ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ရခိုင်ကျောက်ရိုးမဟာရာဇ၀င်မှ -

မြောက်ဦးခေတ် သက္ကရာဇ် ၁၀၀၀ ခုနှစ်မှ ၁၀၀၇ ခုနှစ်ထိ နန်းတက်ခဲ့သော ကုသလ နရပတိမင်းလက်ထက်တွင် ပညာရှိ အမတ် သိုက်တက် င/လက်ရုံးအား မေးမြန်းသောကြောင်း မြောက်ဦးမြို့ နတ်သမီးအခန်း (၁၀)တွင် ၉၉ လတ္တံကို ပြောကြားခဲ့သည်...။ သိုက်တက် င/လက်ရုံးမှာ ဘုရင်း (၆)ဆက်ကို သက်တော်ရှည် ပညာရှိအမတ် မဟာပညာကျော်၏ မြေး၊ ကျီးညို (မဟာပညာဝံသ)သား ဖြစ်ပြီး ပညာရှိ မျိုးရိုးမှ ဆက်သက်လာသူဖြစ်သည်။ ၉၉ လတ္တံကို ရခိုင်သူ/ ရခိုင်သားတိုင်း သိကြသော်လည်း ၉၉ လတ္တံ၏ ရှေးပိုင်းကို သိသူနည်းပါးသည်။ ရှေးပိုင်းတွင် ပါဝင်သော စာပုဒ်အချို့ကို ကျနော် ပြန်လည် ဖော်ပြပေးလိုက်သည်။ သိုက်တက်ငလက်ရုံးပြုစုခဲ့သည် ကျမ်းဂန်း (၁၂)ကျမ်းရှိသည်ဟု သိရှိရပြီး ရခိုင်ကျောက်ရိုးရာဇ၀င်မှာ ထင်ရှားသည်။ စာအုပ်စင်မှ စာအုပ်ပုံကို မွှေနှောက်ရာတွင် ထွက်ကျလာသော မိတ္တူကို ပြန်လည် ဖော်ပြပေးခြင်းဖြစ်သည်။ (ယနေ့ မိုးအေးအေးနဲ့ တစ်ချက်ချင်း တိုက်ကြည့်ကြပေါ့ဗျာ။ ကိုယ်တို့ အရပ်ဒေသနဲ့ ကိုက်မကိုက်ကို သိရတာပေါ့)



မိုက်နိုင်မှ သောတာပန်။
မကောင်းကြံလျှင် သမာဓိ။
ပညာရှိကို ပယ်၍ထား။
မုသားမပြောလျှင် လူမိုက်။
ကုန်တိုက်လျှင် ကျေးဇူးရှင်။
မုန့်ပေးလျှင် ကျမ်းဂန်တတ်။
ရွှေကပ်သည့်ဘုရားကိုမှ လူကြိုက်။
ဂုဏ်သရေရှိဒါက ဇာတ်သဘင်သမား။
ဘုရားလူကြီးက ရွှေခိုး။
အမျိုးကောင်းသမီးက ပိုက်ဆံရှာ။
ဘုရားတကာက အရက်ရောင်း။
ဘုန်းကြီးက ဇာတ်ထောင်။
ရဟန်းယောင်က ဘိန်းကိုစား။
လင်ရှိမယားက အပျိုလုပ်။
အရွယ်ရှိသူက အရောင်တင် အပျိုစင်က ရည်းစားထား။
ဆင်းရဲသားက သူဌေးယောင်။
အ၀တ်ပြောင်မှ လူရိုသေ။
အမိအဘကတော့ ကျွန်ယုတ်လောင်း။
သားသမီးကတော့ သခင်ယောင်။
တောင်မြောက်မသိသူကို ရှေ့ဆောင်ထား။
ငွေများလျှင် တရားနိုင်။
ရုံးထိုင်သူက ညှာနှစ်ခွ။
သဒ္ဓါကြွသူ တဏှာဖြစ်။
ဘယာပဗ္ဗာဇ္ဇိတ ရဟန်းအပေါင်း ရောနှောင်ကကာဘုန်းနှင့်။
စာမတတ်သူက အမတ်လုပ်ချင်။
သူကမတော် လူမော်လူကြွား။
အမှားယုံ ငွေကုန်ခံ။
နိုင်မှ ရာထူးတက်။
လောဂီအ၀တ်နှင့် ငါးစိမ်းသည်။
ဘုရားတည်သူက အမြတ်စား။
နတ်သိကြားကိုပြ၍ ငွေကိုယူ။
ပေါ်တော်မူကို လှည့်၍ရောင်း။
ကျောင်းကန်ဘုရားနှင့် ငွေသေတ္တာ။
သုတ်အဘိဓမ္မာက သီချင်းဖြစ်။
ချစ်ခင်သမျှ သမုဒယ တဏှာ။
ဥပသကာ အလုပ်နှင့် သားမယားကို ကျွေး။
အသက်မွေးရဟန်းယောင် သဒ္ဓါးပါးရှားလို့ ဒါနကိုပါယ်။
သံသရာရှည်လို့ အလှူမပေး။
အကြွေးပေးသူ ကျွန်နှင့်တူ။
ကြွေးယူသူက သခင်ဖြစ်။
မိဘအစစ်ကိုတော့ အကိုကြီးလို။
ယောက္ခမကိုတော့ မိဘခေါ်။
ဗိုလ်ကတော်လုပ်ချင်သူက တစ်ဆယ့်နှစ်နှစ်သမီး။
ကျောင်းထိုင်ဘုန်းကြီးမှ ဂုဏ်ထင်ပေါ်။
ဘုန်းကြီးတဲ့ဆရာတော်ကို အပျိုအအိုတွေ ၀ိုင်း။
ဘုရားတံတိုင်းမှာ အိမ်ထောင်ပြု။
ကမ္မဌာန်းလုပ်ရင်း အောင်သွယ်လုပ်။
ဂိုဏ်းအုပ်ဆရာတော်က ဥစ္စာနှင့် ရဟန်းပြု။
မယ်သီလက အနူဆေးဆောင်။
မရှောင်တာ ထိုအခါမှ အပျိုတခုလတ်။
ကမ်းဂန်မတတ်သူက ပရမတ်စကားပြော။
တရားဟောဘုန်းကြီးက ပိုက်ဆံခင်။
သီလဆောက်တည်သည်က အကောင်းကြိုက်။
လူမိုက်နှင့်ပေါင်းမှ အသက်ရှည်။
တည်ကြည်ဖြောင့်မတ်သူကို လူမသုံး။
လူတော်မုန်းလျှင် အပြစ်မရှိ။
ကြည့်ရှုစောင့်မတ်အမျိုးက အဖိုးကိုရအောင်ယူ။
ကျောင်းကန် ဘုရားက ခိုက်ရန်ဖြစ်။
ဆရာသစ်က ကျောင်းကိုထိုင်။
မသေခင်က မိဘအမွေကို ပုပ်ခတ်လု။
မေသူတော်က ရည်းစားထား။
လင်ရတရားသွင်း၇င် အိမ်ထောင်ကျ။
ဘာဝနာသွင်းရင် ဖျက်စီပိုက်။
ပေါလိုက်တဲ့ လူတိရစ္ဆာန်ကောင်။
လမ်းလျှောက်၍မရ ပုပုရွရွ။
မင်းပြစ်ကျလိုက်တဲ့ တရားရုံး။
ငါးပါးမလောက် သင်္ဃာဇင်ပါ မှောက်ကြပြီ။

ရှေ့ပိုင်းတွင် ဖော်ပြထားသည်။ ခေတ်စနစ်နှင့် ကိုက်ညီနေသည်ကို တွေ့ရှိရပြီး ဗဟုသုတကို ဥာဏ်နှင့် ယှဉ်ပြီး သိရှိနိုင်ရန် ပြန်လည် ဖော်ပြပေးလိုက်သည်။ (၉၉) လတ္တံကတော့ အွင်းလိုင်းမှာ ရှိလောက်မှာပါ။ ရှာဖတ်ကြည့်ကြပေါ့။

ဝေဟင်အောင်
၁၃၊ ၉၊ ၂၀၁၃။

No comments:

Post a Comment