ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ရွှေဂတ်(စ်) စီမံကိန်းနှင့် တရုတ်အမျိုးသားတို့၏ တတိယပြည် ထူထောင်ရေး


သုံးသပ်တင်ပြသူ - အောင်ရဲလင်း (စစ်တွေ) ဆောင်းပါး

အာရှဒေသတွင်း အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ရန်နှင့် အနောက်အုပ်စု၏ အာရှလွှမ်းမိုးမှုများကို ထိန်းချူပ်နိုင်ရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် အာဆီယံဒေသ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ် မက်လုံးပေးပြီး အမြတ်ထုတ်လာသည့် တရုတ်အမျိုးသားတို့၏ မဟာဗျူဟာ နိုင်ငံရေးအခင်းအကျင်းများကြားတွင် မြန်မာပြည် အနောက်ဘက်နယ်စပ်ဒေသတစ်ခုဖြစ်သော ရခိုင်ပြည်၊ ကျောက်ဖြူမြို့သည်လည်း အသုံးချခံပြည်နယ်တစ်ခု အဖြစ်ပါဝင်လာသည်ကို တွေ့ရသည်။
တရုတ်အမျိုးသားများအနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေး ရင်းနှီးမြုပ်နှံမှုများပြုရာတွင် ဒေသအကျိုးဖြစ်ထွန်းစေရ မည်ဟု မက်လုံးများပေးပြီး ၎င်းတို့ အကျိုးအမြတ်အတွက် ယခင် မြန်မာ စစ်အာဏာရှင်များနှင့် ပူးပေါင်းပြီး တတိယ တရုတ်ပြည်ကို ထူထောင်ရန်နှင့် ထိုဒေသရှိ တိုင်းရင်းသားလူမျိုးများကို အပြီးပိုင် ဖယ်ရှားရန် စီးပွားရေး ပရိယာယ်များနှင့် ၀င်ရောက်လာသည်ကို ကျောက်ဖြူမြို့ မဒေးကျွန်းမှ တရုတ်တို့၏ နယ်ချဲ့မှုကို ယခုအခါ ပီပြင်စွာ တွေ့မြင်လာရပြီဖြစ်သည်။


ယင်းသို့ တတိယ တရုတ်ပြည် ထူထောင်ရေး ပထမခြေလှမ်းအစအဖြစ် ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် တရုတ်အမျိုးသား ကမ်းလွန်ရေနံရှာဖွေရေး ကော်ပိုရေးရှင်း (CNOP) နှင့် ယခင် မြန်အာစစ်အုပ်စုများသည် ရခိုင်ပြည်နယ် ကုန်းတွင်းရေနံရှာဖွေမှု စတင်ရန် စာချူပ်ချူပ်ဆိုခဲ့ကြသည်။ ထိုစာချူပ်၏ ဒုတိယခြေလှမ်းဖြစ်သော့  ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် မြန်မာနိုင်ငံ အလယ်ပိုင်းတစ်ခုလုံးကို ဖြတ်သန်းသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကိုမင်းအထိ အလျား ၂၃၈၉ ကီလိုမီတာ ရှည်လျားမည့် ပိုက်လိုင်းကို အကောင်အထည်ဖော်လာခဲ့ကြသည်။
ယခုအခါတွင် ကျောက်ဖြူမြို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး၊ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ ဓာတ်ငွေ့ သန့်စက်စက်ရုံနှင့် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခြင်းလုပ်ငန်းများဖြစ်ကြသည့် တတိယ တရုတ်ပြည် ထူထောင်ရေး ဗျူဟာများမှာ သက်ဝင်စွာနှင့် အကောင်အထည်ဖော် အောင်မြင် ပြီးစီးခဲ့ပြီး ဖြစ်သည်။
