ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

မစ္စတာဝေ ဂျာနယ် ဖတ်နေသည်


[[[သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၉) တွင် ဖော်ပြခဲ့သည် ဆောင်းပါး]]]

ကတောက်ကဆနဲ့ အပေါက်ဝက လှည့်ပြန်လာရတဲ့ မစ္စတာဝေအကြောင်းကို မပြောမပြီး မတီးမမြည်းဆိုသလို ရှိသမျှကို အိပ်သွန်ဖာမှောက် ပြောရတော့မယ် မိတ်ဆွေတို့ရယ်..။ မစ္စတာဝေဆိုတာလည်း နယ်နယ်ရရ ပုဂ္ဂိုလ်တော့မဟုတ်ပေဘူး မဟုတ်လား။ ကုန်မှာကျတော့ လိပ်လိုယက်၊ ရေမှာကျတော့ ငါးယက်လိုမျိုး၊ မြေထဲမှာကျတော့ တီလို ကျင့်ကြံတဲ့ လူမျိုးဆိုတော့ အားသည်ဟူ၍ မရှိ။ ဘဘကြီးကို ပေါင်းရတာက တစ်မျိုး၊ တွေ့သမျှ အရာရှိ အရာငယ်ကို ဆရာလို့ ခေါ်ပြီး ဆေးပြားစေ့ကို နွားနင်းထားတဲ့ ဒီမျက်နှာကြီးမှာ ရှိသမျှ သွားကို ဖြဲပြီး လုပ်ငန်းအဆင်ပြေအောင် ယတြာချေရတာက တစ်မျိုးနဲ့ အားတယ်လို့ကို မရှိဘူးလေ။ ဒီကြားထဲ သုံးသိန်းအောက်ပေးရတာ၊ နို့သောက်ရတာ၊ ပိုက်ဆံ ၂၀၀၀ ရှာရတာ၊ နယ်တကာလှည့် ပါးရိုက်ခံရတာနဲ့ ဆိုတော့ ပိုဆိုးတာပေါ့။ ဒီကြားထဲ ရခိုင်က ဟိုဝန်ကြီးဆိုသူက ဟိုလူကြီးကို ပါးရိုက်တာလည်း ထည့်မပြောချင်တော့ပါဘူး။ ဒီကိစ္စဒီလောက်နဲ့ သင်ပုန်ချေလိုက်ကြတာပေါ့။ အပေးအယူ၊ နားလည်မှုယူ၊ ရှိသမျှကို ယူပြီး ကျေအေးလိုက်ကြတာပေါ့လေ။




