မဟာပညာကျော်အကြောင်း အကျဉ်း
မြေရှင် ပဒေသရာဇ်စနစ်ခေတ်မှာ ပြဿနာတစ်ခုဖြစ်တိုင်း အမတ် ပညာရှိတို့၏ လျှောက်ထုံးများသည်များဖြင့် ဆွေးနွေးဖြေရှင်းခြင်းများသည် အလွန်တန်ဖိုးရှိသည်။ ကျနော် မှတ်မှတ်ရ လျှောက်ထုံး(၃)အုပ်ဖတ်ခဲ့ဖူးသည်။ (၁) မဟော်သဓာ (၂) ဦးပေါ်ဦး (၃) မဟာပညာကျော် စသည့်တို့ဖတ်ဖူးသည်။ မြန်မာသမိုင်းတွင် လျှောက်ထုံး (၅)အုပ်ရှိသည်ဟု ဆိုသည်။ မဟော်သဓာ လျှောက်ထုံးသည် ဘုရားလောင်းတော်ဖြစ်သောကြောင်း မြန်မာမြေပေါ်တွင် ပေါ်ပေါက်ခဲ့ခြင်းမဟုတ်သည့်အတွက် ချန်ထားခဲ့မည်။ မြန်မာလျှောက်ထုံးများတွင်
(၁) ၀န်စင်းမင်းရာဇာလျှောက်ထုံး
(၂)ကိုင်းစားမနုရာဇာလျှောက်ထုံး
(၃) လက်ဝဲနော်ရထာလျှောက်ထုံး
(၄)အမတ်ကြီး ဦးပေါ်ဦးလျှောက်ထုံး
(၅) မဟာပညာကျော်လျှောက်ထုံး တို့သည် ထင်ရှားသည်။ ထိုအထဲတွင် မဟာ ပညာကျော်သည် ရခိုင်လူမျိုး ပညာရှိ ၀ိဓူအမတ်ဖြစ်သောကြောင်း မဟာပညာကျော်ကို ရခိုင်သားတိုင်းသိကြသည်။ သူ၏ လျှောက်ထုံးများကား အံ့မခန်းလောက်အောင် ကြီးကျယ်ခဲ့သည်။ ဘုရင်မင်းမြတ်တို့အား အကြောင်းအကျိုး၊ အဆုံးအဖြတ်များကို တင်လျှောက်သော လျှောက်ထုံးများဖြစ်သည်။
မဟာပညာကျော်အကြောင်းကို အကျဉ်းမျှ ဖော်ပြပေးလိုက်သည်။
-------------------------------------------------
မဟာပညာကျော်မှာ လောကရေး၊ ဓမ္မရေး၊ ရာဇရေးဟူသော အရေးသုံးပါးစလုံး၍ ကျွမ်းကျင်နှံစပ်သူဖြစ်သည်။ သူကြောင်းပင် ပြည်ရှင်မင်း အဆက်ဆက်သည် ကျောသား၊ ရင်သားမခွဲခြားဘဲ တရားဖြောင့်မတ်စွာ အုပ်ချုပ်နိုင်ရန်အတွက် အကြံကောင်း၊ ဥာဏ်ကောင်းများ ၊ နည်းလမ်းကောင်းများကို ညွှန်ပြတတ်သည်။ မင်းဗာဘုရင်၊ ရှင်မြ၀ါ၊ မဟာပညာကျော်တိုကတွင် သွေးသောက် မိတ်ဆွေများဖြစ်ကြသည်။ ကုလား-ပေါ်တူဂီတို့ စစ်နိုင်ပြီး သျှစ်သောင်း ပုထိုးတော်ကြီးကို တည်ထားခဲ့သော မင်းဗာဘုရင်ကြီး၏သား မင်းဖလောင်းရှင်ဘုရင် လက်ထက် တစ်လျှောက်လုံးတွင် မဟာပညာကျော်အမတ်၏ အစီအမံများကို တွေ့ရသည်။ ဤအစီအမံများအတိုင်းပင် မင်းဖလောင်းရှင်ဘုရင်၏ အစီအမံများ အားလုံး အောင်မြင်ခဲ့သည်။
မင်းဗာဘုရင်လက်ထက်တွင် မဟာပညာကျော်အမတ်အား စစ်တကောင်းစားအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ မင်းဖလောင်းဘုရင်လက်ထက်တွင် စစ်တကောင်မှ ပြန်ခေါ်ပြီး ဘုရင်၏ အနီးအနားတွင် ထားခဲ့သည်။ အနောက်တရိုး စစ်တကောင်းကို သားတော်လတ် မင်းရာဇာကြီးကို ပေးခဲ့သည်။ မင်းဖလောင်းးကွယ်လွန်ပြီး သားတော် သတိုးဓမ္မမရာဇာသည် မင်းရာဇာကြီးဘွဲ့အမည်ဖြင့် ရခိုင်ထီးနန်းကို