ကျနော့်သမီးက ဒုတိယတန်း ကျောင်းသူပါ။ သီတင်းမကျွတ်ကျောင်းမပိတ်ခင် တစ်ရက်နေ့က “ဒုတိယတန်း ရခိုင်ဖတ်စာ” စာအုပ်ကို ကျောင်းကနေ ပေးလိုက်ပါတယ်။ အဲဒီနေ့ကတည်းက သမီးဟာ အဲဒီစာအုပ်ကို လက်က မချတော့ဘူး။ ကျောင်းအားလပ်ဖြစ်တာကြောင်း သူမကို ကျနော် စောင့်ကြည့်နေမိခဲ့သည်။ ဒီအတိုင်းဆိုလျှင် တိုင်းရင်းသား ဘာသာစကားကို ကျောင်းမှာ သင်ကြားခြင်းသည် ကောင်းသည်လို့ လုံးဝလက်ခံချင်စိတ်ပေါက်လာသည်။ ထိုစာအုပ်ထဲတွင် ကျနော်တို့ မသိခဲ့သော အရွေ့ကဗျာများနှင့် တခြားအကြောင်းအရာပေါင်း များစွာပါရှိသည်။ သူတို့ ကံကောင်းသည်။ အယင်းတုန်းကဆိုလျှင်
“ဗမာပြည်သည် ဒို့ပြည်
ဗမာစာသည် ဒို့စာ
ဗမာစကားသည် ဒို့စကား
ဒို့ပြည်ကိုချစ်ပါ
ဒို့စာကို တန်ဖိုးထားပါ
ဒို့စကားကို လေးစားပါ”
တိုင်းရင်းသား တစ်ယောက်အနေဖြင့် ကြည့်လျှင် ဗမာစာသည် ဒို့စာနှင့် မလုံလောက်ပါ။ မြန်မာနိုင်ငံမှာ ဗမာအများစု နေထိုင်သည့်အတွက် ရုံးသုံး ဘာသာစကားသည် ဗမာစာဖြစ်သင့်သည်မှန်သော်လည်း မိခင်ဘာသာစကား၏ အတိမ်အနက်ကို ဒီအရွယ်ကတည်းက သိသင့်ခဲ့သည်။ ကျနော်တို့တုန်းက မသိခဲ့၊ မတတ်ခဲ့သောကြောင့် မျက်ကန်းလမ်းလျှောက်သလိုမျိုးဖြစ်နေသည်။ သမီးကလေးသည် ထိုစာအုပ်ကို လက်က မချပေ။
ဘာသာစကား ၉ မျိုးကို ရေး၊ ဖတ်၊ ပြော တတ်သော ဆရာတော် ဦးဥတ္တမက “ကိုယ့်စာကို အယင်ဆုံးသင်ကြားတတ်မြောက်မှ တခြားဘာသာစကားကို သင်ပါ”လို့ ပြောခဲ့သည်မှာ ယခုလက်တွေ့မြင်ရပြီ။
“ဆရာတွေအတွက် အမှာစာ”မှာကတည်းက ဒုတိယတန်း ရခိုင်ဖတ်စာမှာ ဗဟုသုဖြစ်ဖို့အကြောင်းအရာများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ဖို့ အကြောင်းအရာများ၊ လူမှုရေး၊ ရိုးရာယဉ်ကျေးမှု၊ စာရိတ္တမြင့်မားအောင် မွေးမြူရေးဆိုင်ရာတွေကို ထည့်သွင်းထားသည်ဟု ပါရှိသည်။ ကလေးတွေအတွက် ပုံပြင်ဝတ္ထုတွေ နားထောင်တတ်ဖို့၊ အရွေ့ကဗျာတွေကို နားထောင်တတ်ဖို့နဲ့ ဆရာရှင်းပြချက်ကို နားထောင်တတ်ဖို့လို့ဆိုပါတယ်။ ပြဌာန်းချက် စာအုပ်ရဲ့ ရည်ရွယ်ချက်ကလည်း နှလုံးသားကို ထိစေပါတယ်။ ဒါပေမယ့် သင်ပြမယ့် ဆရာ/မတွေကိုသာ လေ့လာဆန်းစစ်ဖို့ လိုမယ်ထင်ပါတယ်။
