုင်ပြည်မှ အပြီးတိုင် မောင်းထုတ်ခဲ့ပြီး အစ်ကို မင်းစောမွန်ကို လောင်ကြတ်၌ နန်းတင်ခဲ့သည်ဟု ဆိုထားသည်။
    ဤနေရာတွင် သမိုင်းကောက်ကြောင်းအဖြစ် မင်းစောမွန်သည် ဂေါ့မြို့သို့ ထွက်ပြေးသည်ဆိုလျှင် မိုင်ပေါင်း ထောင်ချီဝေးသော ခရီကို မည်သို့ ပြေးခဲ့သနည်း။ တောအထပ်ထပ် တောင်အထပ်ထပ် ထူးထပ်သော ခရီးကို ကုန်ကြောင်း၊ ပင်လယ်ကျယ်ကို ဖြတ်၍ ရေကြောင်းလောဟု သုံးသပ်ကြည့်နိုင်သည်။ ဤအမေးတစ်ချက်တည်းဖြင့် နိုင်ငံတကာ သမိုင်းသုတေသီတို့ ဆိုလိုရင်းတို့နှင့် ခိုင်းနှိုင်းပြီး အနီစပ်ဆုံးမှာ ပန်းဝါ(ရာမူ)မြို့သည် ဖြစ်နိုင်ခြေအများဆုံးဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။
    နောက်ထပ် သတိပြုစရာမှာ ရခိုင်ကျမ်းအစောင်စောင်တို့ဖော်ပြချက်တွင် စစ်သားအင်းအားမှာ တစ်ချို့ကျမ်းတွင် (၁၀၀၀)နှင့် တစ်ချို့ကျမ်းတွင် (၁၂၀၀၀)ဟူ၍ လည်းကောင်း၊ တခြားသော အထောက်အားမဲ့ စာများတွင် (၅၀၀၀၀)ဟု ဆိုထားရာ မသေချာ မရေရာသည်ကိုလည်း အထက်တွင် တွေ့ခဲ့ရသည်။ ၄င်းအပြင် မင်းစောမွန်သည် ကုလားတပ်ဦးကို ဦးဆောင်ပြီး တလိုင်း(မွန်)တို့အား တိုက်ထုတ်ကြောင်းသည် လုံးဝ ဖြစ်နိုင်ချေ နည်းပါးသည်။ ညီတော်မင်းခရီသည် မွန်တို့အကူအညီကို နှစ်ကြိမ်တိုင်တိုင်ရယူခဲ့ပြီး မွန်-မြန်မာ စစ်ပွဲကို ရခိုင်တွင် ခင်းခဲ့ကြသည်။ ဤလောက် ကျေးဇူးရှိသော မွန်တို့ကို “မင်းမှာ သစ္စာ၊ လူမှာ ကတိ”အတိုင်း တိုက်ခိုက်ပါမည်လော့။ မင်းခရီနှင့် မွန်တို့ရေးထိုးခဲ့သော “ပုရိန်အဆုံးတောင်ကျောက်စာ” တွင် ရာဇာဓိရာဇ်အား ပြစ်မှားပါက သွေးပွတ်ပွတ်အန်ပါစေ၊ မြေမျိုပါစေဟု ကျိန်ဆိုထားခဲ့သည်အချက်မှာ မင်းခရီ သစ္စာရှိမှုအတွက် သက်သေခံနေသည်။
    ထို့ကြောင်း မင်းစောမွန် ဘုရင် ပုန်အောင်းခဲ့သော နေရာမှာ ပန်းဝါ(ရာမူ)မြို့ဖြစ်ပြီး မင်းစောမွန်ကို နန်းတင်သူမှာ ညီတော် နရနုသာဖြစ်သည်ဟု ကောက်ချက်ချမိသည်။


(၀န်ခံချက် - သမိုင်းဆိုင်ရာ အငြင်းပွားချက်အား၊ သမိုင်းအထောက်အထား အမျိုးမျိုးကွဲပြားခြားချက်တို့တွင် ကွဲလွဲချက်များကို နောင်လူများသိရှိစေရန်အတွက် ရည်ရွယ် ရေးသားခဲ့ပါသည်။ ကျမ်းကိုးများကို ကျနော် မဖော်ပြတော့ပေ။ တတ်နိုင်သမျှ ကျမ်းစာအုပ်များကို ထည့်သွင်းရေးသားထားသည်။ ကျနော် မှီဂြမ်သော စာတမ်းသည် ဆရာကြီး မောင်ဗသိန်း၏ “မင်းစောမွန်ကို ဘယ်သူ နန်းတင်ခဲ့သလဲ..?”စာတမ်းဖြစ်ပြီး စာတမ်းကို ပွင့်လင်းရာသီတွင် စာတမ်းဖတ်ပွဲပြုလုပ်မည်ဖြစ်ပြီ နောက် ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေမည်ဟု သိရှိရသည်။ ယခုလောလောဆယ်တော့ ကောက်နှုတ်ချက် မူကြမ်းလောက်သာ ရှိသေးသည်။ ဤဆောင်းပါးဖြင့် သမိုင်းသုတေသီ ဆရာကြီး မောင်ဗသိန်းအား ကျေးဇူးတင် ရှိခိုအပ်ပါသည်။ စာတမ်းကို သုံးစွဲခွင့်ပြုပေးခဲ့သော ဆရာကြီး ခိုင်ကျော်(လေးဝတီ)အားလည်း ကျေးဇူအထူးတင်ရှိပါသည်။ ကျနော်ရေးခဲ့သည်များတွင် တစ်ခုခုမှားခဲ့လျှင် ဆောင်းပါးရေးသားသူ ကျနော်၏ အမှားသာဖြစ်လိမ့်မည်။)

ဝေဟင်အောင်
၁၉၊ ၈၊ ၂၀၁၃။

No comments:

Post a Comment