ယနေ့ အတိအကျပြောရပါလျှင် ဒီနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့(ပုံမှန်ဆိုရင် ယနေ့အင်္ဂါပါ)ဆိုတော့ အလုပ်တွေက နားထားတယ်။ အိမ်မှာ အေးအေးလူလူပေါ့။ အဲဒါနဲ့
နေ့လည်ပိုင်းကျနော့ အိမ်သူသက်ထား မဒီလေးကို ခေါ်ပြီး စေတနာမိုး လက်ဖက်ရည်ဆိုင်ကို မလိမ့်တပတ်နဲ့ ခေါ်သွားတယ်။
(ဒါလည်း ဗျူဟာတစ်နည်းပေါ့) အဲဒါနဲ့ သူမကလည်း ဘာစိတ်ကူးပါလာတယ်မသိ။ ကြည့်ရတာ သမီးလည်း မပါဆိုတော့ သူကို သူ အပျိုစိတ်များဝင်ပြီး သမီးရည်စားဘ၀ကို သတိရတယ်နဲ့တူပါတယ်။
“ကို .. မြို့ကိုပတ်ပြီး ဆိုင်ကယ်တစ်ပတ်စီးကြအောင်နော်”တဲ့။ ဒီကကောင်လည်း ဘာပြောကောင်းမလဲ။ စစ်တွေမြို့ရဲ့
အပေါက်တရာ ဖာရာဗရဗျစ်လမ်းမပေါ်မှာ ဆိုင်ကို စီး၊ နောက်မှာ မဒီလေးနဲ့ဆိုရင် အန်ကိုက်ပဲလေ။ (ကိုအေးမောင်တို့ မနာလိုတဲ့ ကိန်းဆိုပါတော့) ဆိုင်ကယ်ကိုထုတ် ဆိုင်ကယ်နောက်မှာ မဒီကိုတင်၊ သူမက ကျနော်ခါးကို ဖက်လို့ပေါ့။ အမယ် မသိရင်
ကိုးရီးယားစုံတွဲတွေတောင် မနာဖြစ်မိမယ်။ (စာရေးဆရာ ပွင့်သစ်(တမန်းသား)က မနာလိုတဲ့ ကိန်းမျိုး) စစ်တွေမြို့ရဲ့ မဟာလမ်းမကြီးက အပေါက်ဖာနေတဲ့ ဖာမကလေးတွေ (အော်.. ယောင်လို့)လမ်းလုပ်သမလေးတွေကို ရှောင်ကွေ့ပြီး
အယင်းစစ်အစိုးရရဲ့ လူနေအိမ်တွေကို မီးရှိုး(အဲယောင်ပြန်ပြီ) ကိုးကွယ်တည်ဆောက်ထားတဲ့ လောကာနန္ဒာရှေ့ကို ဖြတ်သွားချိန်
(ကျိမြည်းအောင် ဆိုင်ကယ် ရပ်လိုက်တယ်)ရပ်လိုက်တာက “လင်း”စာပေ အရောင်းဆိုင်။ ဒီဆိုင်ဆိုတာ စစ်တွေမြို့မှာ ရခိုင်ပြည်က ထွက်သမျှစာအုပ်တွေကို မခိုမကပ်ဘဲ မိတ္တူဆွဲရောင်းနေတဲ့ ဆိုင်လေ။ (မူရင်းက မရှိတော့လို့ မိတ္တူ ကူးရောင်းတာပါ)
မဒီလေးက အလိုက်သိစွာပင် “ကို စာအုပ်ဝယ်မလား”တဲ့။ အမယ် ဒီက ကောင်က စာရူးဆိုတာ သိတယ်မို့လား။ ယားနေတဲ့နေရာကို လက်ကျလာတော့
ကွက်တိဆိုပါတော့။ (အတွေးမချော်ပါနှင့်)။ ဆိုင်ထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ ဆိုင်ရှင်အဒေါ်က မျက်နှာချိုချိုနဲ့ သူမရဲ့
မျက်နှာမဲကြီးကို ပြုံးနိုင်သမျှ ပြုံးပြထားတယ်။ (ဈေးဦးပေါက်ပုံ မကျသေးဘူး)။
“အဒေါ် ရခိုင်စာအုပ်တွေကို ညွှန့်ပြပါ”လို့ ရုပ်ရှင်မင်းသား ကျော်ဟိန်းစတိုင်နဲ့ ပြောလိုက်တယ်။ (စိတ်ကူးထဲ ပုံဖော်ကြည့်ပါ)
“ဒီဖက်ကို ကြွပါရှင်၊ ဒီဖက်မှာ ရှိပါတယ်”လို့ ညွှန့်ပြတယ်။ ကျနော်လည်း ရှိသမျှ စာရေးဆရာ စတိုင်ကို အပီထုတ်ပြီ စာအုပ်တွေကို ကြည့်လိုက်တယ်ပေါ့။ ပထမဦးဆုံး ဦးထွန်းရွှေခိုင်ရေးတဲ့ “ရခိုင်ရာဇ၀င်သစ်ကျမ်း”ကို ကောက်ကိုင်လိုက်ပြီး
“ဒီစာအုပ်က ကျနော် အာဂုံဆောင်ထားပြီးပြီ” လို့ ပြောလိုက်တော့ ဆိုင်ရှင်အဒေါ်က မျက်လုံး ၀ိုင်းသွားတယ်။ နောက်တစ်အုပ်ဖြစ်တဲ့ ဦးရွှေဇံရေးတဲ့ “ရခိုင်အလင်းပြကျမ်း”၊ ဓည၀တီ ဦးအောင်ဇေယျရေးတဲ့ “ရက္ခပူရ ကြေးမုံကျမ်း”၊ ရမ်းဗြဲတောင်ကျမ်းဆရာတော်ရေးတဲ့
“ရခိုင်ရာဇ၀င်သစ်ကျမ်း” နှစ်အုပ်တွဲရယ်၊ ဆရာငမည်ရဲ့ “ပျာသတ်ရာဇ၀င်” မိတ္တူကို ကြည့်ပြီး
“ဒါတွေလည်း ဖတ်ပြီးသား။ အလကားပါ။ ကျနော်က ဒီစာတွေလောက်ကို သနားတယ်”လို့ ပြောချလိုက်တယ်။ (စတိုင်က မျပ်ကပါ) အမယ် သူမက ဒါဆိုရင်
“ဘာစာအုပ်တွေ ပြပေးရမလဲ”လို့ မေးတယ်။ ဒီက အကောင်လည်း ရှိသမျှ ပညာကို ပြချင်နေတော့
“ရှိသမျှ ရခိုင်စာအုပ်တွေကို ပြပါ”လို့ ပြောလိုက်တယ်။ သူမလည်း ရှိသမျှကို ထုတ်ပြတယ်။ (စာအုပ်ပါ) ဒီထဲကမှ
၁။ မဇ္ဈိမဒေသ အရေးတော်ပုံကျမ်း (ဦးလှထွန်းဖြူ)
၂။ ရခိုင်လူမျိုးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး (ဦးလှထွန်းဖြူ)
၃။ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ (အေးသိန်း)
၎။ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ ဆရာတော်ဦးဥတ္တမ (ဗမာ့ခေတ်ဦးဘရင်)
၅။ ဗမာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် (သခင်လွင်)
၆။ အယသမင်္ဂီ (ဦးအောင်ကျော်ခိုင်)
၇။ ရတနာရွှေမြေ (ဦးလှဒင်)
ဒီလောက်ပါပဲ ၀ယ်လာခဲ့ပါတယ်။ (ကြွားချက်) ရတနာရွှေမြေ (ဦးလှဒင်) စာအုပ်က ပိုင်ရှင်တွေ ငှါးသွားတော့ ဖြတ်ပိုင်က ပြန်လှည့်မလာတော့ဘူး။ အဓိက ကျနော် ရှာနေတဲ့ စာအုပ်က မဇ္ဈိမဒေသ အရေးတော်ပုံကျမ်း (ဦးလှထွန်းဖြူ)ပါ။ ဒီစာအုပ်ကို
ဓည၀တီအရေးတော်ပုံကျမ်းကို ဖတ်ကတည်း ဖတ်ချင်နေတာ။ မြန်မာနိုင်ငံမှာ အရေးတော်ပုံကျမ်း (၉)ကျမ်းရှိတယ်။ အနှစ်ချုပ်လိုက်တော့ (၅)ကျမ်းပဲရှိတယ်တဲ့။ အဲဒီထဲကမှ ဓည၀တီအရေးတော်ပုံကျမ်းဆိုတာ ရခိုင်နဲ့ ဆိုင်တာပေါ့လေ။