ကျနော်တို့တုန်းက ဆယ်တန်းအောင် တက္ကသိုလ်က ဘွဲ့သာရခဲ့တယ်။ ဘွဲ့ဆိုလို စာရွက်ကလေးတစ်ရွက်သာသာအဆင့်ဘဲရှိခဲ့ပါတယ်။ (ကျနော်ဆို ယူတောင် မယူရသေးဘူး)ဘာဆို ဘာမှ မတတ်ခဲ့ဘူး။ တစ်ခါတစ်လေမှာ တရားသူကြီး လာတ်ယူတာကို အပြစ်မမြင်ပါဘူး။ သူတို့လည်း တက္ကသိုလ်တတ်တုန်းက အဝေးသင်မှာဆိုရင် ခိုးချလို့ အောင်ခဲ့တာ ဒီလောက်တော့ ယူတတ်မှာပေါ့လို့ တွေးမိခဲ့တယ်။ သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရတွေဆိုရင်လည်း ကျန်စစ်သားနဲ့ ကျန်ကျောင်းကို ခွဲလို့ မကွဲတာကိုသာ ကြည့်ပေတော့။ ဒီတော့ ဆရာကောင်း၊ သမားကောင်းတွေကို မွေးထုတ်ဖို့အတွက် ဘယ်လို စိုင်းပြင်ကြမလဲဆိုတာကိုပဲ စိတ်ဝင်စားနေမိတယ်။
ဘာပဲ ပြောပြော ကျနော်တို့ ခေတ်တုန်းက မသင်ခဲ့ရသမျှ ကျနော်တို့ရဲ့ မျိုးဆက်သစ်ခေတ်မှာ သင်ကြားခွင့်ရတာကိုက ကျေးဇူးတင်မိပါတယ်။ စာအုပ်ပြုစုတဲ့ ဆရာသမားတွေကိုလည်း အတိုင်းထက်အလွန်ကျေးဇူးတင်ပါတယ်။ ပြဌာန်းချက်စာအုပ်ကတော့ လုံးဝပြည့်စုံတယ်လို့ ပြောဖို့တော့ ခက်ပါတယ်။ လိုအပ်ချက်တွေက အများကြီးတွေ့မိပါတယ်။ ကျနော်တို့လို ပညာမတောက်တခေါက်နဲ့ လူကတောင် ဒီလောက်ဆိုရင် ပညာရှင်အဆင့်ဆိုရင် ဒီထက်မက တွေ့မိမှာပါ။ ဒါကို ထပ်ကာ ထပ်ကာ ပြုပြင်ဖို့ လမ်းဖွင့်ပေးထားတဲ့ ဆရာသမားတွေရဲ့ စေတနာ အငွေ့အသက်ကိုလည်း ရှူရှိုက်ခွင့်ရမိတယ်။
နိုင်ရော့ဂကောင်း (မွန်ပညာရေးဌာန၊ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်)မှ အကြံပြုချက်မှာ ဒီလိုတွေ့မိပါတယ်။
-----------------------------------------------------------------
(၁) မူလတန်း ပညာရေးသည် ဘာသာစကားအခြေပြု ပညာရေးဖြစ်သည်နှင့်အညီ ကလေးများ၏ မိခင်ဘာသာ စကားကို အခြေခံ ခိုင်မာအောင် လေ့ကျင့် သင်ကြားပေးရန် လိုအပ်ပါသည်။ မူလတန်းအဆင့်တွင် သင်ကြားမှု မဏ္ဍိုင် ဘာသာစကားကိုလည်း မိခင်ဘာသာစကား (သို့မဟုတ်) ဒေသခံဘာသာစကား ဖြစ်သင့်ပါသည်။ သို့ရာတွင် မြန်မာဘာစကားသည် အများသုံး၊ ရုံးသုံး ဘာသာစကား ဖြစ်သောကြောင့် မူလတန်းပြီးဆုံးသောအခါ ထိုဘုံဘာသာ စကားကိုလည်း ကလေးများ တတ်မြောင်အောင် လေ့ကျင့် သင်ကြားပေးရန် အရေးကြီးပါသည်။
