ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ပုဒ်မ ၄၃၆ ကို ရခိုင်တစ်ယောက်အနေဖြင့် ချောင်းကြည့်ခြင်း


[[[[ရခိုင်အသံဂျာနယ် ၊ အတွဲ(၁)၊ အမှတ်(၁၀)မှာ ဖော်ပြခဲ့ပြီး ဆောင်းပါးဖြစ်ပါသည်။]]]

အခုတလော အသံအကျယ်ဆုံးက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးကို အဓိက ဦးတည်လာတာကို တွေ့ရတယ်။ အဓိက ပြင်ဆင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ NLD နဲ့ ၈၈ ပွင့်လင်း အဖွဲ့အစည်းတွေက ဦးဆောင်လာတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ ၊ ဗိုလ်စိန်မှန်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ လူပေါင်း သိန်းချီတက်ရောက်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်စုကြည်အပါအ၀င် ကိုမင်းကိုနိုင်တို့မှ ဟောပြောခဲ့ကြတယ်။ မေ ၁၈ ရက်နေ့ မန္တလေးနဲ့ မေလ ၂၅ ၊ ဧရာဝတီတိုင်း ဟင်္သာတတို့မှာ ဆက်တိုက် လူထုထောက်ခံပွဲများပြုလုပ်ခဲ့ပြီး လက်မှတ်ရေးထိုးပွဲများကိုလည်း ရန်ကုန်၊ မန္တလေးတို့မှာ အထင်က ရုပ်ရှင်၊ စာပေ အနုပညာအသိုင်းအ၀ိုင်းမှ လူများဖြင့် ဆက်တိုက် ပြုလုပ်ခဲ့ကြတယ်။ ဟုတ်ပြီး ပုဒ်မ ၄၃၆ က ဘာလဲ။ ဘာကို အဓိက ဆိုလိုသလဲဆိုတာကို သိရှိပြီးမှ ထောက်ခံခြင်း ကန့်ကွက်ခြင်းများကို ပြုလုပ်သင့်ပါတယ်။ အဓိက စာရေးသူတို့က တိုင်းရင်းသားဆိုတော့ တိုင်းရင်းသားဘက်က သုံးသပ်ချက်များကို ထည့်သွင်းပြီးမှ ပိုပြည့်စုံလိမ့်မယ်လို့ ထင်ပါတယ်။
ပုဒ်မ ၄၃၆ မှာ (က)(ခ)ဆိုပြီး အပုဒ်နှစ်ပုဒ်ဖြင့် ဖော်ပြထားပါတယ်။ အပုဒ်(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀ ၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
(ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များ မှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ဟုလည်းကောင်း ပြဋ္ဌာန်းထားသည် ကိုတွေ့ရှိရပါသည်။


ပုဒ်မ ၄၃၆ ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခြေခံအကျဆုံးအပိုင်းလို့ ဆိုပါတယ်။ ၂၀၀၈ ထဲမှာ ဖွဲ့စည်းပုံထဲက ပုဒ်မတွေကို ဖြုတ်ချင်တယ်၊ ပြင်ချင်တယ် ဆိုရင် ပုဒ်မ ၄၃၆ ပါ ပြဌာန်းချက်အတိုင်း ပြင်ရမယ် လို့ ဆိုပါတယ်။ ဒါကြောင့် တခြားပုဒ်မတွေကို  ပြင်ချင်ရင် အယင်ဆုံး  ၄၃၆ ကို ပြင်မှ ရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ မှာပါတဲ့ ပြင်ဖို့ နည်းနာတွေကတော့ ပြင်ချင်တာတွေကို ဥပဒေကြမ်း