ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

တိုင်းပြည်က မွဲမွဲ၊ ပညာရေးက ဖြေးဖြေး


[[[[ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၇) မှာ ဖော်ပြပြီးဆောင်းပါ။
ဆရာ/မများ၏ ဆွဲခန့် ၀န်ထမ်းတစ်တစ်နေရာအတွက် ကာလပေါက်ဈေးတွေကလည်း မြင့်မားနေသည်။ စေတနာ၊ ၀ါသနာထက် အလုပ်လက်မဲ့ခေတ်မှာ အသပြာ ပါဆယ်ပါးစပ်က နာမည်ကြီးနေသည်။ တစ်ချို့ နယ်စွန်နယ်ဖျား ကျေးလက်ဒေသများမှာဆို တစ်နှစ်လုံး ကျောင်းဖွင့် တစ်ရက်သာ ဆရာ/မကို မြင်ဖူးပြီး တစ်နှစ်လုံးကို ပြန်၍ မပေါ်လာတော့သည်ကိုလည်း ကြားရသည်။]]]]]

ယနေ့ ခေတ်သည် ပညာကိုအခြေခံသည့် လူ့အဖွဲ့အစည်း (Knowledge-Based Society)ဟု ခေါ်ဆိုနေကြပြီးဖြစ်သည်။ ပညာခေတ်မှနေ အိုင်တီခေတ်(IT)သို့ ရွေ့လျားနေပြီးဖြစ်သည်တင်မက ကမ္ဘာ့ရွာ ဂလိုဘယ်လိုင်းဇေးရှင်းသို့ပင် ရောက်ရှိနေပြီဟု ကမ္ဘာ့နိုင်ငံအချို့က ကြွေးကြော်နေကြပြီဖြစ်သည်။ ပညာခေတ်ကို ကျော်လွန်သွားသော်လည်း အိုင်တီခေတ်သည် မြန်မာနိုင်ငံရှိ မြို့နယ်လူတန်းစား ရေပေါ်ဆီအချို့သာ ခံစားနေရသော်လည်း တောနယ်လူတန်းစား ကလေးငယ်များအတွက် မည်သို့မျှ ထူးမခြားနားသည်ကို တွေ့ရှိရသည်။

၂၀၁၄-၁၅ ပညာ သင်နှစ်အတွက် မေလ ၂၅ ရက် မှ ၃၁ ရက်အထိကို အခြေခံပညာ ကျောင်းများ၏ ကျောင်းအပ်နှံ ရေး ရက်သတ္တပတ်အဖြစ် ပညာ ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။ ယခုဆိုလျှင် ကျောင်းအပ်နှံခြင်းသည် ပြီးဆုံးသည်သာမက ကျောင်းသား/သူတိုင်း စာသင်ခန်းထဲသို့ပင် ရောက်ရှိနေကြပြီဖြစ်သည်။ တစ်နွေလုံးကို ခြောက်သွေ့နေခဲ့သော ကျောင်းပတ်ဝန်းကျင်များလည်း ပြန်လည် လန်းဆန်လာခဲ့သည်။ သို့ရာတွင် တစ်ချို့နယ်ဝေးကျောင်းများတွင် စာသင်ကျောင်းမရှိသည်က တစ်မျိုးနှင့် ကျောင်းရှိသော်လည်း ဆရာ/မများမှာ ဘယ်နေရာ ဘယ်ဆီကို ရောက်ပေါက်နေသည်ကို မသိရှိဘဲ ဇွန်လ မိုးရေနှင့်အတူ စီးမျောလျှက် ရှိပေအုံ့မည်။