(၂) အရည်အသွေးပြည့်မီသော ကျောင်းဆရာများ လိုအပ်သောကြောင့် ဆရာအတတ်ပညာရပ်များကို တဖက်မှ ဖြည့်ဆည်းပေး ရန် လိုအပ်သလို အထောက်အကူပြု ပစ္စည်းပစ္စယများကိုလည်း ပံ့ပိုးပေးရန် လိုအပ်ပါသည်။ မြန်မာစာနှင့် အင်္ဂလိပ်စာတို့ကို မူလတန်းအဆင့်တွင် သင်ကြားပေးရာ၌ ကလေးငယ်များအား အနာအကြားနှင့် အပြောအဆိုတို့ကို ပထမနှင့်ဒုတိယနှစ်များတွင် ပိုမိုဦးစားပေး၍ ထိုမှ အသက်အရွယ် အနည်းငယ် ပိုကြီးလာသည်နှင့် အဖတ်အရွတ်နှင့် အရေးအသားတို့ကို သင်ကြားပေးရန် လိုအပ်သည်ဟု ယူဆပါသည်။ ဘာသာစကားစွမ်းရည်များကို ကလေးများ ပိုမို နားလည်လွယ်ကူသော ပုံစံဖြစ်ရန်လိုအပ်ပါသည်။
(၃) မြန်မာစာနှင့် အင်္ဂလိပ်စာသင် ဆရာများအနေဖြင့် မိမိတာဝန်ကျသော နယ်မြေဒေသရှိ နယ်မြေခံလူထု၏ ဒေသခံ ဘာသာ စကားကိုလည်း အထိုက်အလျောက် တတ်မြောက်ထားရန် လိုအပ်သောကြောင့် ထိုဆရာများအတွက် ရည်ရွယ်၍ ဖွင့်လှစ်သော ဒေသခံဘာသာစကား အထူးသင်တန်းများကို သက်ဆိုင်ရာ ပြည်နယ်များနှင့် တိုင်းဒေသရှိ မြို့နယ်များတွင် ဖွင့်လှစ်ပေးရန် လိုအပ်ပါသည်။ သို့မှသာ သင်ကြားမှုတွင် ပိုမို အထောက်အကူ ပြုမည်ဖြစ်သည်။
(၄) မိခင်ဘာသာစကား၊ တိုင်းရင်းဘာသာစကား၊ ဒေသခံဘာသာစကားတို့ကို ပိုမိုဖွံ့ဖြိုးအောင် အားပေးမြှင့်တင်သည့် အနေဖြင့် သက်ဆိုင်ရာ ပြည်နယ်များတွင် ထိုဘာသာစကားကို ဘာသာရပ်တစ်ခု အနေဖြင့် ကျောင်းပညာရေးတွင် ထည့်သွင်းသင်ကြားရန် စဉ်းစားသင့်ပါသည်။
(၅) ပြည်နယ်များရှိ တိုင်းရင်းသားကလေးများသည် မူလတန်းပြီးဆုံးသောအခါ ၄င်းတို့ မိခင်ဘာသာစကားအပြင် မြန်မာဘာသာ စကားကိုလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပြီးဆုံးသောအခါ အင်္ဂလိပ်ဘာသာ စကားကိုလည်းကောင်း ကျွမ်းကျင်စွာ တတ်မြောက်အောင် လေ့ကျင့် သင်ကြားပေးရပါမည်။ ထိုကဲ့သို့ ဘာသာစကားကို တတ်မြောက် အောင်မြင်အောင် ဆောင်ရွက်ရန် လိုအပ်သော ဘာသာစကား သင်နည်းဗျူဟာများ၊ ပစ္စည်းကိရိယာများ၊ သင်ထောက်ကူပစ္စည်းများ၊ အရင်းမြစ်များ၊ ဘာသာစကားတတ်မြောက်မှုကို စစ်ဆေးတိုင်းတာ အကဲဖြတ်စနစ်များ ဖြည့်ဆည်း ပေးရမည်ဖြစ်ပြီး ကျွမ်းကျင်သော ဘာသာ စကားသင်ဆရာများ ခန့်ထားပေးရန်လည်း လိုအပ်မည်ဖြစ်သည်။
