ဘားကမ့်ဆိုသည်မှာ ပုံမှန် ဆွေးနွေးပွဲ၊ အစည်းအဝေး၊ တွေ့ဆုံပွဲ စသည့် ကြိုတင် စီမံထားသော ခေါင်းစဉ်များ ထားရှိခြင်းမရှိဘဲ တက်ရောက်လာသူများက ပြောလာသော၊ ပြောချင်သော အကြောင်းအရာများကို တချိန်တည်း တပြိုင်ထဲ မှာပင် အများအပြား တင်ပြ ပေးနိုင်မည့် နေရာများစွာကို ဖန်တီးပေးသော ပွဲတစ်ခု ဖြစ်ပါသည်။
ပညာရပ်ပိုင်းဆိုင်ရာ ပွဲတစ်ခုဖြစ်သော်လည်း သမားရိုးကျ ပွဲကျင်းပပုံများမှ ခွဲထွက်သွားပါသည်။ ဝါသနာတူရာ၊ ရည်မှန်းချက်တူရာလူများစုဝေးပြီး အတွေ့အကြုံများ၊ အသိပညာများ ဖလှယ်ကြမည့်ပွဲဖြစ်ပါသည်။ ဘားကမ့်မှာဟောပြောပွဲမဟုတ်။ သရုပ်ဖော်ပြသခြင်းသက်သက်လည်းမဟုတ်။ ဆွေးနွေးပွဲကြီးမျိုးလည်းမဟုတ်။ Conference ပုံစံမျိုးလည်း မဟုတ်သည့်အတွက် Un-conference ဟု ခေါ်ဆိုပါသေးသည်။ ဘားကမ့်တွင် Experts များက Non-Experts များကို ဆရာလုပ်သည့်ပုံစံမျိုးလည်းမဟုတ်ပါ။ မိမိကျွမ်းကျင်သည့်ကဏ္ဍများ၊ တစ်ပါးသူကို ဝေမျှထိုက်မည့်အကြောင်းအရာများ လူတိုင်းတွင်ကိုယ်စီရှိတတ်ကြကြောင်း ဘားကမ့်ကယူဆပါသည်။ ထို့အတွက် ပညာဖြန့်ဝေခြင်းပုံစံကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်မည့် Event ဖြစ်ပါသည်။
ဘားကမ့်တွင် စည်းများ၊ ဘောင်များ ၊ agenda များမရှိဘဲ အချင်းချင်း လွတ်လပ်စွာ ဆွေးနွေးဖလှယ်ကြပြီး ဆွေးနွေးပွဲ၏ ခေါ်ဆောင်ရာကိုအလိုက်သင့်လိုက်သွားရုံသာ ဖြစ်ပါသည်။ ဘားကမ့်၏ အသက်မှာ "participating" - ကိုယ်တိုင်ပါဝင်ခြင်း ဖြစ်ပြီးဘေးကနေကြည့်နေမည့်လူမျိုးမပါဝင်ပါ။ ထို့ကြောင့် ဘားကမ့်ကို လာသည့်လူတိုင်း မိမိသိသည့်အကြောင်းအရာများကို ပေးပြီး မိမိမသိသည့် အကြောင်းအရာများကိုလည်း ယူသွားနိုင်ကြမည်ဖြစ်ပါသည်။
စတင်ကျင်းပခဲ့သော နိုင်ငံ
ဘားကမ့် မပေါ်ခင်က Foobar တို့မှတစ်ဆင့် Foo Camp ဆိုပြီး ပြောင်းလဲရာမှ ဘားကမ့်(BarCamp)ဆိုသော နာမည်နှင့်အတူ ကမ္ဘာပေါ်၌ပထမ ဦးဆုံးဘားကမ့်ပွဲကို ကယ်လီဖိုးနီးယားပြည်နယ်၊ ပလိုအတိုမြို့မှာ ၂၀၀၅ ခုနှစ်မှာ ဩဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ကာ Barcampers ၂၀၀ ကျော် တက်ရောက်ခဲ့ပါသည်။ နောက်ပိုင်းမှာ မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ ဥရောပအရှေ့အလယ်ပိုင်းဒေသ၊ ဩစတြေးလျနှင့် အာရှတိုက်ရှိ မြို့အတော်များများတွင် စတင် ကျင်းပနိုင်ခဲ့ ကြပါသည်။ ၂၀၀၆ ခုနှစ် ဩဂုတ်လ ၂၅ -၂၇ ရက်နေ့ကို BarCampe Earth အဖြစ်သတ်မှတ်ကာ တစ်ကမ္ဘာလုံး ရှိမြို့ကြီးများတွင် တပြိုင်နက်စတင် ကျင်းပနိုင်ခဲ့ပါသည်။ ပထမဆုံးဘားကမ့်ပွဲကို ၂၀၀၅ ခုနှစ် ဩဂုတ်လ ၁၉- ၂၁ မှာ ကျင်းပခဲ့ပြီး ၂ နှစ်ပြည့်တဲ့ ၂၀၀၇ ခုနှစ် ဩဂုတ်လ ၁၈-၁၉ ရက် မှာ ဘားကမ့်၏ဒုတိယမြောက်နှစ်ပတ်လည်အဖြစ် BarCampe Block ကို သတ်မှတ်ခဲ့ကာ မူလကျင်းပခဲ့ရာ ကယ်လီဖိုးနီးယားပြည်နယ်၏ ပလိုအတိုမြို့မှာ ကျင်းပခဲ့ပြီး ၈၀၀ ကျော် တက်ရောက်ခဲ့ပါသည်။
ဘားကမ့်၏ ရည်ရွယ်ချက်များ
ဘားကမ့်တွေအားလုံးသည် ပေါင်းစည်းသည့်ပုံစံမျိုး ဖွဲ့စည်းထားခြင်းမဟုတ်ကြဘဲ နိုင်ငံတစ်ခုနှင့်တစ်ခု လွတ်လပ်စွာ ပြုလုပ်ကျင်းပခြင်းမျိုး ဖြစ်သော်လည်း ဘားကမ့်တိုင်းတွင် တူညီသောဘုံရည်မှန်းချက် များက အတူတူပင် ဖြစ်နေတတ်ကြပါသည်။ တစ်ဦးတစ်ယောက်မှစပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မိမိတို့ကျွမ်းကျင်ရာ၊ တတ်မြောက်ထားရာ ပညာရပ်နယ်ပယ်များ၌ အသိပညာပိုင်းဆိုင်ရာများ၊ အတတ်ပညာပိုင်းဆိုင်ရာများ၊ တစ်ဦးနှင့်တစ်ဦး ကွာခြားချက်များ လျော့ နည်းလာစေဖို့နှင့်အတူယှဉ်တွဲကာ ပူးပေါင်းဆောင်ရွက်နိုင်မှုဆိုသည့် အသိတရားများမှတစ်ဆင့် လူသားအကျိုးပြုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်နိုင်ရေးတို့ဖြစ်ပါသည်။ ထိုလူသားအကျိုးပြု လုပ်ငန်းများမှ တစ်ဆင့် အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာဖို့အတွက် ရည်ရွယ်ထားခြင်းလည်း ဖြစ်ပါသည်။ ဘားကမ့်ကို အဓိကထင်ရှားစေသော အချက်တစ်ခုက တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုခုမှ ချုပ်ကိုင်လွှမ်းမိုးခြင်းကို တားဆီးပိတ်ပင်ပြီး လွတ်လပ်မှုရှိသည့် လူမှုအဖွဲ့အစည်းတစ်ရပ်နှင့် နည်းပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ စဉ်ဆက်မပြတ် ထွက်ပေါ်လာရေးအတွက် တွန်းအားတစ်ရပ်ပဲဖြစ်ပါသည်။
စီစဉ်ပုံ
ဘားကမ့်တွင် ဘားကမ့်စီစဉ်သူများက တက်ရောက်လာပြီး မိမိပြောလို၊ ဆွေးနွေးလိုသည့် အကြောင်းအရာများကို သီးသန့်တင်ပြနိုင်အောင် အခန်းများ စီမံပေးထားမည်။ ပြောလိုသည့်သူများသည် မိမိတင်ပြပြောဆိုလိုသော အကြောင်းအရာ ခေါင်းစဉ်များကို ပွဲအတွင်းအစီအစဉ် ကြေငြာသင်ပုန်းတွင် လွတ်လပ်စွာ လာရောက်ပြီး မိမိအစီအစဉ်ဖြင့်ကပ်ထားနိုင်သည်။ ထိုသင်ပုန်း၌ စီစဉ်ထားသော အခန်းနံပါတ်များနှင့် အချိန်များကို ဖော်ပြထားမည် ဖြစ်သည်။ ထိုကဲ့သို့ လာရောက် ကပ်ထားနိုင်ရန်အတွက် ဘားကမ့် စီစဉ်သူများနှင့် ကူညီသူများက တက်ရောက်လာသူများကို ကူညီပေးမည် ဖြစ်သည်။ အစီအစဉ်အတိုင်း အချိန်နှင့် နေရာ သတ်မှတ်ထားသည့်အခန်းများ၌ မတူညီသည့် အကြောင်းအရာများကို တပြိုင်တည်းကျင်းပပေးနေမည်ဖြစ်ပြီး ဘားကမ့်ကို လာရောက် သူများကလည်း ၎င်းတင်ပြပြောဆိုမှုများကို မိမိတို့စိတ်ဝင်စားရာ နေရာများတွင် လွတ်လပ်စွာ သွားရောက်နားထောင်ပြန်လှန်ဆွေးနွေးနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ တင်ပြချက်များကို ပိုမိုကျယ်ပြန့်စွာ ဖလှယ်နိုင်ရန်အတွက် အကြောင်းအရာ တစ်ခုချင်းစီ၏တင်ပြဆွေးနွေးချိန်များကို ကန့်သတ်ထားမည်ဖြစ်သည်။ ၎င်းမှာ အများအပြားထွက်ပေါ်လာမည့် ခေါင်းစဉ်များအတွက် တက်ရောက်လာသူအားလုံးနားထောင်နိုင်စေရန် ပြုလုပ်ပေးထားခြင်းဖြစ်သည်။ လူအများ စိတ်ဝင်စားမှုအများဆုံးနှင့် အားပေးမှု အများဆုံးဖြစ်နေသည့် ခေါင်းစဉ်အောက်က ဆွေးနွေးချက်များအတွက် အချိန်ပိုရရှိနိုင်အောင်ဆောင်ရွက်ပေးထားမှာလည်းဖြစ်သည်။
ဘားကမ့်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီရသည့် အဖွဲ့အစည်းများ
ဘားကမ့်ဖြစ်မြောက်ရေးအတွက် အဓိကပံ့ပိုးကူညီရသည့် အဖွဲ့များအဖြစ် အဖွဲ့ ၅ ဖွဲ့ကို Barcamper များထဲမှ ရွေးချယ်ဖွဲ့စည်းကြရပြီး ဘားကမ့်ဖြစ်မြောက်ရေးအတွက် လုပ်ငန်းတာဝန်များကို ခွဲဝေယူကြရသည်။
Organizer Team,
Co-ordinator Team,
Admin Group,
Marketing Group နှင့်
Technical Support Team တို့ဖြစ်ကြပြီး အဆိုပါ အဖွဲ့ ၅ ဖွဲ့မှ ဘားကမ့်ပွဲအတွက်လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ကြရသော်လည်း အမှန်တကယ် အဆိုပါ အဖွဲ့ ၅ ဖွဲ့စလုံးသည် ဘားကမ့်ကို ထိန်းချုပ်ပိုင်ခွင့်မရှိသလို စိတ်ကြိုက်စီမံပိုင်ခွင့်လည်းမရှိချေ။
အကျိုးကျေးဇူး
ဘားကမ့်စီစဉ်သူတွေက ဝင်ရောက်စွက်ဖက်မှာ မဟုတ်တဲ့အတွက် မိမိတို့ ဘာသာ လွတ်လပ်စွာ နှီးနှော ဖလှယ်နိုင်မှာဖြစ်ပါတယ်။ ဘားကမ့်ပြုလုပ်တဲ့ပွဲတွေမှာ လူမှုရေး၊စီးပွားရေး၊နည်းပညာစတဲ့ ကဏ္ဌများစွာ ကိုပေါင်းကူးပေးတာ ဖြစ်တဲ့အတွက် နည်းပညာ ရှိပြီး စီးပွားရေးအကြောင်းသိရှိချင်သူ၊ စီးပွားရေး နယ်ပယ်မှာထွန်းကားပေမယ့် နည်းပညာပိုင်းမှာ အားနည်းနေသူ စတဲ့ သူတွေအချင်းချင်းကို တွေ့ဆုံပေးနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ဘားကမ့်တွေရဲ့ ပြုလုပ်ရ တဲ့ ရည်ရွယ်ရင်းဟာ ဘာလဲဆိုပြီးမေးလာ စရာဖြစ်လာနိုင်ပါတယ်။ ဘားကမ့် စီစဉ်သူများက ဒီလို တချိန်တည်းတပြိုင်ထဲမှာ အခွင့်အလမ်းပေါင်းများစွာ တိုးတက် လာစေမယ့် ရည်ရွယ်ချက်ကလွဲပြီး မည်သည့် ရည်ရွယ်ချက်မှမရှိဘူးဆိုတာတော့ ရဲရဲပြောချင်ပါတယ်။ ကမ္ဘာနဲ့ တလွှားဘာကြောင့်ဘားကမ့်ပေါင်း များစွာ ကို အကြိမ်ကြိမ်ပြုလုပ်နေတယ်ဆိုတဲ့အကြောင်းဟာ မိမိတို့ဒေသအတွင်းမှာရှိတဲ့ ပြန့်ကျဲနေတဲ့ အားတွေကို စုစည်းပေးစေနိုင်တာကြောင့် လို့ဘဲ ဆိုရမှာ ဖြစ်ပါတယ်။
ဘားကမ့်ဟာ မတူညီတဲ့ လုပ်ရိုးလုပ်စဉ်တွေကို တွန်းဖယ်ပြီး တချိန်ထဲမှာ များစွာသော ကဏ္ဌတွေအတွက် အချိန်တိုတိုနဲ့ထိရောက်တဲ့ ပေါင်းစည်းမှုတခုကို ရရှိစေမယ့် ပွဲတွေလို့ ဆိုရင်လဲ ကျွန်တော်တို့ ပြုလုပ်တဲ့ ရည်ရွယ်ရင်းကို ပိုမိုထိရောက်မယ်လို့ထင်ပါတယ်။ ဒါကြောင့် ဘားကမ့်ကိုလာတဲ့ စိတ်ဝင်စားသူတွေအတွက်ရရှိနိုင်မယ့် အကျိုးအမြတ်ပါးပါးလေးတခုလောက်ကို ထုတ်ကြည့်ရရင် မိမိတို့ တင်ပြချင်တဲ့အကြောင်း အရာတွေ နည်းပညာတွေ စိတ်ကူးတွေကို မိမိတို့အစီအစဉ်နဲ့ သီးသန့်လုပ်ဆောင်တဲ့အခါ ကုန်ကျမယ့် ငွေကြေးနဲ့အချိန်တွေကို လုံးဝလျော့ချပေးလိုက်နိုင်ပါတယ်။ နောက်တခုကတော့ မိမိတို့ သဘောတရားတွေကို မိမိရဲ့ ထင်မြင်ယူဆချက်တွေကို ပြန်လှန်မေးခွန်းထုတ်ခြင်းတွေ အတွက် လုံလောက်တဲ့ ပညာရှင်အများ အပြား ကိုလဲ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ လာရောက်သူတွေအတွက် အဓိကကျတဲ့ ပြင်ဆင်မှုကတော့ မိမိက ဘာကိုသိချင်တယ်၊ ဘာကို တင်ပြချင်တယ်၊ ဘာကို မေးမြန်း ချင်တယ်၊ ဘယ်လိုအကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုတဲ့အချက်တွေအပြင် မိမိကိုယ်တိုင်ဟာ ဒီဘားကမ့်မှာ ထင်ပေါ်ကျော်ကြားသူ တယောက် ဖြစ်လာ နိုင်တယ်ဆိုတဲ့ ယုံကြည်မှုလဲ ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။
မေးပါများစကားရ ဆိုတဲ့ စကားပုံကတော့ ဘားကမ့်မှာထိထိရောက်ရောက် အသုံးချသင့်တဲ့ စကားတခု ဖြစ်ပါတယ်။ ဘားကမ့်တွေမှာ ပြုလုပ်လေ့ရှိတဲ့ အစီအစဉ်တွေအပြင် ပြည်ဘားကမ့်မှာ ပြုလုပ်မယ့်ထူးခြားတဲ့အစီအစဉ်တွေလဲ ပါဝင်ဦးမှာဖြစ်ပါတယ်။ ပြည်ဘားကမ့် လို့ ခေါ်ဆိုရတာကတော့ ဘားကမ့်ပြုလုပ်တဲ့နေရာတွေမှာ ပြုလုပ်တဲ့ဒေသ ကိုအစွဲပြုခ်ါဆိုလေ့ရှိတာကြောင့် ပြည်ဘားကမ့်လို့ ခေါ်ရတာ ဖြစ်တယ် ဆိုတာ ဘာမှ ဝိယောဓိမဖြစ်ပါနဲ့။ တကယ်က နေရာဒေသဟာ ကျွန်တော်တို့အတွက် အရမ်းအဓိကကျတဲ့စိတ်ဝင်စားစရာ အကြောင်းတရားမဟုတ်လို့ဘဲ ဖြစ်ပါတယ်။ ကဲပါလေ ဘာဘဲပြောပြော အခြား ဘားကမ့်ပေါင်းများစွာမှာ မပါဝင်နိုင်တဲ့ ထူးခြားအစီအစဉ်တွေကို ပြည်ဘားကမ့်မှာ ထည့်သွင်း ထားဦးမှာ မို့ ဘာတွေလဲ ဆိုတာကတော့ လာရောက်တဲ့အခါမှာ ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင် ဒီအတိုင်းဘဲ ထားလိုက်ပါဦးမယ်။ ပထမဆုံးအနေနဲ့ သင့်အတွက် ပြည်ဘားကမ့်ကို လာရောက်ဖို့ အတွက် အမှတ်တရတီရှပ်လေးကို ဘယ်လိုအနေအထားဝတ်ချင်တယ်ဆိုတာကို ဒီဆိုဒ်မှာ မှတ်ပုံတင်ရင်း မှာထားနိုင်သလို သင်ဘယ်သူ ဘယ်ကနေလာမယ်ဆိုတာနဲ့ ဘာခေါင်းစဉ်မျိုးကို ပြောမယ်ဆိုတာလဲ ကြိုတင် ကြော်ငြာထားနိုင်ပါတယ်။ တကယ်လို့ ဒီမှာ မှတ်ပုံတင်မထားရင်လဲ ဘားကမ့်ပွဲအတွင်းမှာ သင်ဟာ ဝင်ရောက်တင်ပြဆွေးနွေးသူတယောက် ဖြစ်နေနိုင်ပါတယ်ဆိုရင် အရမ်းမအံ့ဩနဲ့ဦးနော်။
ရရှိနိုင်မည့် အခွင့်အရေးများ
ဘားကမ့်ပွဲလာလျှင် Laptop တစ်လုံးနှင့် data သိမ်းနိုင်သော deviceများကို ယူဆောင်လာသင့်သည်။ ဘားကမ့်ကိုတစ်ဖက်ကကျင်းပနေသကဲ့သို့ မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိကိုလည်း Free Service ပေးထားသော Wireless Internet Accessကို ရယူသုံးစွဲနိုင်မည်ဖြစ်သည်။ အထူးခြားဆုံးမှာ ဘားကမ့်ပွဲအတွင်းမှ သတင်းများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များကို အင်တာနက်စာမျက်နှာထက်ကို တိုက်ရိုက်ပေးပို့နိုင်သည့်အတွက် အထူးခြားဆုံး ပွဲတစ်ပွဲဖြစ်ပါသည်။
ပထမအကြိမ် ဘားကမ့်များ
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ဘားကမ့်ကို ရန်ကုန်မြို့၌ ဇန်နဝါရီလ ၂၃ရက်နှင့် ၂၄ရက်နေ့များတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဘားကမ့်ရန်ကုန်ပွဲသို့ ပြည်ပမှ နိုင်ငံခြားသား ပညာရှင် ခြောက်ဦးခန့် တက်ရောက် ခဲ့ပြီး ပြည်တွင်းမှ တက်ရောက်သူများ အပါအဝင် စုစုပေါင်း လူဦးရေ ၃၀၀ဝ (သုံးထောင်) ကျော် တက်ရောက်ခဲ့ ကြပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး အကြိမ် ဘားကမ့်ပွဲသည် နိုင်ငံတကာတွင် တက်ရောက်သူ အများဆုံး ပွဲတစ်ပွဲ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Ref: Sxing Zay Mon
No comments:
Post a Comment