ဒီနေ့ မစ္စတာဝေ အားနေတာနဲ့ ညနေဖက် လေညှင်းခံဖို့  အနှီသူငယ် မစ္စတာဝေ တစ်ယောက် တစ်နေ့ စစ်တွေမြို့ရဲ့ အလှပဂေ ကမ်းနားလမ်းကို လမ်းလျှောက်ထွက်ခဲ့တယ်။ ကမ်းနားလမ်းပေါ်ကို ခြေချလိုက်ရုံပဲရှိသေးတယ် အမှိုက်မပစ်ရဆိုတဲ့ `ဆောင်ပုဒ်ကြီး´ကို သွားတွေ့မိတယ်။ အဲဒါက ဆိုင်ဘုတ်မဟုတ်ဘူး။ ဆောင်ပုဒ်ကြီး။ ဘယ်အနားမှာ ကြည့်ကြည့် မကြာခဏတွေ့ရဖန်များတော့ ဆောင်ပုဒ်လို ဖြစ်နေပြီလေ။ အဲဒီဆောင်ပုဒ်အောက်မှာ ခွေးလေ ခွေးလွင့်တွေက ပို့သလာသမျှကို အိမ်နောက်ဖဲက ပစ္စည်းလက်ကျန်များကို စားသောက် ပျော်ပါးနေလေရဲ့။ အစတုန်းက အဲဒီဆောင်ပုဒ်မရှိခင်တုန်းကဆိုရင် သူရွာနဲ့ သူဇာတ် အကွက်ကျ ဟန်ချက်ညီနေတာ အဲဒါကြီး စိုက်လိုက်မှ ပွဲက ပိုစည်းကားသွားတယ်။ တယ်လည်း ကောင်းလိုက်တဲ့ ဆောင်ပုဒ်ဘဲ။
ဟော .. ကိုယ့်အတွေးနဲ့ ကို လျှောက်လာတုန်းပဲရှိသေးတယ်..။ `အရက်မရောင်းရ´၊ `အရက်မသောက်ရ´တဲ့။ အဲဒါကြီးလည်း တွေ့ပြန်တယ်။ ဘေးနားက ဆိုင်တစ်ဆိုင်မှာတော့ `ယမကာဖျော်ရည် မျိုးစုံရပြီ´ဒဲ့။ ကဲ အရက်နဲ့ ယမကာ မတူတာ ကို အနှီသူငယ် မစ္စတာဝေမှာ မျက်လုံး ပေကလပ် ပေကလပ်နဲ့ ကြည့်နေတုန်း ၀ှီ.ကနဲဆို ဘေးကား ကားဘီကြိတ်သံကို ကြားလိုက်မိတယ်။ ကားဘေးမှာ စတေးကာ ကပ်ထားတာကတော့ မူယစ်အထူး ဆိုပြီး ကပ်ထားတယ်.။ ကားပေါ်က ဗိုက်ချွဲချွဲနဲ့ လူကြီးတစ်ယောက်က ဒယိမ်ဒယိုင်နဲ့ ထွက်လာပြီး ဟေ့ တစ်ပိုင်းလောက် ချကွာတဲ့။ ဆိုင်က ကောင်မကလေး တစ်ယောက်က သုပ်တိ သုပ်ပြာ ထွက်လာပြီး လက်ထဲမှာ အလုံးတစ်လုံး၊ အမြည်းအပြည့်နဲ့ အဟမ်း ဟန်ချက်ညီလိုက်တာ။ မစ္စာဝေလည်း သရေကို လက်နဲ့သုတ်လျှက် မျက်လုံးကို မြင်ကွင်းကနေ အတင်းလွဲပြီး လေးလံသော ခြေလှမ်းများနဲ့အတူ  ဆက်လျှောက်လာခဲ့တယ်။
လမ်းဘေး ပလက်ဖောင်မှာတော့ အမယ် ကစ္စပနဒီမြစ်ကို ဖြတ်လာတဲ့ လေညှင်းကို တ၀ခံစားပြီး သာလိကာ စည်းစိမ်းအပြည့် ခံစာနေကြတယ်..။ တစ်ချို့က လျှာလိပ်သံနဲ့ တစ်ချို့က အာကျယ် အာကျယ်..