“အလိမ္မာ စာမှာရှိ”တဲ့  ကလေးတွေ လိမ္မာပါးနပ်ဖို့အတွက် အနည်းဆုံးတော့ အခြေခံ ပညာမူလတန်းအဆင့်ကို သင်ပေးသင့်သည်မှန်သော်လည်း ဆင်းရဲခြင်းကို ကျော်လွှားပြီး သားသမီးပညာရေးကို အရေးမစိုက်နိုင်သည့် ဒေသများသည် အများအပြားပင်ရှိသည်။ ဆင်းရဲခြင်း ကင်းမဲ့မှ သားသမီးပညာရေးကို အရေးစိုက်နိုင်မည် မဟုတ်လား။ ယင်းအတွက်ထင်သည် အစိုးရမှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းအတွက် ကျောင်းဝင်ကြေးကို ကင်းလွတ်ခွင့်ပေးခဲ့သည်တင်မက ကလေးတစ်ယောက်လျှင် ပိုက်ဆံ (၁၀၀၀)ကျပ်စီ ပေးခဲ့သည်။ အစိုးရတော့ အခမဲ့ပညာရေးဟု အသံကောင်းဟစ်ခဲ့သော်လည်း တောနယ်ဘက်တွင် ကျောင်းစာသင်ခန်းထဲသို့ မရောက်ရှိသေးသည် ကလေးများအတွက် စဉ်စားချက်များ လုပ်ဆောင်ချက်များကို မတွေ့ရှိသေးပေ။ ဆင်းရဲခြင်းတွင် ကျောင်းသို့ ပို့လိုက်မည့် သားသမီးကလေးအတွက် အစိုးရမှ စာအုပ်၊ စာတမ်းပေးသည်ဘဲ ထားအုံ့ ထိုကလေးအတွက် တခြားလိုအပ်ချက်များမှာ အများအပြားပေ။ ဥပမာ - ကျောင်းဝတ်စုံ၊ ထီး၊ ဖိနပ်၊ လွယ်အိတ် စသည်တို့မှာ မိဘများက ပန့်ပိုးပေးရသည် အရာဖြစ်သည် မဟုတ်လော။ ၄င်းကိစ္စရပ်များကိုလည်း ထည့်သွင်းစဉ်စားချက်များကို မတွေ့ရှိရသေးပေ။  မဟာဒုက္ခ တွင်းဆုံးကျနေသော ဆင်းရဲသားများအတွက်ပါ ပညာရေးစနစ်ကို ထည်သွင်းစဉ်စားဖို့ လိုအပ်ပေသည်။

မည်သည့်နိုင်ငံဖြစ်ဖြစ် ကလေးတစ်ယောက်သည် မွေးဖွားလာကတည်းက အခြေခံ စာရေး၊ စာဖတ်ခြင်းလောက်တော့ တတ်သင့်သည်။ ထိုအချက်ကို နိုင်ငံအုပ်ချုပ် မင်းလုပ်နေသော အစိုးရမှ ပညာရေးစီးမံကိန်းတွင် အဓိက ထည့်သွင်းရမည်။ အဆင့်မြင့်ပညာရေးမည်မျှလောက် အဆောက်အအုံ့ကြီးကြီးရှိရှိ အခြေခံ စာတတ်မြောက်မှု နည်းပါးနေလျှင် တိုင်းပြည်တိုးတက်ဖို့ဆိုသည်မှာ အလွှာကွာဟမှုကြောင့်ပင် ကမောက်ကမဖြစ်နိုင်သည်။ အခြေခံပညာအဆောက်အဦးကို ခိုင်မာစွာ မတည်ဆောက်နိုင်ဘဲ အဆင့်မြင့်ပညာရေးစနစ် တိုးတက်ဖို့ဆိုသည်မှာ မလွယ်ကူးနိုင်ချေ။

ယခုနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်းအဆင့်ထိ အခမဲ့ပညာရေးစနစ်ကို တိုးမြှင့် သတ်မှတ်ပြီး ပညာရေး အသုံးငွေအဖြစ် ၇ ဘီလီယံထိ သုံးစွဲမည်ဟု အစိုးရက တရားဝင် ထုတ်ပြန်ခဲ့သည်။ အလယ်တန်းအ ဆင့်ကို အခမဲ့ သတ်မှတ်၍ ပြ ဋ္ဌာန်းလိုက်သောကြောင့် ယခုနှစ်တွင် မူလတန်းတင်မက အလယ်တန်းအဆင့်တွင်ပင် စာအုပ်၊ ဗလာစာအုပ်များ အခမဲ့ပေး၊ ကျောင်းသားတစ်ဦးလျှင် ငွေကျပ်တစ်ထောင်စီ ပေးအပ်သွားမည် သဘောကို ဆောင်သည်။  ထိုလောက် ပစ္စည်းများ ပေးအပ်ရုံမျှဖြင့် ကျောင်းသား/သူများ စာခန်းထဲကို ရောက်လာမည်လားဆိုသည်မှာ လွယ်ကူလိမ့်မည့်ဟု မထင်ပေ။ အထူးသဖြင့် မြို့ပေါ်ပညာရေးစနစ်နှင့် ကျေးလက်ဒေသ ပညာရေးစနစ်ကို တန်းတူအောင် မညှိပေးနိုင်သည်ကို တွေ့ရသည်။ မြို့ပေါ်ပညာရေးစနစ်တွင် ကျောင်းကြီးပညာရေးစနစ်ထက် ကျူရှင်ပညာရေးစနစ်က လွှမ်းမိုးနေပြီး နယ်ဘက်တွင် ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦးကျောင်းများမလုံလောက်မှု၊ မပြည့်စုံမှု၊ ဆရာ/မများ  ကျောင်းစာသင်ရန် မရောက်ရှိမှုများမှာ အကျယ်လောင်ဆုံး အသံထွက်လျှက်ရှိသည်။ တခါ တခါ ကျေးလက်ဒေသကျောင်းများတွင် ကျောင်းအုပ်ဆရာ/မကြီးများနှင့် လစာကို ညှိပြီး ကျောင်းသို့ မ မရောက်သည့် ဆရာ/မများအကြောင်းကို မကြားချင်မှအဆုံး ကြားနေသည်။ ဆရာ/မများ၏ ဆွဲခန့် ၀န်ထမ်းတစ်တစ်နေရာအတွက် ကာလပေါက်ဈေးတွေကလည်း မြင့်မားနေသည်။ စေတနာ၊ ၀ါသနာထက် အလုပ်လက်မဲ့ခေတ်မှာ အသပြာ ပါးဆယ်ပါးစပ်က နာမည်ကြီးနေသည်။ တစ်ချို့ နယ်စွန်နယ်ဖျား ကျေးလက်ဒေသများမှာဆို တစ်နှစ်လုံး ကျောင်းဖွင့် တစ်ရက်သာ ဆရာ/မကို မြင်ဖူးပြီး တစ်နှစ်လုံးကို ပြန်၍ မပေါ်လာတော့သည်ကိုလည်း ကြားရသည်။ ယင်းစနစ်များကိုလည်း အစိုးရမှ တင်းကျပ်သော ဥပဒေ စည်းကမ်းများဖြင့် ကိုင်တွယ်ဖို့ လိုအပ်နေသည်။

ကျောင်း၏ ဆောင်ပုဒ်ဖြစ်သော “ဆရာ၊ မိဘ၊ ကျောင်းသား”ဖြစ်သည့် တြိဂံပုံစံဖြင့် မလုံလောက်ဘဲ အစိုးရ၏ စီးမံခန့်ခွဲမှုကိုပါ ထည့်သွင်းပြီး “အစိုးရ၊ ဆရာ၊ မိဘ၊ ကျောင်းသား” စတုရန်ပညာရေးစနစ်ကို ဖန်းတီးသင့်သည်။ ထိုမှသာ ကျောင်းသားများအတွက် “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”တင်မက ဆရာများကိုပါ “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ဖြင့် ထိန်းကျောင်းထားသင့်သည်။
ဤနေရာတွင် မူလတန်း၊ အလယ်တန်းအဆင့်ကို အခမဲ့ ပညာရေးစနစ်ဟု အစိုးရသတ်မှတ်သော်လည်း အခြေခံ လိုအပ်ချက်ဖြစ်သော စာသင်ခုံ၊ သင်ပုန်းကြီး၊ ထိုင်ခုံများအတွက် ဖြည့်ဆည်းပေးမှုမှာလည်း များစွာ လိုအပ်နေသေးသည်။ ကျောင်းသားမိဘတစ်ဦး ကျောင်းသွားသွင်းသောအခါ ကျောင်းဝင်စရိတ် အခမဲ့ဖြစ်သော်လည်း ခုံလုပ်ရန်၊ သန့်ရှင်းရေးအတွက်ဆိုပြီး တခြားခေါင်းစဉ်အမျိုးမျိုးတပ်ခံရခြင်းမှ မလွတ်ကင်းသေးသည်ကို တွေ့ရှိရသည်။ တစ်ချို့နေရာများတွင်ဆို ကျောင်းစသွင်းချိန်မှာ မကောက်ခံသည့်တောင်းမှ  ကျောင်းဖွင့်ပြီး တစ်ပတ်၊ တစ်လလောက်ဆိုလျှင် ထိုအကြောင်းပြချက်များသည် ပေါ်ပေါက်လာတတ်သည်။ ထိုအချက်များကိုလည်း ဖြေရှင်းဖို့အတွက် ထည့်သွင်းစဉ်စားချက်များကို မတွေ့ရှိရသေးပေ။