အရင် လုပ်ရပါမယ်။ ဥပဒေကြမ်း ရလာရင် ပြည်ထောင်စု လွှတ်တော်ကို တင်ရပါမယ်။ ပြည်ထောင်စု လွှတ်တော်ထဲက အမတ် ၂၀ ရာခိုင်နှုန်းက သဘောတူတယ်ဆိုရင် အဲဒီ ဥပဒေ မူကြမ်းကို စပြီးဆွေးနွေးခွင့်ရပါမယ်။ ပြီးရင် မဲခွဲပြီး ပြင်ရပါမယ်။ မဲခွဲတဲ့အခါ တစ်ချို့ ပုဒ်မတွေကို အမတ် ၇၅ ရာခိုင်နှုန်းအထက် သဘောတူညီချက်နဲ့ ပြင်နိုင်တယ်။ တစ်ချို့ ပုဒ်မတွေကိုတော့ အမတ် ၇၅ ရာခိုင်နှုန်းကျော်ရုံမက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ပြီးမှ ပြင်နိုင်မယ်လို့ ဆိုထားတယ်။ တစ်ကယ့် အနှစ်ချုပ်လိုက်ရင် ၂၅%ကို အခန့်သား ယူထားတဲ့ တပ်မတော်သားတွေက သဘောတူရင် ပြင်လို့ရမယ်၊ သဘောမတူရင် ပြင်လို့မရဘူးလို့ ဆိုလိုတဲ့ သဘောပါ။
ဒါကြောင့် ဒီ ၂၅%ကို ဘယ်လို လွတ်တော်ထဲက သိက္ခာရှိရှိ စစ်တန်းလျားကို ပြန်ခိုင်းမလဲ။ အဲဒီမှာ အဓိက ပုဒ်မဖြစ်တဲ့ ၄၃၆ ကို ပြင်ဆင်ပြီမှ ပြန်ခိုင်းတာက အကောင်းဆုံးဖြစ်နေတယ်။  အခု NLD နဲ့ ၈၈ ပွင့်လင်း လူအဖွဲ့အစည်းက အာဏာပါဝါကို ပြည်သူနဲ့ ထိန်းညှိပြီး ပုဒ်မ ၄၃၆ ကို ပြင်ဆင်သွားဖို့ ပုံပေါက်နေတယ်။ ဥပဒေရဲ့ အခြားတဖက်မှာ ဖွဲ့စည်းပုံကို ရွေးကောက်ခံ အမတ်တွေရဲ့ သုံးပုံနှစ်ပုံ က သဘောတူရင် ပြင်နိုင်တယ်။ ဒါမှ မဟုတ် တပ်မတော်သား အမတ်တွေ သဘောတူတူ မတူတူ ရွေးကောက်ခံ သုံးပုံနှစ်ပုံက သဘောတူရင် ပြင်လို့ရတာမျိုး လိုချင်တယ်လို့ ဆိုပါတယ်။ နောက်ထပ် မဲဆန္ဒရှင် ပြည်သူ၏ ဆန္ဒမဲ ထက်ဝက်ကျော်ရင် ပြင်ခွင့်ရှိတယ် ဆိုတဲ့ အချက်ကို အသုံးပြုလာခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ ကွဲလွဲချက် ဖြစ်လာပြီးလို့ သုံးသပ်ပါရစေ။ ပထမဦးဆုံး ဒေါ်အောင်ဆန်စုကြည် ဦးဆောင်ပြီး ပွဲထုတ်လာတာက ပုဒ်မ ၅၉(စ) ဖြစ်နေတယ်။ ပုဒ်မ ၅၉(စ)မှာ နိုင်ငံတော် သမ္မတဖြစ်သင့်သူကို ကန့်သတ်ထားပြီး အဲဒီ ပုဒ်မ ၅၉(စ)ဆိုတာက ပုဒ်မ ၄၃၆ ထဲက အခန်းတစ်ခန်းသာ ဖြစ်နေတယ်။ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရင် ၅၉(စ)ကိုလည်း ပြင်ဆင်ရမယ့်ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်နေတယ်။ သမ္မတအရည်အချင်း သတ်မှတ်ချက်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)တွင် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊  ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ ဟု ဖော်ပြထားသည်။ ဒီနေရာမှာ တိုင်းရင်းသားဖြစ်တဲ့ ရခိုင်တွေအများစု ပုဒ်မ ၅၉(စ)ကို မပြင်စေချင်ဘူး။ ပုဒ်မ ၅၉(စ) ကို ပြင်လိုက်ရင် လူမျိုးခြားသွေးရောပြဿနာကို နဖူးတိုက် ဒူးတိုက် ခံစားနေရတဲ့ ရခိုင်တွေက စိုးရိမ်စိတ်က အမြင့်ဆုံးမှာရှိတယ်။ ၅၉(စ)လုံးတာက နိုင်ငံရဲ့ အမြင့်ဆုံး သမ္မတကို ကန့်သတ်ထားတဲ့ ပုဒ်မဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေ ဖက်က ခံစားချက်နဲ့ အမြင်တစ်မျိုးပြောင်းလဲသွားကောင်း သွားနိုင်ပါတယ်။ ပုဒ်မ ၄၃၆ ကိုတော့ ပြင်မယ် တစ်ချို့အချက်တွေကို ထားခဲ့မယ်ဆိုတဲ့ ဘက်ကို ယိမ်းယိုင်သွားပါတယ်။
ဒီနေရာမှ အယှဉ်သင့်လို့ ထောက်ပြစရာရှိတာက ကမ္ဘာပေါ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သတ်ပြီး နှစ်မျိုးပဲရှိတယ်။ တစ်မျိုးက ပြုပြင်မရအောင် အုပ်ချုပ်သူ လူတန်းစားက ဖွဲ့စည်းပုံကို အခြေခံပြီး အားကောင်းအောင် တည်ဆောက်ထားတာနဲ့ နောက်တစ်မျိုးက အစိုးရနဲ့ ပြည်သူကြားက ပဋိညာဉ်ခံစားတဲ့ ပြုသာ ပြင်သာရှိတဲ့ ဖွဲ့စည်းပုံတို့ဖြစ်ပါတယ်။ ယခု ၂၀၀၈ ဖွဲ့စည်းပုံဆိုတာလည်း တစ်နိုင်ငံလုံးရှိ ပြည်သူကို ကိုယ်စားမပြုနိုင်လောက်အောင် တင်းကျပ်ထားပြီး အုပ်ချုပ်သူ လူတန်းစားအတွက် အခွင့်ထူးခံဖြစ်အောင် တနည်း စစ်တပ်ကို အမြင့်ဆုံး အာဏာနဲ့ ကာကွယ်ထားပါတယ်။ စာရေးသူတို့ နိုင်ငံမှာ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံဟာ ကန့်သတ်ချက်တွေ ဘောင်တွေ အရမ်းကန့်သတ်ထားတာကြောင့် ပြင်ဆင်သင့်တဲ့ အပိုင်းကို ပြင်ဆင်သင့်တယ်။ တိုင်းပြည်တိုးတက်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံထဲက အယင်ဆုံး ၄၃၆ ကို ပြင်ကို ပြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ် တစ်ချို့အပိုင်းတွေကိုတော့ ထားခဲ့ရပါလိမ့်မယ်။
ဒီနေရာမှာ တစ်ချက်တွေ့မိတာက ပြင်ဆင်သင့်တွေ ပြင်ဆင်ဖို့လုပ်တုန်း ကန့်ကွက် ဆန္ဒပြတာကိုလည်း တွေ့ရတယ်။ မပြင်ဆင့်သင့်သေးလို့ ယူဆသူတွေကိုလည်း တွေ့ရတယ်။ ဒီနေရာမှာ စာရေးသူက တိုင်းရင်းသား ရခိုင်တစ်ယောက်မို့ ရခိုင်ဖက်က တွေးပူမှုမျိုးကိုပဲ ထောက်ပြပါမယ်။ ၂၀၁၃ နှစ်ကုန်ပိုင်းလောက်က RNDP ဥက္ကဌ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အမျိုးသားလွတ်တော်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုရာ ဥပဒေတွင် ( White Card ) ကိုင်ဆောင်ထားသူများကိုပါ နိုင်ငံရေးပါတီတည်ထောင်ကို တင်သွင်းတဲ့အချိန်မှာ အတိုက်အခံပါတီဖြစ်တဲ့ NLD က အမတ်တွေ မထောက်ခံခဲ့ဘဲ စစ်တပ်အမတ် ၂၅% နှင့် ကြံ့ခိုင်ရေးပါတီက အမတ်အချို့ ရပ်ပြီး ထောက်ခံခဲ့လို့သာ နိုင်ငံသားမှသာ ပါတီထောင်ခွင့်ဥပဒေအတည်ပြုနိုင်ခဲ့ပါတယ်။  ဒီနေရာမှာ အတိုက်အခံ အင်အားကြီးပါတီဖြစ်တဲ့ NLD ရဲ့ လူမျိုးခြားပေါ်မှာ ထားတဲ့ မူဝါဒဟာ သိပ်မသဲကွဲဖြစ်သွားတယ်။ NLD အနေနဲ့ ဆိုတာထက် ဒေါ်အောင်ဆန်စုကြည်ရဲ့ မူဝါဒ မသဲကွဲခြင်းဟာ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်မှာ ရခိုင်လူမျိုးကို ချန်လှပ်ထားရမလိုဖြစ်နေတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးခဲ့တဲ့ လူမျိုးရေးပြဿနာမှ ဒေါ်အောင်ဆန်စုကြည်အနေနဲ့ ခိုင်မာတဲ့ရပ်တည်ချက်များကို မတွေ့ရှိရခြင်းပင်လျှင် ရခိုင်တွေ စိတ်ထဲ စူးတစ်ချောင်းဝင်နေခဲ့သလို ဖြစ်နေတယ်။ ဒါကို အယင်ဆုံးရှင်းလင်းသင့်တယ်လို့ မြင်မိပါတယ်။
    ဒါအပြင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့အတွက်လည်း ဦးကိုနီလို ပုဂ္ဂိုလ်မျိုးကို တာဝန်ပေးအပ်ခဲ့တာတွေက သံသယဖြစ်စရာတွေ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ယခုအခြေအနေမှာ လူမျိုးရေးကဓိကရုန်းအရှိန်အဟုန်မြင့်တက်နေချိန်မှာ တခြားသော ရှေ့နေပေါင်းမြောက်မြားစွာထဲက အစ္စလာမ်ဘာသာဝင် ဦးကိုနီကို တာဝန်ပေးခဲ့ခြင်းက ရခိုင်လူမျိုးတွေအတွက် ဝေခွဲရ ခက်သွားခဲ့တယ်။ ဦးကိုနီဆိုတာ ၂၀၁၂ ခုနှစ် ဇွန်လ မောင်တောအရေးအခင်းတုန်းက ဖမ်းဆီးထားသော ဒေါက်တာထွန်းအောင် အမှုကို ရှေ့နေလိုက်ပေးနေသူဖြစ်သောကြောင့် ပိုမို အမြင်မရှင်းဖြစ်သွားခဲ့ရတယ်။
    ဒါကြောင့် နောက်ဆုံး ခြုံငုံသုံးသပ်ရလျှင် ပုဒ်မ ၄၃၆ ကို NLD နဲ့ ၈၈ ပွင့်လင်းအဖွဲ့အစည်းက ဦးဆောင်ပြီး ပြင်ဆင်သော်လည်း အမှန်တကယ်တရ ၂၀၀၈ ကို ပြင်ဆင့်သင့်သည်ဟု ရခိုင်တွေလည်း ခံယူကြပါတယ်။ သို့ရာတွင် တစ်ချို့အချက်အလက်များကို ချန်ထားခဲ့ပြီး NLD အနေဖြင့်လည်း ရခိုင်လူမျိုးတို့ သံသယစိတ်ရှင်းလင်းဖို့အတွက် ကြိုတင် ရှင်းလင်းသော မူဝါဒတစ်ခုကို ချမှတ်သင့်ပါတယ်။ နောက်ပြီး NLD က ဒေါ်အောင်ဆန်စုကြည်အပါအ၀င် ခေါင်းဆောင်တွေက ရခိုင်လူထုကို အတိုင်းအတာတစ်ခုလောက် ကိုယ်စားပြုသော ရခိုင်အမျိုးသားပါတီ ANP က ခေါင်းဆောင် ဦးအေးသာအောင်၊ ဒုခေါင်းဆောင် ဒေါက်တာအေးမောင်တို့နဲ့ တွေ့ဆုံပြီး ရခိုင်ရှေ့ရေးနှင့် မြန်မာလူမျိုးတို့အတွက် အချိန်မနှောင်းခင် ဆွေးနွေးသင့တယ်လို့ မြင်ပါတယ်..။

ဝေဟင်အောင်
၉၊ ၆၊ ၂၀၁၄။

No comments:

Post a Comment