။ တည်ကောင်းတဲ့ ညနေခင်းပဲ။ အော် အကျင့်ကိုက မြင်ရင်လည်း မပြောပဲ မနေနိုင်တဲ့ ဒီအကျင့်ဆိုးကို ပျင်အုံ့မှလို့ စိတ်ထဲက ရေရွှတ်တုန်းပဲရှိသေးတယ်။ ကမ်းနားလမ်းရဲ့ လူလွတ်တဲ့ နေရာ တစ်ခုမှ ၀င်ထိုင်လိုက်ပြီး တစ်ယောက်တည်း အတွေးနယ်ချဲ့နေမိတယ်။ မစ္စတာဝေ ကျောင်းသားဘ၀တုန်းပေါ့ ဆရာမက အပင်တစ်ပင်အကြောင်းကို ပြောပြခဲ့ဖူးတယ်။ အဲဒီအပင်ကို အခုမှ သဘောပေါက်မိတော့မယ်..။ အဲဒီအပင်က တော်တော်ကို စည်လိုက်တဲ့ အပင်ပဲကို။
ကိုယ်အတွေးနဲ့ ကိုယ် ကမ္ဘာကြီးကို ကယ်တယ်မယ့်လို့ မဟာဧရာမ အတွေးကြီး တွေးနေတုန်း အသက် ၅ နှစ်လောက်ပဲရှိအုံ့မယ်  ကောင်လေး တစ်ယောက်က သတင်းစာတွေရမယ်၊ ဂျာနယ်တွေ ရမယ်ဆိုပြီး ရောင်းနေလေရဲ့။ ဒီကလေးအသံကို ကြားကတည်းက ကျောင်းစာသင်ခန်းမှာ မဆံ့တော့လို့ တနိုင်တပိုင် စီးပွါးရှာနေတာကို မြင်လို့ရတော့ တိုင်းပြည်ကြီး တိုးတက်နေတာကို သတိပြုလိုက်မိတယ်။ မထူးပါဘူးလေဆိုပြီး အိပ်ကပ်ကို လက်နဲ့ စမ်းကြည့်လိုက်တော့ ပိုက်ဆံငါးရာ ပါတာနဲ့ ဂျာနယ် တစောင်ဝယ်လိုက်တယ်။ ပိုက်ဆံငါးရာတန်ဂျာနယ်မှာ သုံးထားတဲ့ စက္ကူက အိမ်သာသုံး စက္ကူသာသာလောက်နဲ့ သွားနှိုင်းရင် ရိုင်းလိမ့်မယ်ဆိုတာကိုလည်း သိမိတယ်။ ဒါပေမယ့် မထူးပါဘူးလေ အတူတူပဲလို့ တွေးလိုက်တယ်။ အဓိက စက္ကူမဟုတ်ပါဘူး အတွင်းက စာပဲ မဟုတ်လား။ ဂျာနယ်ကို ကောက်ကိုင် ဖတ်လိုက်ရုံပဲရှိသေးတယ် တိုင်းပြည်ကြီး တိုးတက်နေတာကို ကြည့်ပြီး တစ်ယောက်တည်းတောင် ပြုံးလိုက်မိတယ်။ အမယ် ရန်ကုန်-စစ်တွေ ကားလမ်းက အိစက် ချောမွေ့နေတဲ့အကြောင်း၊ မိုးလို့ အသံကြားလိုက်လျှင်ပင် လမ်းလှိုင်းလုံးကလေးတွေကြား အဆင်ဆင်ပြေပြေ သွားလာနိုင်ကြောင်း၊ လျှပ်စစ်မီးက ပြည်တွင်းမှာ သုံးလို့ အပိုအလျံကို ပေါက်ဖော် တရုတ်ကို ရောင်းလိုက်တဲ့အကြောင်း၊ ဒေသခံတွေ ထမင်းငတ်ခံပြီး သယံဇာတတွေကို ရောင်းချရတဲ့အပြင် တိုင်းပြည်တိုးတက်ရေးအတွက် နေ့မအား တိုးတက်အောင် ဆောင်ရွက်နေတဲ့အကြောင်းတွေကို ဝေေ၀ဆာဆာ ဖော်ပြထားတယ်ဗျာ။ မျက်နှာဖုံးကြီးကြီးမှာ ပြည်နယ်အစိုးရရဲ့ ကျောင်းတွေဖွင့်ထားတာ ကျောင်းသားတွေ ကျောင်းမှာ မဆန့်တော့လို့ နွားကျောင်းနေတဲ့အကြောင်းတွေကိုပါ ဖော်ပြထားသေးတယ်။ အမယ် မစ္စတာဝေလည်း စိတ်ဝင်စားတာနဲ့ ဂျာနယ်ကို လက်က မချအောင်ဖြစ်သွားပြီး ဆက်ဖတ်တာဗျာ။