ယင်း၏ ရလဒ်အဖြစ် ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်း၌ ကျေးရွာဒေသခံများ၏ လယ်ဧက ၂၀၀ ကျော်ကို အဓမ္မသိမ်းယူခဲ့သည်။ တဖန် တရုတ်အမျိုးသားပိုင် ကုမ္ပဏီမှ ငှားရမ်းလာခဲ့ကြသော ယူနန်ပြည်သား တရုတ်များနှင့် ဒေသခံ ရခိုင်အမျိုးသားများနှင့် မြန်မာ အလုပ်သမားတို့အား ခွဲခြားဆက်ဆံမှုများ ရှိနေခဲ့ပြီး တရုတ်အမျိုးသား အလုပ်သမားတို့မှာ တစ်နေ့လျှင် ကျပ်ငွေ ၈၀၀၀ ရပြီး၊ မြန်မာအလုပ်သမားများမှာ တစ်နေ့ ကျပ်ငွေ ၃၅၀၀ သာ ရရှိကြသည်။
လုပ်ခလစာ လုံလောက်မှု မရှိသည့်အပြင် ကြမ်းတမ်းသော ဘ၀နေထိုင်မှု ပုံစံများကို မြန်မာလူမျိုးများ လူးလိမ့်စွာ ခံစားလာကြရသည်။ ဟောင်းနွမ်းနေပြီဖြစ်သော သတင်းစာကဒ်ထူ စက္ကူများကို ထရံအဖြစ်၊ ပေါက်ပြဲပျက်စီးနေသော ပီနံအိတ်များကို အမိုးအဖြစ် တည်ဆောက်ထားသော ၄ ပေအမြင့်၊ အလျားအနံ ၆ ပေသာသာရှိသည့် တဲအိမ်များတွင် မိသားစု (၄) ဦးနှင့် အထက် ဆင်းရဲပင်းပန်စွာ နေထိုင်ကြရသည်။ သောက်သုံးရေ ရှားပါးမှု၊ တရုတ်ပြည်အ၀ှမ်း လျှပ်စစ်မီး ထိန်ထိန်လင်းစေမည့် မဒေးကျွန်းမှ သဘာဝသယံဇာတများကို ထိုကျွန်းနေ မြန်မာတိုင်းရင်းသားတို့ ယနေ့တိုင် ခံစားခွင့် မရှိသေးပေ။
များပြားလှသော ကျွန်းရှိ နေ့စား အလုပ်သမားများ၏ ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းများ တည်ဆောက်ပေးထားခြင်း မရှိသည့်အတွက် ကွမ်းယာဆိုင်တွင် တင်ရောင်းသည့် ပါရာစီတမော(လ်)ကိုသာ အားထားပြုရသော ဘ၀အခြေအနေတို့သည် ယနေ့ ဒီမိုကရေစီအပြောင်းအလဲနှင့် လုံးလုံးမသက်ဆိုင်သလို အပယ်ခံရခိုင်အမျိုးသားတို့ အလူးအလဲ ရင်ဆိုင်ဖြတ်သန်းနေကြရသည်။
အနာဂတ် ရခိုင့်မျိုးဆက်သစ်များဖြစ်လာကြမည့် (၅) နှစ်မှ (၁၄) နှစ် အရွယ် ကလေးငယ်များ ကျွန်းပေါ်တွင် (၄၀၀) ခန့် ရှိပြီး ထိုကလေးငယ်များ၏ ပညာရေးအတွက် အထောက်အကူပြုမည့် စာသင်ကျောင်းများ ဖွင့်လှစ်ထားရှိမှုတို့ မရှိခြင်းတို့သည့် တတိယ တရုတ်ပြည် ထူထောင်ရေးနှင့် ရခိုင့်မျိုးဆက်များ၏ တွေးခေါ်သိမြင်မှု ဥာဏ်ပညာကို ယခုကတည်းက အဆိပ်ခတ်ထားခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေကို ၂၀၁၁ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး ယင်း ဥပဒေကို အကောင်အထည်ဖော်ရန် ကျောက်ဖြူဒေသများတွင် တည်ဆောက်မည့် စီးပွားရေးဇုန်များအတွက် မြန်မာနိုင်ငံ အလုပ်သမားတွေကို ငှားရမ်းဖြည့်ဆည်းပေးရမည့်ဆိုသော်လည်း လက်တွေ့တွင် စိတ်ကူးယဉ် အိမ်မက်တစ်ခု ဖြစ်နေခဲ့ရသည်။
ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာ အခြေချကာ လုပ်ကိုင်လာခဲ့ကြသည့် လယ်မြေများကို ပိုင်ရှင်များ မသိလိုက်ဘဲ အဓမ္မသိမ်းပိုက်ခံလိုက်ရခြင်း၊ ထိုက်တန်သည့် လျော်ကြေးငွေ တစုံတရာ ပေးလျော်ခဲ့ခြင်း မရှိခြင်း။ လိပ်မော်၊ ဂုံးချိန် ကျေးရွာများတွင် ပိုက်လိုင်းဖြတ်သန်းရန် အဓမ္မသိမ်းယူပြီး ငွေကြေးအနည်းငယ်သာ လျော်ကြေးအဖြစ် ပြန်လည်ပေးလျော်ခဲ့သော်လည်း လယ်မြေများ ဆုံးရှုံးခဲ့ရခြင်းတို့ကြောင့် ပူဆွေးသောကရောက်ရမှုတို့သည် နယ်ချဲ့တရုတ်အမျိုးသားတို့၏ တတိယ တရုတ်ပြည်ထူထောင်ရေး စီမံချက်များနှင့် ယခင်စစ်အုပ်စု၏ ရခိုင်အမျိုးသားပိုင်မြေများကို ဗမာပြည်တည်ဆောက်ရေးအတွက် အသုံးချခဲ့ခြင်းတို့ဖြစ်ကြောင်း တစစ သိမြင်ခံစားလာရသည်။
ပိုက်လိုင်း သယ်ဆောင်ခဲ့သည့် ဆယ့်နှစ်ဘီး ကားကြီးများ နေ့ညမပြတ် ဖြတ်သန်းနေခဲ့ကြသည့်အတွက် ပိုက်လိုင်းတလျှောက် ဖုန်လုံးများ တထောင်းထောင်း ထနေသည့်အပြင် ကျောက်ခွဲစက်များမှ လွင့်စင်လာသည့် အမှုန်များကြောင့် အနီးအနားက ရွာများမှာ ဖုံးအလိမ်းလိမ်းဖြစ်နေပြီး မသန့်ရှင်းသောလေကို နေ့စဉ်နှင့်အမျှ ရှုရှိုက်ခဲ့ကြရသည့်အတွက် ယခုအခါ ထိုဒေသမှ များပြားသော တောင်သူလယ်သမားများမှာ အဆုတ်ရောဂါ၊ လည်ချောင်းရောဂါ စသည့် ဝေဒနာများကို အလူးအလိမ့်ခံစားနေကြရသည်။
မြန်မာအစိုးရအနေဖြင့် ဒေသအကျိုးအတွက် လုပ်ဆောင်နေပါသည် ဆိုသော်လည်း ယခုအခါတွင် ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ လယ်မဲ့ယာမဲ့ အနာဂတ်မဲ့ ဘ၀များနှင့် နိမ့်ကျသော လူနေမှုဘ၀များကိုသာ မသေရုံတမယ် ရင်ဆိုင်ဖြေရှင်းနေကြသည်။
နိုင်ငံတော်၏ တည်ဆဲဥပဒေများတွင် အကြီးစားစက်မှုလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးများ သက်ရောက်မှုမှ ကာကွယ်ပြင်ဆင်ရန် လိုအပ်ကြောင်း ဖော်ပြပါရှိသော်လည်း ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစံမံကိန်းများနှင့် ပတ်သက်ပြီး မည်သည့်လေ့လာမှုတစုံတရာမျှ လူသိရှင်ကြား တရားဝင် ထုတ်ပြန်ကြေညာမှုများ အလျဉ်းမရှိခဲ့ချေ။
စီမံကိန်းနယ်မြေများရှိ ရခိုင်အမျိုးသမီးများ၏ ဘ၀လုံခြုံမှုမှာလည်း မှီခိုအားကိုးရာ ကင်းမဲ့နေပြီး ဌာနေတိုင်းရင်းသားများဖြစ်ပါလျက် နိုင်ငံသားများအပေါ် ကာကွယ်စောင့်ရှောက်မှု ဥပဒေများ အထပ်ထပ်ကြားမှ နိုင်ငံခြားသား တရုတ်အမျိုးသားတို့၏ ဗလကာရပြုကျင့်မှုများ၊ နိုင်ထက်စီးနင်းပြုမှုများကို အသက်အရွယ်ကြီးရင့်လှသော မိအိုဖအိုများနှင့် အရွယ်မရောက်သေးသည့် မိသားစုရှိ ရခိုင့်မျိုးဆက်သစ်များ အသက်ရှင်နိုင်ရေး ၀မ်းရေးတွက် မျက်ရည်ဖြင့် ဖြေသိမ့်နေကြရသည်။ ဘာသာစကား ကွဲပြားသော နိုင်ငံခြားသား တရုတ်အမျိုးသားတို့၏ ရမ္မက်မျက်လုံးများအောက်တွင် အရွယ်မရောက်သေးသော ရခိုင့်သမီးပျိုများ အရှက်ကင်းမဲ့နေရသည့် ဖြစ်ရပ်များအပေါ် ပြည်ထောင်စုအစိုးရတို့ မျက်ကွယ်ပြုထားခြင်းသည် တရုတ်အမျိုးသားတို့၏ တတိယပြည် ထူထောင်ရေးတွက် အားပေးအားမြှောက်ပြုရာရောက်နေသည်။