(၆) ဘာသာစကား သင်ကြားရာတွင် ကျောင်းသုံး ဖတ်စာအုပ် တစ်မျိုးတည်းကိုသာ အားကိုးမနေဘဲ အကြောင်းအရာများအပေါ် အခြေခံ၍ ကလေးများ၏အာရုံကို ဖမ်းစားနိုင်သော စိတ်ဝင်စားစရာကောင်းသည့် အပို ဖတ်စာအုပ်များကိုပါ ဘာသာစကားသင် ဆရာများက တီထွင် ဖန်တီးထုတ်လုပ်ပေးရန် လိုအပ်ပါသည်။
(၇) ဘာသာစကားသင်ကြားရာတွင် ခေတ်မီဆန်းသစ်သော သင်နည်းစနစ်များ၊ စစ်ဆေးအကဲဖြတ်စနစ်များနှင့် ဆရာအတတ် ပညာများ ရရှိအောင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်နည်းစနစ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ဖန်တီးပေးရန် လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လိုအပ်သော ကူညီပံ့ပိုးမှုများအတွက် ရပ်ရွာ လူ့အဖွဲ့အစည်းများ၊ NGOs, CBOs များနှင့် ပူးပေါင်း ဆောင်ရွက်သင့်ပါသည်။
(၈) မြန်မာနိုင်ငံတွင် မိခင်ဘာသာစကား အပါအဝင် ဘာသာစကားသုံးခု သင်ကြားရေးပုံစံကို လက်တွေ့ အကောင်အထည် ဖော်ရာတွင် ပြည်နယ်များရှိ ပညာရေးမူဝါဒတွင် ဘာသာစကားဆိုင်ရာ မူဝါဒကို တင်းကြပ်သော ဗဟိုချုပ်ကိုင်မှုမှ လျော့ချရန် လိုအပ်ပါသည်။ ပြည်ထောင်စု စိတ်ဓာတ်ကို ထိန်းသိမ်းစောင့်ရှောက်ယင်း ဘာသာစကားသုံးခု သင်ကြားရေးပုံစံကိုလည်း အကောင်အထည် ဖော်သည့်အခါ အလျှော့အတင်းပြုမူ ဆောင်ရွက်နိုင်သော ဖြစ်စဉ် အနေဖြင့် အစပျိုး လုပ်ဆောင်သင့်ပါသည်။
(၉) မိခင်ဘာသာစကား၊ တိုင်းရင်းဘာသာစကားကို ကျောင်းပညာရေးတွင် ထည့်သွင်း သင်ကြားသည့်အခါ ၄င်းကို ကလေးများ၏ ပညာရေးအတွက် အရင်းအမြစ် အဖြစ် အသုံးပြုသင့်ပါသည်။ ဆရာများသည်လည်း စာသင်ခန်းကို သင်ကြားရေးနေရာ တစ်ခု အနေဖြင့်သာ အသုံးမပြုဘဲ သင်ယူရာဝန်းကျင် အနေဖြင့်ပါ အသုံးပြုသင့်ပါသည်။
(၁ဝ) မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်စုံ ရောနှောနေထိုင်ပြီး အသွေးရောင်စုံယဉ်ကျေးမှုနှင့် စုံလင်သော ဘာသာစကားရှိ ကြောင်းအသိကို အားပေးရန် ဘာသာစကားပေါင်စုံနှင့် အသွေးရောင်စုံ ယဉ်ကျေးမှု စာသင်ခန်းများကို ဖော်ဆောင်ရာတွင် တိုင်းရင်းသားရိုးရာ ဝတ်စုံများ ဝတ်စားဆင်ယဉ်ခြင်းနှင့်အတူ လက်တွေ့ကျသော စီစဉ် ဆောင်ရွက်မှုများကို ထိုးထွင်း တီထွင်တတ်စွာ အသုံးပြုသင့်ပါသည်။