အတွင်းစာမျက်နှာတစ်ခုမှာ စာလုံး ပြူးတူး ပြဲတည်းနဲ့ ရေးထားတာက “တပ်မတော်သာ ငပိ၊ တပ်မတော်သာ ငဖွ”တဲ့။ ဟ ဘာဖစ်တာတုန်းလို့ ထခုန်မိမတတ် အော်လိုက်မိတယ်။ စာလုံးပေါင်း သတ်ပုံမှားတာလား ကြည့်မိတော့လည်း မဟုတ်ဘူး။ အမှန်တကယ်ကို ရေးထားတာဗျာ။ အော် ဟုတ်မှာပေါ့လေ တပ်မတော်သားတွေက ဒီလောက် စစ်အေးကာလမှာ စစ်တိုက်စရာမလိုတော့ပဲ ကွန်ပျူတာလေးကိုင်လိုက်၊ အင်တာနက်လေးသုံးလိုက်နဲ့ မဟာရ ဖွဘုတ်ပေါ်တက်လိုက် ဖွလိုက်နဲ့ပေါ့။ အော် ဒါတော့ မဟုတ်သေးဘူးဆိုပြီး အတွင်းစာမျက်နှာကို လှန်ကြည့်လိုက်တယ်။ နောက် တစ်ခု“တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်”ဘူးတဲ့ဗျာ။ ဘေးနားက ဓာတ်ပုံမှာတော့ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် ကလေးပုံကို မြင်ရတော့ မစ္စတာဝေလည်း တွေးဝေရခက်သွားတယ်။
ဟို နောက်တစ်ကွက်မှာ သစ်တော ၀န်ကြီးဌာနက သစ်ပင်တွေ စိုက်ပျိုးလိုက်တာ ရခိုင်ရိုးမမှာ သစ်ပင်တွေပေါများပြီး မိုးရေချိန် အပြည့်ရွာသွန်နေတဲ့ အကြောင်းဗျာ။ မစ္စတာဝေလည်း ဗြုန်းခနဲဆို ကောင်းကင်ကို မောကြည့်လိုက်တယ်။ ကောင်းကင်မှာ ဇွန်လခေါက်တောက် ကောင်းကင်မှာ မိုးတိမ်ဆိုတာ မှန်ဘီးလူးနဲ့ ရှာရမလို ဖြစ်နေတယ်။ အမယ် တယ်ကောင်းတဲ့ ဂျာနယ်ပါလား။ ဂျာနယ်ကို ဆက်မဖတ်တော့ဘဲ လက်က ချလိုက်ပြီ ကမ္ဘာကြီးတိုးတက်အောင် ဘယ်လို စိတ်ကူးစိတ်သားများ ထွက်လာရအောင် အတွေးနယ်ထဲကို နမြောသွားတယ်ဗျာ။ လမ်းဘေးက ကုတင်ပေါ်မှာ ပလက် လှန်လိုက်ပြီ `နဖူးပေါ်လက်တင်ပြီးတော့ စဉ်စားမိရင် ငါလည်း ရင်မောတယ်..´အေသင်ချိုဆွေသီချင်းကို ဟစ်အော်မိလိုက်တယ်။ ဘယ်နှယ် အနှီသူငယ် မစ္စတာဝေ လိုက်မမှီလိုက်အောင် ပြောင်းလဲနေတဲ့ ဒီခေတ်ကြီးမှာ ဒီလောက် ကောင်းတဲ့ ဂျာနယ်ကို မဖတ်မိတာ ကိုယ်ကို လူဖြစ်ရှုံးတယ်လို့ ခံစားမိလိုက်တာဗျာ။ အဲ စာရှုသူ အပေါင်းတို့ကို အကြောင်းကြားပေးလိုက်ချင်တာက လမ်းကြုံရင် ရခိုင်ပြည်နယ် ဂျာနယ်၊ မြန်မာ့အလင်း၊ ကြေးမုံတို့ကို ဖတ်ဖို့ မမေ့ကြနဲ့နော်လို့ အော်ပြောလိုက်ချင်မိတယ်..။

မစ္စတာဝေ
၇၊ ၆၊ ၂၀၁၄။

No comments:

Post a Comment