ဆက်ခံခဲ့သည်။ မင်းရာဇာကြီး ဘုရင်ဖြစ်သောအခါ ညီတော် သတိုးစောလှမှ အနောက်ပြည် စစ်တကောင်းကို အစားရခဲ့သည်။ သို့သော်လည်း (၂)နှစ်ကြာသောအခါ အစ်ကိုတော် မင်းရာဇာကြီးကို ပုန်ကန်ခဲ့သည့်အတွက် သတိုးစောလှကို အနောက်ငယ်မှ ဖယ်ရှားပြီး သက်တော်ရှင် ပညာရှိအမတ် မဟာပညာကျော်ကို အနောက်ပြည်စစ်တကောင်းကို ပြန်လည် အပ်နှင်းခဲ့သည်။ အနောက်ပြည် စစ်တကောင်း ဘင်္ဂါ(၁၂)မြို့ကို အုပ်စိုးခွင့်ရခဲ့သည့် ပညာရှိ မဟာပညာကျော်အမတ်နှင့် မင်းရာဇာကြီးလက်ထက်တွင် တောင်ငူဘုရင်မှ လက်တောင် မဏ္ဏာာရွှေပေလွာဖြင့်တကွ ကြည်းတောင်စားနှင့် ကသာစားနှစ်ယောက်ကို ဟံသာဝတီ(ပဲခူး)ကို စစ်ထိုးရာတွင် ပါဝင်ကူညီတိုက်ခိုက်ပေးဖို့ အကူးအညီတောင်းလေသည်။ တကယ်လို့စစ်အောင်မြင်ပါက “ပဲခူးမင်းနန္ဒသမီးတော်နှင့် ဆင်ဖြူရတနာကို ဆက်သပါမည်”ဟု ကတိပြုရေးသားထားလေသည်။
စစ်ကူးပေးရာတွင် နမိတ်ဖတ်သည့်အနေဖြင့် အဉ္ဇနဒီ(လေးမြို့)မြစ်တွင် လူငယ်တို့သည် လှေလှော်ရာတွင် သီဆိုကြသည် “ဆင်ဖြူပေါင်ကျိုး၊ ထီးဖြူညှိုး၍ ပဲခူးဘုရင် ဒို့အရှင်ထံ ၀င်လိမ်မည်”အတိတ်နမိတ်ကို မဟာပညာကျော်အား မေးမြန်ခဲ့ရာ ကောင်းသောနိမိတ်ဖြစ်သည့်အတွက် စစ်ကူးပေးလေသည်။
ဤစစ်ပွဲတွင် မင်းရာဇာကြီးကိုယ်တိုင်း တပ်ကို ကြပ်မက်ပြီး စစ်သည်ရဲမက် တစ်သိန်းကို ဦးဆောင်ခဲ့သည်။ သားတော် အိမ်ရှေ့မင်းခမောင်းနှင့် စိန်တင်စား ဥက္ကပျံ (စာဆိုတော် ဥက္ကပျံ)တို့ကို စစ်သည် ငါးသောင်းကို ဦးဆောင်ပြီး သက္ကရာဇာ် ၉၆၀ ပြည့်၊ တန်ဆောင်မုန်း လဆန်း (၁၀)ရက်နေ့တွင် မော်တင်ကို လှည့်၍ သန်လျှင်(ရန်ကုန်မြို့ တစ်ဖက်ကမ်း)ကို မြို့ကို ချီးတက် သိမ်းပိုက်ခဲ့သည်။
မင်းရာဇာကြီးသည် တောင်ငူဘုရင် တပ်နှင့်ပူပေါင်းပြီး ဟံသာဝတီ ပဲခူးမြို့ကို စစ်ကြောင်း (၄)ကြောင်းဖြင့် ချီးထိုး ခဲ့သည်။
(၁)တောင်ငူဘုရင်က ရှေ့ဘက်က ရသည်။
(၂)သားတော် နတ်ရှင်နောင်(စာဆိုတော်)က မြို့မြောက်ဘက်က ရံသည်။
(၃) အိမ်ရှေ့မင်းခမောင်းနှင့် ဥက္ကပျံတို့က တောင်ကရံသည်။
(၄) မင်းရာဇာကြီးက အနောက်ကံ ရံ၍ တိုက်ခိုက်ခဲ့သည်။
ဟံသာဝတီ(ပဲခူး)ဘုရင်၏ သားတော် မင်းရဲကျော်စွာသည် အညံခံသည်ကို မြင်ကာ ညီတော် တောင်ငူမင်းထံ အညံခံလေသည်။ ဟံသာဝတီ ပဲခူးမင်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ဟံသာဝတီကို ရသော် တောင်ငူမင်းက နန်းကျဟံသာဝတီမင်း၏ နှမတော် ခင်မနှောင်းကို ကိုယ်လုပ်သုံးကျိပ်နှင့် မှူးမတ်အပေါင်း ၀န်းရံစေလျှက် ဝေါနှင့်ထမ်းကာပြီး ဆင်ဖြူတာင်တစ်စီးကို ရခိုင်ဘုရင် မင်းရာဇာကြီးကို ဆက်သလေသည်။