လောလောဆယ်တွင်တော့ အထက်တန်းပညာအတွက်တော့ အစိုးရမှ အခမဲ့ ပညာရေးစနစ်ကို မဖော်ဆောင်နိုင်သေးသော်လည်း ဖော်ဆောင်ထားသည့် မူလတန်း၊ အလယ်တန်းလောက်ကိုပါ အကောင်းဆုံး ဖြည့်ဆည်းသင့်သည်။ အထူးသဖြင့် တောနယ်ဘက် ကလေးငယ်များအတွက် စာသင်ခန်းထဲကို ဆရာ/မ မရာက်လာမှုနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို အကောင်းဆုံးဖြည့်စွမ်းနိုင်အောင် ကြိုးစားသင့်သည်။

ယခုအခါ နိုင်ငံတော် အစိုးရသည် အာဆီယံဥက္ကဌဖြစ်နေသောကြောင့် အာဆီယံနိုင်ငံများ၏ ပညာရေးဖြစ်သော ထိုင်း၊ မလေး၊ စင်္ကာပူတို့ နမူနာယူ တည်ဆောက်သင့်သည်။ ဥပမာ ထိုင်းနိုင်ငံတွင် မူလတန်းကျောင်းသား တစ်ဦးကို နံနက်စာ၊ နေ့လည်စာ ထမင်းကျွေးခြင်း၊ အဟာရမုန့်များကျွေးမွေးခြင်း၊ နွားနို့များတိုက်ခြင်းအပြင် ကျောင်းအပ်လာသည့် ကလေး၏ လိုအပ်ချက်ဖြစ်သော စာအုပ်၊ ကျောင်းဝတ်စုံ၊ ဖိနပ်၊ ကျောင်းလွယ်အိတ်များကို အပြည့်အစုံ ဖြည့်စွက်ပေးသည်ကို နမူနာယူ လေ့လာသင့်သည်။ ကျောင်းသားတစ်ဦး ကျောင်းစာသင်ခန်းထဲသို့ မရောက်လျှင် တာဝန်ရှိသူ ဆရာ/မမှ မိဘနှင့် ချက်ချင်းသွားတွေ့ပြီး ကျောင်းသား၏ အခက်အခဲ ချက်ချင်းလေ့လာ ဖြေရှင်းသည့်စနစ်ကို ကျင့်သုံးသည်။ ကျောင်းများဆိုလျှင်လည်း ပြောဖွယ်ရာ မရှိလောက် ပြည့်စုံအောင် ဖြည့်ဆည်းထားသည်။ ၄င်းတို့ကို နမူနာယူ လေ့လာသင့်သည်ဟု မြင်မိသည်။

ပညာတွင် အသိပညာ၊ အတတ်ပညာနှင့် နည်းပညာတို့ပါဝင်နေသည်။ ပညာ၏ အရည်အသွေးစံများကို တိုင်းတာသည့်အချက်များတွင် သင်ရိုးညွှန်းတမ်း (Curriculum) ၏ အရည်အသွေးကောင်းခြင်း၊ ညံ့ခြင်းသည်လည်း တစ်ချက်အပါအဝင်ဖြစ်သည်။ ယခုမူလတန်းကျောင်းများတွင် သင်ကြားနေသော ပညာရေးစနစ်သည် နိုင်ငံတကာ ပညာရေးစနစ်များနှင့် များစွာ အလှမ်းကွာဝေးသေးသည်။ ဆရာမှ ချမှတ်ထားသော ပုံစံအတိုင်း ကျက်မှတ်မှသာ အတန်းအောင်သည် စနစ်ကို ကျင့်သုံးပြီး တပည့်များမှ လွတ်လပ်စွာ တွေးတောနိုင်သော စနစ်ကို ဘောင်ကွပ်ထားသည်။ ကျောင်းသားဗဟုပြုစနစ်မှာ များစွာ အလှမ်းကွာဝေးနေသည်ကို တွေ့ရှိရသည်။ ထို့အတွက်ပင် အသိပညာထက် သင်းကွပ်ခံ ပညာရေးစနစ်ဖြစ်နေသည်။

အတတ်ပညာပိုင်းတွင်လည်း လက်မှု အတတ်ပညာနှင့် ပတ်သတ်ပြီး ရခိုင်ပြည်နယ်တွင် အသက်မွေးပညာကျောင်းအဖြစ် ကျောက်ဖြူပညာရေးကောလိပ်နှင့် စစ်တွေ ရက်ကန်းကျောင်းလောက်သာ အသက်မွေးမှုကို ပေးနိုင်သည်။ ကျန်သည် စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)နှင့် တောင်ကုတ်တက္ကသိုလ်တို့မှာ အဆင့်မြင့်ပညာဖြစ်သော်လည်း အရည်အချင်းအထက် အရေအတွက်ကို ဦးစားပေးနေသလိုဖြစ်နေသည်။ ထိုကြောင့် ရခိုင်ဒေသနှင့် အလိုက်ဖက်ဆုံးဖြစ်သော အသက်မွေးပညာရပ်များဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူးရေးတက္ကသိုလ်၊ ရေနှင့်ပတ်သတ်သော တက္ကသိုလ်များကို ချပေးသင့်သည်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် အစိုးရမှ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရေတို ရေရှည် ခိုင်မာသော မူဝါဒများ ချမှတ်ပြီး ပညာရေးကို စနစ်တကျ အကောင်းအထည်ဖော်သင့်သည်။ ယခု ဒီမိုကရေစီခေတ်တွင် စမ်းသပ်ပညာရေးကို ခြေဖျက်ပြီး ဆေးမြီးတိုပညာရေးစနစ်ကို ရှောင်ရှားသင့်ပြီဖြစ်သည်။ ပညာရေးစနစ် သုံးငွေများကိုလည်း ယခုထက် ပိုမိုသုံးစွဲဖို့အတွက် ဘားကျပ်သုံးငွေများကိုလည်း တိုးချဲ့သင့်ပေသည်။ တိုင်းပြည်၏ အနာဂတ်သည် လူငယ်များလက်ထဲတွင်သာရှိသည်။ လူငယ်များကို အကောင်းဆုံး ပန့်ပိုးပေးဖို့ရန်မှာ အစိုးရ၏ တာဝန်ဖြစ်သည်။ လူငယ်များ ဖွံ့ဖြိုးမှ တိုင်းပြည် တိုးတက်မည်။ ယင်းအတွက် ပညာရေးစနစ်ကို မြှင့်တင့်ဖို့ ကြိုးစားနေချိန်တွင်ပင် ဆင်းရဲမွေးတည်းမှု လျော့ချရေးကိုပင် ထည့်သွင်းစဉ်စားသင့်သည်ဟု မြင်မိသည်။

ဝေဟင်အောင်
၈၊ ၆၊ ၂၀၁၄။

No comments:

Post a Comment