ဒီကကောင်က ရခိုင်ဆိုတော့ ဖတ်ချင်တာမှ တပိုင်းသေနေတာကို။ အဲဒီစာအုပ်ကို ဖတ်ပြီးတဲ့နောက်မှာ မဇ္ဈိမဒေသ အရေးတော်ပုံကျမ်း (ဦးလှထွန်းဖြူ) စာအုပ်က ပါလာတယ်။ ဒါနဲ့ ရှာပုံတော် မင်းသားကြီးသွားလုပ်တာ“လင်း”ဆိုင်မှာ မိတ္တူနဲ့တင်
ညားလာခဲ့တယ်။ ဆိုင်က ထွက်ခါနီး ဆိုင်ရှင်အဒေါ်က
“စာအုပ်တွေက သိပ်ရောင်းမကောင်းတော့ဘူး။ စာဖတ်တဲ့လူ တော်တော်နည်းလာတယ်။ စာအုပ်တစ်အုပ်ကို ၂၀၀၀ ၊ ၃၀၀၀ ကျပ်လောက်ဆိုရင် ညဉ်းကြတယ်။ အရက်တစ်ပုလင်းကို ၅၀၀၀၊ ၁၀၀၀၀ ကျပ်ဆိုရင် တစ်ယောက်မှ ညဉ်းသံမကြားရဘူး”လို့
ကျနော်ကို ပြောသလိုလို၊ တခြားတစ်ယောက်ကို ပြောသလိုလို ပြောချလိုက်တယ်။ ကျနော်လည်း အခုမှ သတိရတယ်။ မျက်နှာက နေပူထဲ ဖြတ်လာရတော့ အဆီပြန်နေတာကို။ ကြည့်လိုက်တော့ မျက်နှာက ပုလင်းရောင်တောက်နေတယ်။ တကယ်သမားကြီးနဲ့တူတာကို ဆိုင်ထဲမှာ ချိပ်ထားတဲ့ မှန်ကို ခိုးကြည့်လိုက်မှ သတိပြုမိတယ်။ ဘယ်တုန်းက အငြိုးတေးထားမှန်းမသိတဲ့ အိမ်သူသက်ထား မဒီကတော့ “ခီ . ခီ”ဆိုပြီး ကြောင်ရယ်သံမျိုးနဲ့ ရယ်လျှက် မျက်စောင်းထိုးကာ ရယ်နေတယ်။ အဲဒီမျက်စောင် တစ်ချက်တည်းနဲ့ကို သူနဲ့ ကျနော် ညားခဲ့တာဆိုတော့ ဒီကကောင်က ရင်ဘတ်ကြီး အင့်သွားတယ်ပေါ့။ စာအုပ်အတွက် ပိုက်ဆံရှင် ထွက်လာတော့ စိတ်ထဲမှာ “စာရေးဆရာတွေက စာရေးတာ မူးအောင်မှ မရေးတတ်တော့ ဘယ်ရောင်းကောင်းမလဲ။ တကယ်လို့သာ စာရေးဆရာတွေက
စာတွေမှာ မူးအောင်ရေးနိုင်ရင် အရက်တွေ တက်စား စာအုပ်တွေပဲ အရည်ကျိုသောက်ကြမှာပေါ့။ အဲဒီလို မူးအောင်သာ ရေးနိုင်တဲ့ စာရေးဆရာမျိုးနဲ့တွေ့ရင် ခင်ဗျားတို့ စာအုပ်ဆိုင် တိုက်ဆောက်ရတာ ကြာပြီ။ စာအုပ်ကြော်ငြာတွေကိုလည်း မြန်မာဘီယာတို့ ၊ အီးဂဲလ်တို့ ကြော်ငြာသလိုမျိုး မော်ဒန်မလေးတွေ ရေကူးဝတ်စုံနဲ့ ကြော်ငြာခိုင်းရင် ဘယ်လောက် ရင်ခုန်ဖို့ ကောင်းမလဲ”လို့ စိတ်ထဲမှ မှတ်လိုက်ပြီး ကိုယ်ဟာ ကိုယ်ပြုံးလိုက်မိတယ်..။ အဲဒီကနေ အိမ်သူသက်ထား မဒီလေးမှာတော့ စာအုပ်တစ်ပုံကို ပိုက် စာခြောက်ရုပ်လို့ ကဆုန်လပြည့်နေ့မှာ ညောင်းရေးသွန်းလောင်းနေရဲ့။
မစ္စတာဝေ
၁၃၊ ၅၊ ၂၀၁၄။
No comments:
Post a Comment