ထို ဖြစ်ရပ်များကြောင့် နိုင်ငံခြားသား အလုပ်သမားများနှင့် မြန်မာအလုပ်သမားများတို့ ရန်ပွဲများဖြစ်ပွားခဲ့ရသော်လည်း ငွေများ တရားနိုင် ဆိုသကဲ့သို့ ယူနန်ပြည်သား တရုတ်အမျိုးသားတို့ကသာ အနိုင်ရခဲ့ကြကြောင်း ဒေသခံများက ထွက်ဆိုပြောကြားသည်။
သို့ဖြစ်ရပ်ကြောင့် ရခိုင်အလုပ်သမားများအနေဖြင့် ထိုဒေသကို စွန့်ခွာရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြသော်လည်း အလုပ်လက်မဲ့ အခြေအနေကို ကျော်လွှားရန် အင်အားမရှိခြင်းတို့ကြောင့် ပြည်ထောင်စုအစိုးရ၏ ပူလောင်သော အရိပ်အာဝါသာအောက်တွင် ထပ်မံ အချိန်ပေးကာ ဖြတ်သန်းနေကြရသည်။
ယနေ့ အစိုးရလက်ထက် ဒေသတွင်း ဖွံပဖြိုးတိုးတက်မှုဆိုသည်မှာ စကားအရာသာရှိပြီး ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့မြင့်မားမှုနှင့် နယ်မြေများဆုံးရှုံးမှုတို့ကိုသာ ဦးတည်နေခဲ့ကြောင်း တွေ့မြင်ရသည်။
ကျောက်ဖြူမြို့နှင့် ငါးကီလိုမီတာ အကွာတွင်ရှိသည့် မဒေးကျွန်းတွင် ရေနံလှောင်ကန် စက်ရုံနှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်မှုများကို တရုတ်နိုင်ငံအမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) က တည်ဆောက်နေခြင်းဖြစ်ကာ ရေအနက် မီတာ ၂၀ ပင်လယ်ရေအောက် သဘာဝဓာတ်ငွေ့ပိုက်လိုက်းချရန် ဒိုင်းနမိုက်များနှင့် ခွဲဖြိုဖျက်မှုများပြုလုပ်ပြီး ရေအောက်မှိုင်းခွဲထွက်ရှိလာသည့် ကျောက်စကျောက်နများကို ရေတိမ်ဒေသကမ်းခြေများတွင် စည်းကမ်းမဲ့စွာ စွန့်ပစ်ထားမှုများကြောင့် ယခင်က သဘာဝအလျောက် တည်ရှိခဲ့သည့် ငါးနှင့် ရေနေသတ္တ၀ါများ ကျက်စားပျော်မြူးရာ တစ်မိုင်ခန့်ရှည်လျားသော သန္တာကျောက်တန်းမှာ ပျက်စီးခဲ့ရသည်။
တတိယတရုတ်ပြည် ထူထောင်ရေး စီမံကိန်းမျာ မတိုင်မီက ကျောက်ဖြူမြို့တွင် ငါးပုစွန် အအေးခန်း စက်ရုံ ၁၀၀ ကျောက် ရှိနေခဲ့ပြီး ယခုအခါ ရေနက်ဆိပ်ကမ်းနှင့် ပိုက်လိုင်းစီမံကိန်းများကြောင့် ရေလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများမှာ မရှိသလောက်အခြေအနေ ရောက်ရှိသွားကာ ယခုအခါတွင် အအေးခန်းစက်ရုံ ၁၀ ခန်းသာသာ ကျန်ရှိခဲ့ပြီး ဒေသတွင်း ရေလုပ်ငန်းစီးပွားရေးမှာ လွန်စွာ ထိခိုက်ခဲ့ရသည်။
ဒေသတွင်း အကျိုးဖြစ်ထွန်းစေရမည်ဟူသော တရုတ်အမျိုးသားတို့၏ နယ်မြေသစ်ချဲ့ထွင် တတိယပြည် ထူထောင်မည့် စီမံကိန်းများနှင့် ကိုယ်ကျိုးရှာယခင်မြန်မာစစ်ခေါင်းဆောင်ကုမ္ပဏီများ၏ ဒေသခံအာဏာပိုင်အဖွဲ့အစည်းများကြားတွင် သယံဇာတပေါကြွယ်ဝသည့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများသည် နယ်မြေဆုံးရှုံးမှုနှင့် လူညွန့်တုံးမည့် အနာဂတ်သို့သာ ရှေးရှုနေကြောင်း သုံးသပ်လိုက်ရပါသည်။

No comments:

Post a Comment