(၁၁) တစ်ကမ္ဘာလုံး ဆက်စပ်ပတ်သက်မှုရှိ၍ လူမှုပြောင်းလဲမှု တဟုန်ထိုးပြောင်းလည်းမှုဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် ရှင်သန် ရပ်တည်နိုင်ရန်ပင် အလွန်ခက်ခဲ၍ ဘာသာစကား ပျောက်ကွယ်လုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်နေရသော လူနည်းစု တိုင်းရင်းသားများ၏ ဘာသာစကားကို ဖြစ်တန်ရာသော ကြိုးပမ်းမှုဖြင့် ကာကွယ် စောင့်ရှောက်သင့်ပါသည်။
(၁၂) မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံ ရောနှောနေထိုင်၍ ဘာသာစကားပေါင်းစုံရှိသည်။ တောင်ပေါ်နှင့် မြေပြန့်နေ တိုင်းရင်းသားအများစုတို့သည် ရုံးသုံးဘာသာစကားဖြစ်သော မြန်မာဘာသာစကားကို အတော်အတန် နားလည်အသုံးပြုသည် မှန်သော်လည်း ထိုဘာသာစကားနှင့် ယဉ်ကျေးမှု တစ်ခုတည်းကိုသာ အလွန်အမင်း ဦးစားပေးနေမည့်အစား ကျန်သော တိုင်းရင်းသားဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာယဉ်ကျေးမှုတို့ကိုလည်း ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်း အားပေးသင့်ပါသည်။ ဤသိမ်မွေ့နက်နဲသော နယ်ပယ်ဖြင့် လိုလားတောင့်တသော သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေး ကို ရှေးရှုသည့် လူမှုပြောင်းလဲရေး ဖြစ်စဉ်ကို စာသင်ကျောင်းမှ တဆင့် စတင် အကောင်အထည်ဖော်သင့်ပါသည်။
(၁၃) လူမှုရေးသိပ္ပံနှင့် သိပ္ပံဘာသာကဲ့သို့သော ပြဌာန်းစာအုပ်တွင် အသုံးပြုသော ဘာသာစကားသည် ဘာသာစကား အကူး အပြောင်းအတွက် တံတားသဖွယ် ကြိုတင်ပြင်ဆင်ထားရန်မှာ အရေးကြီးပါသည်။ ဘာသာစကား အခက်အခဲကြောင့်ထိုဘာသာရပ် များဆိုင်ရာ အတွေးအခေါ်အယူအဆများ ရှုပ်ထွေးမှုမရှိစေရန် ဘာသာရပ်ဆိုင်ရာ စကားအသုံးအနှုန်းများနှင့် ဝေါဟာရ စကားလုံး များကို ကူးပြောင်းသင်ယူလိုသည့် အတန်းရှိ ပင်မဘာသာစကား (မြန်မာစကား) ဖြင့် ကြိုတင်ထည့်သွင်း ပြင်ဆင်ထားရန် လိုအပ် ပါသည်။ သို့မှသာ ထိုအတန်းသို့ ကူးပြောင်းသွားသော တိုင်းရင်းသားကလေးငယ်များအတွက် သင်ကြားမှု ပိုမိုလွယ်ကူ၍အဆင်ပြေနိုင်မည်ဖြစ်သည်။
ဝေဟင်အောင်
၂၂၊ ၁၀၊ ၂၀၁၃။
အဂုပိုင်တောင်ပီးစွာကျေားဇူးပါ
ReplyDelete