မြန်မာမင်းနှစ်ပါးစစ်မက် ဖက်ပြိုင်မှုကို ယိုးဒယား(ထိုင်း)ဘုရင် ဗြနရာဇ် မြင်သော် တောင်ငူတွင် မင်းမရှိခိုက် တောင်ငူကို ၀င်တိုက်သည်။ ယိုးဒယားမင်းကို တောင်ငူမင်းနှင့် မင်းရာဇာကြီးတို့ တိုက်ခိုက်ရာ ယိုဒယားဘုရင်ညီတောင် ဗျသမွန်ကို ဖမ်းမိပြီး ယိုဒယားဘုရင်တို့လည်း အညံခံခဲ့သည်။ ယိုးဒယားဘုရင် ဗျသမွန်ကို ဖမ်းမိပြီး လက်နက်များ၊ လက်ဆောင်များ တောင်ယူပြီး သက္ကရာဇ် ၉၃၆ ခုနှစ် ရခိုင်သို့ ပြန်လာလေသည်။ ပြန်လမ်းခရီး မော်တင်စွန်းသို့ ရောက်သောအခါ အသက်အရွယ် ကြီးရင့်ပြီးဖြစ်သော အမတ်ကြီး မဟာပညာကျော် ကွယ်လွန်သွားလေသည်။ မင်းရာဇာကြီးသည် မဟာပညာကျော်အား ကောင်းစွာ သင်္ဂြုဟ်၍ သင်းချိုင်ရာပေါ်တွင် စေတီတည်ထားလေသည်။ ယခုတိုင်း ထိုစေတီအား မော်တင်စေတီဟု တွင်ရစ်ကြောင်း ဖော်ပြထားသည်။
ရက္ခပူရတိုင်းတွင် သာကီဝင် မင်းဖလောင်းလက်ထက်တွင် ပြုစုခဲ့သော မဟာပညာကျော်လျှောက်ထုံးသည် ခေတ်အဆက်ဆက် ပညာရှိတို့ သုံးစွဲခဲ့သည် ရာဇ၀င်ကြီးတစ်စောင်ဖြစ်သည်။ မဟာပညာကျော်လျှောက်ထုံးများကို ကြည့်ရှုပြီး မင်းမှူး၊ မင်းမတ်များကို နောက်ပိုင်းဘုရင်တို့က ခန့်အပ်သည့်ဟု မှတ်တမ်းမှတ်ရာအရ တွေ့ရှိရသည်။
မဟာပညာကျော်၏ တခြား စာပေဆိုင်ရာများသည် အလွန်ရှေ့ကျသောကြောင်းစာပေလိုက်စားသူတို့အတွက် တန်းဖိုးမဖြတ်နိုင် မဟာပညာကျော်လျှောက်ထုံး၊ တရားဖြတ်ထုံးများ၊ ဆယ်နှစ်ရာသီ ဘွဲ့ရတု၊ သ၀ဏ်လွှာများကိုပါ တွေ့ရသည်။ မဟာပညာကျော်နှင့် မရှေးမနှောင်း ခေတ်ပြိုင်များဖြစ်ကြသော ဥက္ကပျံ၊ နတ်ရှင်နောင်တို့အကြောင်းကို ဆက်စပ်လေ့လာနိုင်သည်။
ဤလောက်ဆိုလျှင် မဟာပညာကျော်အကြောင်းကို အနည်းအကျဉ်းလောက်သိလောက်ပြီး ထင်ပါသည်။ အကျယ်ဖတ်လိုလျှင် မဟာပညာကျော်လျှောက်ထုံး စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ မိတ္တူကူးလိုလျှင် ကျနော်ဆီမှာ လက်ခံရှိပါသည်။ လျှောက်ထုံးအပုဒ်(၄၁)ခုပါရှိသည်။အပုဒ်(၃၇)တွင် မင်းတို့ကျင့်အပ်ရာလျှောက်ထုံးသည် ခေတ်နှင့် လျှော်ညီသည်ကို တွေ့ရသည်။ ကုလားနှင့် မရမာကွဲလွဲချက်ကို အပုဒ်(၂၃)တွင် ကွဲလွဲချက်ကို ဖော်ပြ ဖြေကြားထားသည်ကို တွေ့ရသည်။
မဟာပညာကျော်လျှောက်ထုံးစာအုပ်ကို ကူးယူခွင့်ပေးသော ဆရာ သူမြတ်(မဟာအောင်မြေ)အားလည်းကောင်းကျေးဇူးတင်ရှိပြီး ရခိုင်အလင်းပြကျမ်းတို့မှ ကောက်နုတ်ရေးသားထားခြင်းဖြစ်သည်။
ဝေဟင်အောင်
၇၊ ၉၊ ၂၀၁၃။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment