ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

မဟာမြတ်မုနိကုန်မြေ သက်သေတည်



    စောလားဘွယ်၏ ကင်းလှည့်မို့ သေနတ်ကို ကိုင်ပြီး ကင်းစောင့်ရသည်မှာ တစ်ညလုံးရှိပြီ။ လူက အိပ်ငိုက်စပြုလာပြီ။ ထိုအချိန်တွင် အသံတစ်သံကို မသဲမကွဲ ကြားလိုက်ရသည်။ အာရုံစိုက်ပြီး နားထောင်ကြည့်သည်။ အမျိုးသမီးတစ်ဦး၏ အသံဖြစ်နေ၏။
“အရှင်ဘုရား သည်မြေမှ တစ်ဖ၀ါးမှ မခွါဘဲ တခြားဒေသကို မကြွချီပါနှင့် အရှင်ဘုရား”ဟု တောင်းပန်လျှောက်ထားသံကို ကြားလိုက်ရသည်။ ဒီလောက် လုံခြုံရေးတင်ကျပ်ထားသည့် ကြားမှ သည်အမျိုးသမီးသည် ဘယ်ကနေ ဘယ်လို ရောက်လာပြီး ဘုရားရှေ့တွင် တိုင်တန်းနေသည်မသိ။ အရိပ်အယောင် တစ်ခုခုကို မြင်လို မြင်ငြား မျက်လုံးကို အားယူပြီး ဖွင့်ကြည့်သည်။ သေနတ်ကို မောင်းတင်လိုက်သည်။ အသံလာရာ ဘုရားရှေ့တော်သို့ သေနတ်ကို ချိန်ရွယ်လိုက်သည်။ သို့သော် မျက်လုံးထဲသို့ မှောင်မဲနေသည့်အရာမှအပ တစ်ခုမှ ၀င်ရောက်မလာပေ။ အသံသည် ခဏတိတ်သွား၏။ ခဏတိတ်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း ဘာအသံမှ မကြားရတော့ချေ။ ထိုအချိန်မှ စပြီး စောလားဘွယ်သည် ကြောက်စိတ်ဝင်လာခဲ့ပြီ ဖြစ်သည်။ အိတ်ကပ်ထဲတွင်ရှိသော သမ္မာကျမ်းစာ စာအုပ်အား စမ်းကြည့်လိုက်သည်။
“အော်..ထာဝရဘုရားသခင်.. ကိုယ်တော်စောင့်မတော်မူပါ” လို့ ဆုတောင်းမိလိုက်သည်။ ကျမ်းစာထဲမှ ကိုယ်ရသလောက် အပုဒ်များကိုလိုက်ရွက်နေမိခဲ့သည်။ 

 

                                                                                    (၁)
 စောလားဘွယ်သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် နောင်ကိုင်ကျေးရွာအုပ်စု မိဖာလဲကျေးရွာမှ ဖြစ်သည်။ စောလားဘွယ်၏ ဖထီး(ဖခင်)နဲ့အမိုး(မိခင်)မှာ မိရိုးဖလာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ခဲ့သောကြောင့် သူသည်လည်း မိရိုးဖလာ ခရစ်ယာန်ဖြစ်သည်။ စောလားဘွယ် အရွယ်ရောက်လာသောအခါ ဖထီးတို့ အမိုးတို့ပိုင်ဆိုင်သည့် တောင်ယာလုပ်ငန်းကိုပဲ လုပ်ကိုင်ခဲ့သည်။ တစ်နေ့ ဘားအံမြို့မှ သူငယ်ချင်း စောမူးစေးရောက်လာပြီး ဗမာတပ်မတော်ထဲကို ၀င်ဖို့ စည်းရုံးခဲ့သည်။ ဒီလိုဖြင့် တောင်ယာအလုပ်ကို ငြီးငွေ့နေသာ စောလားဘွယ်သည် တောင်ယာလုပ်ငန်းကို စွန့်လွတ်ပြီး ဗမာတပ်မတော်ထဲကို ၀င်ခဲ့သည်။ ထိုအချိန် ကရင်ပြည်နယ် တလျှောက် အစိုးရတပ်များနှင့် ကရင်ပြည်တပ်မတော်တို့ဖြင့် တိုက်ပွဲ ပြင်းထန်နေချိန်ဖြစ်သည်။ စောလားဘွယ်တစ်ယောက် ဗမာတပ်မတော်ထဲတွင် တပ်မတော်သားဘ၀ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘီအီးတပ်သို့ တာဝန်ဖြင့် ရွှေ့ပြောင်းခံရသည်။ သို့သော်လည်း မိရိုးဖလာ ခရစ်ယာန်ဘာသာကိုကား အမြဲတမ်းကိုးကွယ်ယုံကြည်ခဲ့သည်။ မြန်မာနိုင်ငံအရှေ့ဘက်အဆုံးမှ တောင်တန်းဒေသမှ ကရင်ကလေး စောလားဘွယ်သည် မြန်မာနိုင်ငံအနောက်ဘက်ဆုံး ရခိုင်ပြည်နယ်တွင် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း အမိမြန်မာနိုင်ငံတော်ကို တာဝန်ကျေပွန်လျှက်ရှိသည်။
            စစ်သားတို့ သဘာဝအရ အမိန့်အာဏာသည် အလွန်အရေးကြီးသည် မဟုတ်လား။ မကြာခဏဆိုသလို ရှေ့တန်းထွက်ရသည်။ ရခိုင်ပြည်နယ်တွင်းဆိုလျှင် ကျောက်တော်မြို့နယ်ဖက်ကို ရှေ့တန်းထွက်ရသလို အရေးကြီးလျှင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်ဖက်ကိုလည်း ထွက်ရသည်။ သို့သော်ကား ဒီတစ်ခေါက် ကျောက်တော်မြို့နယ်၊ သီရိဂုတ္တကုန်းမြေ၊ မဟာမြတ်မုနိသို့ ရှေ့တန်းထွက်ခဲ့ရသည်။ ဒီတစ်ခေါက် ထွက်ခဲ့ရသည် ရှေ့တန်းကား ဆန်းပြားသည်။ တိုက်ရေး ခိုက်ရေးထက် လုံခြုံရေးအတွက် ရှေ့တန်းထွက်ခဲ့ရခြင်းဖြစ်သည်။ မဟာမြတ်မုနိဘုရားသို့ မြန်မာနိုင်ငံ အစိုးရတပ်မှ အဆင့်မြင့်အရာရှိများ လာရောက် ဖူးမြော်မည်ဖြစ်သောကြောင့်၊ လုံခြုံရေးယူပေးရမည်။ စောလားဘွယ်တို့ ရောက်သွားချိန်တွင် တခြားနေရာမှ စစ်တပ်များလည်း ရောက်ရှိနေသည်။ အဆင့်မြင့်အရာရှိများ ဘုရားလာဖူးလာမည်ဟု ဆိုသော်လည်း လုံခြုံရေးများကား အဆမတန်တိုးချထားသည်။
ဘုရားဖူးများမှာလည်း ရခိုင်ပြည်နယ် တစ်နံတစ်လျားမှ အများအပြားလာရောက်လျှက်ရှိသည်။ မဟာမြတ်မုနိကုန်းမြေသည် ကြက်ပျံ့မကျစည်းကားလျှက်ရှိနေသည်။ “ဘာကြောင့် ဒီလောက် လူများ စည်းကားနေရသလဲ။” တစ်ခုခုတော့ ထူးခြားနေသည်မှာ အမှန်ပင်ဖြစ်သည်။
                                                                                    (၂)
အယင်တုန်းကလည်းရခိုင်သမိုင်းထဲမှာမဟာမြတ်မုနိဘုရားကိုပင့်ဆောင်ဖို့ကြိုးစားခဲ့တာတွေရှိတယ်။"
လေးမြို့ခေတ်၊ပဉ္စာမြို့- ပဲဖြူမင်းလက်ထက်ပုဂံပြည်ရှင်အနော်ရထာမင်းကြီးသည်ဘူးရွက်မညှိုးလမ်းကို ဖောက်၍မဟာမုနိကိုပင့်ရန်ကြံစည်ခဲ့ဖူးတယ်။အိပ်မက်အရအကြံမမြောက်ခဲ့လေရကားငါးလခန့်ကြာခဲ့တယ်လို့ရာဇ၀င်တွေထဲမှာ ဖော်ပြထားတယ်။ နောက်ဆုံးသင်္ကျစ်တော်ကိုပင့်ရန်တဖန်အားထုတ်သော်လည်းမအောင်မြင်။ ကောင်းကင်သို့ပျံတက်၍ နေလေသဖြင့် ရောင်ခြည်တော်ကိုသာဖူးမြင်လျှက်နေခဲ့ရတယ်။ နောက်ဆုံးတွင်သင်္ကျစ်တော်ပွါးတစ်ဆူကိုပင့်ဆောင်ယူသွားခဲ့ဖူးတယ်ဟု ဘေးနားမှလူကြီးတစ်ဦးမှ ပြောပြနေသည်။ စောလားဘွယ်သည် ထိုလူကြီး ပြောစကားအား နားစွင့်ကြည့်လိုက်သည်။ သို့သော် ထိုလူကြီးကား စကားကို ဆက်မပြော။ ဘေးသီဝဲယာကို အကဲခတ်ကြည့်နေသည်။ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်စိတ်များ လွှမ်းမိုးနေသည်ကို အထင်းသားမြင်ရသည်။ ထို့အပြင် ဘုရားဖူးလာသူများ၏မျက်နှာတိုင်းတွင်စိုးရိမ်ပူပင်စိတ်အရိပ်အရောင်များကိုမြင်ရသည်။
            အဖြစ်အပျက်များကို စောလားဘွယ် တစ်ဦး မသိခဲ့သည်ကား အမှန်ပင်။ စောလားဘွယ်ရောက်နေသောအရပ်သည်ရခိုင်တို့၏အထင်ကရ၊အမြတ်တနိုးတန်ဖိုးထားသောမဟာမြတ်မုနိရုပ်ရှင်တော်ကုန်းမြေဖြစ်နေသည်။ဤအရပ်ကိုလုံခြုံရေးယူရန်ဖြစ်သည်။မိခင်တပ်ရင်းမှထွက်လာတုန်းကရန်သူရှေ့တန်းနယ်မြေဟုထင်မှတ်ထားခဲ့သော်လည်းယခုမူကားဘုရားရိပ်တရားရိပ်အောက်ကိုလာရောက်လုံခြုံရေးယူပေးရခြင်းဖြစ်သည်။သို့သော်သည်မျှလောက်လုံခြုံရေးထူထပ်စွာချထားမှုသည်လုံးဝထူးခြားနေသည်ကိုကား စောလားဘွယ်တစ်ယောက်သတိပြုမိသည်။
            စစ်တပ်လုံခြုံရေးများကို မြင်သောအခါ စကားပြောနေသောသူများသည် စကားစကို ဖြတ်လိုက်သည်။ ဘုရားဖူးလာသူတိုင်းသည် မပြန်ကြဘဲ ဟိုနား တစ်စု ဒီနား တစ်စုဖြင့် အခြေအနေကို စောင့်ကြည့်နေကြသည်။ စောလားဘွယ် တစ်ယောက်လည်း လုံခြုံရေး ယူရမည် ဖြစ်သော်လည်း အခြေအနေကို မသိရသေး။ ခဏနေတော့ စစ်ကြောင်းမှူးမှ တန်းစီခိုင်းသည်။ တပ်ဖွဲ့ဝင်များ အားလုံး တန်းစီလိုက်သည်။
“ရဲဘော်တို့ အမိန့်နာခံပါ။ ယခုကစပြီး တာဝန်ခွဲဝေမယ်”
“ဟုတ်”
“တပ်စိပ်(၁) ဘုရားစောင်းတန်းအရှေ့ဘက် မုခ်ဝကို တာဝန်ယူပါ”
“ဟုတ်”
“တပ်စိပ်(၂) တောင်ဖက် စောင်းတန်း”
“ဟုတ်”
“တပ်စိပ်(၃) ဘုရားစောင်းတန်းရဲ့ အနောက်ဘက်မုခ်ဝ”
“ဟုတ်”
“ဒီကိစ္စဟာ လုံးဝပေါ့လျောလို့မရဘူး။ တစ်ခုခုမှားခဲ့ရင် အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးမယ်၊ ကိုယ့်တာဝန် ကိုယ်ကျေပါစေ”
“ဟုတ်ကဲ့ပါ ဗိုလ်ကြီး” ဆိုပြီး ပြိုင်တူ အလေးပြုလိုက်ကြသည်။ တပ်စိပ်(၃)တွင် ပါဝင်သော စောလားဘွယ်တို့ တပ်စိပ်သည် မဟာမြတ်မုနိဘုရား၏ အနောက်ဘက် မုခ်ဝသို့ ထွက်လာခဲ့ကြသည်။ အနောက်ဘက်မုခ်ဝတွင် ကင်းစောင့်အဖွဲ့ကို ၄ ဦးထိချထားလိုက်ပြီး ကျန်လူများက စားဖို့သောက်ဖို့ ပြင်ဆင်ကြသည်။ ၄ ယောက်တစ်ဖွဲ့ ၂ နာရီစီ အလှည့်ကျ ကင်းတာဝန်ကို ခွဲလိုက်ကြသည်။ ပထမအဖွဲ့တွင် စောလားဘွယ် မပါဝင်ခဲ့။ စောလားဘွယ်မှ သိချင်စိတ်ကို သည်းမခံနိုင်တော့ဘဲ၊ တပ်စိပ်မှု တပ်ကြပ်ကြီးကို မေးကြည့်လိုက်သည်။
“ဆရာ..ဘုရားရင်ပြင်ပေါ်မှာ ဒီလောက်တောင် ဘာကြောင့် အရေးကြီးနေရတာလဲ”
စောလားဘွယ်တို့ တပ်စိပ်၏ အုပ်ချုပ်သူ တပ်ကြပ်မှ ခဏကလေး ငေးသွားသည်။ စစ်တပ်ဆိုသည်မှာ ပြန်မေးခွင့်မရှိ။ အမိန့်အာဏာသာရှိသည်။ ယခုကား မထူးတော့ပြီး
“ဘုရားကို ဒီကနေ ဗမာပြည်ကို ပင့်ဆောင်သွားမယ်။ အဲဒီကနေ မြန်မာပြည်တစ်ပတ် ဒေသစာရီကြွချီမယ်၊ ပြီးရင် တရုတ်ပြည်ထိကြွချီမယ်၊ အဲဒါကို ပင့်ဆောင်ဖို့အတွက် အစိုးရအဆင့်မြင့်ပိုင်းက လာရောက်ပင့်ဆောင်ကြလိမ့်မယ်။”ဟု တပ်ကြပ်ကြီးမှ ရှင်းပြသည်။ ထိုအခါမှ စောလားဘွယ် တစ်ယောက် အကြောင်းအရင်းကို သိရတော့သည်။ ဘုရားကို ပင့်ဆောင်သည့်ကိစ္စသည် ဒီမျှလောက်ထိ အရေးကြီးနေကြောင့် အတိမ်အနက်ကို မခန့်မှန်းတတ်ခဲ့။ ဒီကိစ္စကို ဘယ်ခန့်မှန်းနိုင်ခဲ့မည်လဲ။ စောလားဘွယ်ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်တစ်ဦး မဟုတ်ဘဲ ခရစ်ယာန် တစ်ဦး ဖြစ်နေခဲ့သည် မဟုတ်လား။
(၃)
            ဘုရားပေါ်သို့ ဘုရားဖူးများသည် ဆက်တိုက်ရောက်ရှိလာကြသည်။ မဟာမြတ်မုနိရုပ်ရှင်တော်ထက်သို့ အရပ်လေးမျက်နှာ မုခ်ဝများမှ လူများ မပြတ် ၀င်ရောက်လာကြသည်။ ပတ်နီးဝန်းကျင်မှ လူများဖြစ်နိုင်သော်လည်း တခြားရပ်ဝေးမှ လာကြသူများလည်း ဖြစ်နိုင်သည်။ သက်ကြီးရွယ်အိုမှ လူမမည်ကလေးအထိ ရွယ်စုံပါဝင်သည်။ တချို့သမိုင်းပညာရှင်များလည်း ပါလာပုံပေါက်သည်။ သူတို့က လူစုလူဝေးများကို သမိုင်းဆိုင်ရာ အချက်အလက်များကို ရှင်းပြနေကြသည်။ စောလားဘွယ်တို့ တာဝန်ကျသည့် အနောက်ဘက်မုခ်ဝနားတွင် လူကြီးတစ်ဦးမှ အသံ ခပ်ကျယ်ကျယ်ဖြင့် စကားပြောနေသည်။ လူများ စုရုံးနားထောင်နေကြသည်။ လူများအားလုံး နားလည်နိုင်လောက်အောင် အသံကျယ်ဖြင့်
“အေဒီ ၈၁ ခုနှစ်ကသရေခေတ္တရာပြည်မှသုပညာနကရဆန္နမင်းက ရခိုင်ပြည်သို့ ရောက်ရှိလာပြီး ရွှေအဆင်းရှိသောမဟာမြတ်မုနိဘုရားကြီးကိုဖူးတွေ့ရကားအလွန်ကြည်ညိုသဒ္ဓါဖြစ်၍သုံးနှစ်တိုင်တိုင်မပြန်နိုင်ဘဲတရားဘ၀ါနာပွါးများနေခဲ့တယ်။အဲဒီမင်းပဲမဟာမြတ်မုနိသိမ်တော်မှရုပ်ပွါးကိုသရေခေတ္တရာသို့ပင့်ရန်ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ဘူး” ဟု သမိုင်းပညာရှင်လို့ ထင်တဲ့ လူကြီးတစ်ဦးမှ လူစုလူဝေးကို ရှင်းပြနေသည်။ စောလားဘွယ်လည်း နားစွင့်ပြီးတော့ လိုက်နားထောင်မိသည်။ အဲဒီလူကြီးမှ
“အေဒီ၉၈၀ ခုနှစ်မှာ ကျွန်တော်တို့ရခိုင်ပြည် မြောက်ပိုင်း တောင်ထူထပ်သော ဒေသမှလူမျိုးများလာရောက်ပြီးတော့ မဟာမုနိကုန်းတော်ကိုသိမ်းပိုက်လိုက်ကြတယ်။ သူတို့လည်း မဟာမုနိရုပ်ပွါးတော်ကြီးကိုသူတို့နေရာသို့ယူဆောင်ရန်ကြိုးစားကြရာမရရှိခဲ့ဘူး။ ရွှေငွေရတနာများကိုရထားပေါ်တွင်တင်ကာရုပ်ပွါးတော်အားခုနှစ်ရက်တာမျှ ရွှေချအရည်ဖျော်ကြတယ်။ ဒါပေမယ့် ရုပ်ပွါးတော်သည်အရည်မပျော်ဘဲ ရှိနေခဲ့လို့ ဒီအတိုင်း ထားခဲ့ကြတယ်” လူကြီးသည် မျက်ရည်လည်များ ၀ဲလာသည်။ နားထောင်နေတဲ့ လူအစိပ် ၊ ၃၀ လောက်ရှိမည့် လူများကလည်း အားလုံး အသံတိတ်လျှက် ဘာပြောမည်ကို ဆက်လက်စောင့်နေကြသည်။ လူကြီးမှ
“မောင်နှမရင်း၊တသားချင်းတို့၊မင်းမြှောက်သောခါ၊ပါသည်များလှိုင်း၊တလိုင်းနှင့်ပြူ၊နှစ်ပြည်သူတို့၊သုံးလူထွက်ချာ၊မဟာမုနိ၊တြိနာထော်၊ရုပ်ရှင်ကျော်ကို၊ ပေါင်တော်ကျော့သား၊ယူသောအားဖြင့်၊နဂါးလည်းနှစ်၊ ပြန်ရစ်သောအခါ၊ ပြည်ရွာလည်းပျက်၊ခုထက်တိုင်ပင်၊နူဝဲဖျင်လျှက်၊ရှင်ပင်ပြစ်ကြောင့်၊ ဖြစ်သတည်းဟု၊သည်းသျှင်နှမ၊နားတော်ခလော့”
“ရခိုင်စာဆို ဘဒူမင်းညိုရေးတဲ့ ရခိုင်မင်းသမီးဧချင်းအပုဒ် (၁၃)မှာ ဖော်ပြထားတယ်။ အဓိပ္ပါယ်ကို ကျွန်တော်ပြောပြပါမယ်” ခဏကလေး အသံကို အားယူလိုက်သည်။ ခါးတွင် ပါလာသော လက်ကိုင်ပုဝါဖြင့် မျက်နှာကို သုတ်လိုက်သည်။ ဆက်ပြီး
“အေဒီ(၁၀၀၃)ခုနှစ်ရခိုင်ဘုရင်လက်ယာမင်းနန်အားနန်းတင်လာကြတဲ့ပုဂံသားတို့ဟာ မဟာမုနိကုန်းတော်ကို ရောက်ရှိလာကြပြီး ရွှေငွေရတနာအတိဖြင့်ပြီးသောမဟာမုနိရုပ်ရှင်တော်မြတ်အားဖူးတွေ့ရသောအခါ လောဘဇောတက်ပြီးဘုရားအားဖိုကျင်တစ်ထောင်ထိုးကာ ကျောသားနဲ့ ပေါင်တော်ကိုဖဲယူခဲ့ကြတယ်။ အဲဒီလို ယူဆောင်သူများသည် လှေဖြင့်တင်၍စုန်ဆင်းကြလေသော်ရန်းဝသို့ရောက်လျှင် လှေများနစ်၍ သေကြေပျက်စီးကြလေတယ်။လွတ်မြောက်သူတို့လည်းနူနာ၊၀ဲနာစွဲပြီး လူလုံးမလှ ဖြစ်သွားတယ်” နည်းနည်း ဒေါသသံပါလာသည်။ ဒေါနှင့် မောနှင့် ပြောလာသည်။ နားထောင်နေသူများက ကြက်သီးမွေးများ ထလျှက်ဖြစ်နေကြသည်။ သို့သော်ကား စောလားဘွယ် တစ်ယောက်မှ အဓိပ္ပါယ်ကို နားမလည်ခဲ့။
“ငါတို့ဘုရင် စန္ဒာသူရိယ မင်းက ဘုရားရှင်ကို ဖူးတွေ့ချင်လို့ မနောစိတ်နဲ့ ပင့်ဆောင်ခဲ့တာ။ ဂေါတမ ဗုဒ္ဓဟာ ရာဇဂြိုလ်ပြည်မှဓည၀တီရခိုင်ပြည်သို့ဝါတော်၂၀ မြောက်တွင်တပည့်ရဟန်းတာ၅၀၀ ဖြင့်ကြွလာပြီး၊ ကျွန်တော်တို့ လူမျိုးတွေ အဆက်ဆက် ကိုးကွယ်ရအောင် လက်ဆောင်အဖြစ်ပေးတားခဲ့တာပါ”
“ဒါကြောင့် ဒီနေရာက ပြောင်းရွှေ့မှာကိုတော့ ကျွန်တော်တို့ လုံးဝ လက်မခံနိုင်ဘူး” နားထောင်နေကြသော ပရိတ်သတ်များမှလည်း
“ဟုတ်တယ်၊ ဟုတ်တယ်”ဆိုပြီး ကန့်ကွက်ကြသည်။ စောလားဘွယ်တို့၏ တပ်ကြပ်မှ ချက်ချင်းထွက်လာပြီး
“ဟေ့..လူကြီး၊ ခင်ဗျားလွန်လာပြီနော်။ ခင်ဗျား ပြန်တော့။ မဟုတ်ရင် အရေးယူရလိမ့်မယ်”ဆိုပြီး သတိပေးလိုက်သည်။ ထိုအချိန်မှ လူစုကွဲသွားကြသည်။ တချို့ကလည်း မကျေနပ်သည့် ပုံစံမျိုးဖြင့် ကြည့်နေကြသည်။ သို့သော် စစ်သားတိုင်း၏ လက်ထဲတွင် သေနတ်များကို အဆင့်သင့် ကျဉ်ထိုးပြီးသားဖြစ်နေသည်။ ခေတ်အခြေအနေအရ စစ်တပ်က လက်သံပြောင်နေသည့် အချိန်မို့ စစ်သားဆိုတော့ လူတိုင်း လက်ရှောင်ကြသည်။
(၄)
ဒီလိုဖြင့် မနက်မှသည် ညနေသို့ အချိန်များ တဖြည်းဖြည်း ပြောင်းရွှေ့လာသည်။ သို့သော် ဘုရားဖူးများကား ၀င်လာမစဲ။  ခဏနေတော့ တာဝန်ကျဗိုလ်မှူးမှ အမိန့်ထုတ်လိုက်သည်။ ည ၈း၀၀ နာရီကျော်လျှင် မည်သူမှ ဘုရား ပရဝိုဒ်ထဲသို့ မ၀င်ရဟု အမိန့်ထုတ်လိုက်သည်။ ဤအမိန့်ကြောင့် စောလားဘွယ်တို့မှာ ပိုမို အလုပ်ရှုပ်သွားသည်။  လုံခြုံရေးကိုလည်း ပိုမို အရေးစိုက်နေရသည်။ ဒီလိုဖြင့် ကင်းစောင့်ရင်း ညတစ်ညကို အလှည့်ကျ စနစ်ဖြင့် ဖြတ်သန်းနေရသည်။ စောလားဘွယ်သည် ညဥ့် ၁း၀၀ နာရီမှ နံနက် ၃း၀၀ နာရီထိ အလှည့်ကျသည်။ လုံးဝ အိပ်ငိုက်ချိန်ဖြစ်နေသည်။ ကင်းစောင့်ချိန်တွင် သတိကို လုံအောင်ထားနေရသည်။ အိပ်ငိုက်မည်ကို စိုးရိမ်သောကြောင့် ကိုယ်လျှောက်ခဲ့သည့် လမ်းကို ကိုပြန်သုံးသပ်ကြည့်နေမိသည်။
စောလားဘွယ် အိမ်က ထွက်လာခဲ့သည်မှာ နှစ်ပေါင်း ၁၀ ကျော်ပြီ။ ဖထီးနဲ့ အမိုးဆီသို့ တစ်ခါမှ အဆက်အသွယ်မလုပ်ခဲ့။ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေသည်မှာ ၅ နှစ်လောက်ရှိပြီ။ စစ်တွေမြို့နယ်ဆိုသည်မှာ သူ့အတွက် မိသားစုလိုဖြစ်နေပြီ။ သူတာဝန်ကျသည့် ဘီအီးတပ်နားတွင် ကျားမသောက်ကျေးရွာ၊ သိန်းတန်ကျေးရွာ၊ ကျောက်တန်းချေ ကျေးရွာတို့သည် ရခိုင်တို့ သဘာဝဖြင့် ဖော်ရွှေ့သည့် ဒေသခံတို့ကြောင့် သံယောဇဉ် တွယ်နေမိပြီ။ အထူးသဖြင့် သိန်းတန်ကျေးရွာသူလေး မစောစစ်နဲ့ သံယောဇဉ်ကြိုးသွယ်မိနေခဲ့မိသည်။ လက်ထပ်ဖို့အထိ တိုင်ပင်ထားကြသော်လည်း ပြနာမှာ စောလားဘွယ်မှာ ခရစ်ယာန်၊ သူမက ဗုဒ္ဓဘာသာ။ လူမျိုးမတူသည်ကြား ဘာသာကလည်း ခြားနေသေးသည်မို့ သဘောထားချင်း ညှိုနှိုင်းမှုဖြင့်သာ အချိန်ကုန်နေခဲ့ကြသည်။ ဒီကိစ္စကို ညှိုနှိုင်းတိုင်ပင်လျှင် စကားများရန်ဖြစ်ကြပြီး စိတ်ကောက်ကြ၊ စကားမပြောကြ။ သို့သော်လည်း သမီးရည်စားတို့ သဘာဝအတိုင်း တစ်ယောက်က လျော့လိုက်လျှင် ပြန်သင့်ကြတာပဲ။ လျောခဲ့ရသူမှာ စောလားဘွယ်က ပိုများသည်။
ချစ်သူတို့သဘာဝအရ ရှေ့ရေးကို တိုင်ပင်ရင်း ရင်ခုန်ခဲ့ကြသည်။ ဒီတစ်ခေါက် ရှေ့တန်းမှ နောက်တန်းကို ပြန်လျှင် သူမ၏ မိဘများကို ဖွင့်ပြောပြီး အေးချမ်းစွာဖြင့် ဘ၀တစ်ခုကို တည်ဆောက်မည်ဟု စိတ်မှန်းထားသည်။ယခုညကား အလွမ်းကို မိတ်ဖွဲ့ရင်း ဒီကိုထွက်မလာခင်တုန်းက စကားများကို ပြန်ကြားယောင်နေမိခဲ့သည်။
“စောစစ်ရယ် .. အစောတို့ လက်ထပ်ကြရအောင်နော်”လို့ ပြောတိုင်း နေ့ရွေ့ ညရွေ့ဖြင့် အချိန်က ကြန့်ကြာနေခဲ့သည်။ သူမက အကြောင်း တစ်ခုခုပြပြီး အမြဲရှောင်ထွက်နေခဲ့သည်။
“ဒီတစ်ခေါက် အစောရှေ့တန်းက ပြန်လာရင် အစောတို့ လက်ထပ်ကြရအောင်နော် စောစစ်။ စောစစ်တို့ မိဘတွေဆီမှာ အစော လူကြီးသူမတွေနဲ့ လာတောင်းရမ်းပါ့မယ်။ အစောရဲ့ တပ်ရင်းမှူးကိုလည်း အစောပြောထားပြီးပါပြီ”
“အစ်ကိုသာရှေ့တန်းကို ဂရုစိုက်သွားပါ။ ညီမ အပြုံးပန်းနဲ့ ကြိုနေပါမယ်”ဆိုပြီး ပြောခဲ့သည့် စကားသည် နားထဲက မထွက်။
စောလားဘွယ် တစ်ယောက် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၁၀ ကျော်ပြီးမို့ စစ်တပ်မှ ထွက်ခွင့်တင်လျှင် ရပြီဖြစ်သည်။ ယခုလည်း ကင်းစောင့်ရင်း ချစ်သူတို့ သဘာဝ အလွမ်းကို မိတ်ဖွဲ့ရင်း ကင်းစောင့်ညကို ဖြတ်ကျော်နေမိခဲ့သည်။ တစ်ချက် တစ်ချက် ညဥ့်ငှက်တို့ အသံကို ကြားရရုံမှ လွဲပြီး ညကား သာယာနေသည်။ လသာသည့် ညမို့ အလွမ်းဓာတ်က ပိုအားကောင်းလာသည်။
“ဒီအချိန်ဆိုလျှင် စောစစ်တစ်ယောက် ဘယ်လိုနေလေမသိ၊ သိပ်လွမ်းတယ် အချစ်ရယ်”ဆိုပြီး ပင့်သက်ချလိုက်မိသည်။
“အော်..အဖ ဘုရားသခင် .. ကမ္ဘာလောကကြီးနှင့်တကွသတ္တ၀ါများကိုထာဝရဘုရားသခင်ကဖန်ဆင်းသည်။ထာဝရဘုရားသခင်
သည်တစ်ဆူတည်းသောဘုရားဖြစ်သည်။ခမည်းတော်ဘုရား၊သားတော် ယေရှုခရစ်ဘုရားအပြင်သန့် ရှင်းသောဝိညာဉ်တော်ဘုရား၊ရှိသည်ဟုယုံကြည်သည်။ခမည်းတော်၊သားတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်သုံးပါးစလုံးသည်တစ်ဆူတည်းသောထာဝရဘုရားသခင် ဖြစ်သည်ဟုခံယူကြသည်အတွက် ကျွန်တော် စောလားဘွယ်နှင့်  ချစ်သူစောစစ်တို့အား အမြန်နီးစပ်ပါစေသား”လို့ ဆုတောင်းလိုက်သည်။
            ထိုအချိန်တွင် မဟာမုနိ ရုပ်ပွါးတော်ရှေ့မှ အမျိုးသမီးတစ်ဦးအသံကို ကြားလိုက်ရသည်။
“အရှင်ဘုရား သည်မြေမှ တစ်ဖ၀ါးမှ မခွါဘဲ တခြားဒေသကို မကြွချီပါနှင့် အရှင်ဘုရား”ဟု တောင်းပန်လျှောက်ထားသံကို ကြားလိုက်ရသည်။ စောလားဘွယ်သည် အံသြသွားသည်။ ခဏကလေး ဘာလုပ်လို့ ဘာကိုင်မရမှန်းမသိဖြစ်သွားသည်။ ဘုရားရုပ်ပွါးတော်ရှေ့သို့သေနတ်ကို ချိန်လိုက်သည်။ သေနတ်ကို မောင်းတင်လိုက်သည်။ အသံလာရာ ဘုရားရှေ့တော်သို့ သေနတ်ကို ချိန်ရွယ်လိုက်သည်။ သို့သော် မျက်လုံးထဲသို့ မှောင်မဲနေသည့်အရာမှအပ တစ်ခုမှ ၀င်ရောက်မလာပေ။ ဒီလိုဖြင့် နောက်တစ်ရက် နံနက်ရောက်သောအခါ ဒီအကြောင်းအရာများကို တခြားရဲဘော်များကို ပြောပြသော်လည်း သံသယတစ်ဝက်ဖြင့် မယုံကြည်ကြပေ။
(၅)
နောက်တစ်နေ့ နံနက် ၁၀ နာရီအချိန်လောက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြသင်းနှင့် စခက-၉ က ဗိုလ်မှူးချုပ် ခင်မောင်တို့နှင့် တခြားပုဂ္ဂိုလ်များမှ ဟေလီကိုပတာ လေယာဉ် ၃ စီးဖြင့် လာရောက်ကြသည်။ ကျောက်တော်မြို့နယ်မှ အရာရှိများ၊ ဌာနဆိုင်ရာများမှ ၀န်ထမ်းများ၊ မြောက်ဦးမြို့မှ အစိုးရ၀န်ထမ်းများက ကြိုဆိုရေးတို့ဖြင့် နေရာယူနေကြသည်။
မဟာမြတ်မုနိဘုရားကို ပင့်ယူမည်ဆိုသည့် သတင်းကြောင့်မနက်ကတည်းက လူများတိုးဝှေ့ပြီး ဘုရားလာဖူးကြသည်။ သို့သော်လည်း စစ်တပ်အင်အား၊ ရဲအင်အား၊ မီးသတ်အင်အားတို့ဖြင့် မဟာမြတ်မုနိ ရုပ်ပွါးတော် အ၀င်ပေါက်များကို ပိတ်ထားခဲ့ကြသည်။ လူများသည်လည်း ဘယ်ကရောက်လာ၍ ရောက်လာမှန်းမသိ မဟာမြတ်မုနိ ဘုရားပုရ၀ုဒ်အပြင်ဖက်တွင် လူများပြည့်ကြပ်နေကြသည်။ လူများသည် ဘုရားအတွင်းသို့ ၀င်ဖို့ ကြိုးစားနေကြသည်။ စောလားဘွယ် တာဝန်ကျသည့် အနောက်ဘက်မုခ်ဝတွင်တော့ လုံခြုံရေးအင်အား တိုးချလိုက်သည်။ စစ်တွေတိုင်းရုံးမှ ရဲဘော်များလည်း လာရောက်ပူးပေါင်းလိုက်ကြသည်။
အမှန်ဆိုလျှင် ဒီလသည် ဖေဖော်ဝါရီလ ပွင့်လင်းရာသီဖြစ်သော်လည်း ကောင်းကင်ပေါ်တွင် ချက်ချင်း မိုးသားတိမ်တိုက်တို့ တက်လာပြီး ရုတ်တရက် မိုးခြိမ့်သံများကို ကြားရသည်။ မိုးခြိမ့်သံများဆက်တိုက် ထွက်ပေါ်လာပြီး ကောင်းကင်းတွင် လျှပ်စီးလက်သံများ ထွက်ပေါ်လာသည်။ ဘုရားဖူးလာရောက်သူများကား နောက်ဆုတ်မသွားဘဲ ပို၍ များပြားလာခဲ့သည်။ စိုးရိမ်ပူပင်စိတ်တို့ကို မျက်နှာပေါ်တွင် အထင်းသားမြင်နေရသော လူအုပ်သည် လျော့မသွားဘဲ တိုးတိုးလာသည်။
မဟာမြတ်မုနိထဲတွင်တော့ အစိုးရအရာရှိများနှင့် တခြားထိပ်ပိုင်း ခေါင်းဆောင်များ ဘုရားဝတ်ပြုနေကြသည်။ စောလားဘွယ်တို့ လုံခြုံရေးတပ်များသည် အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် လူအုပ်ကြားတွင် ထိန်းသိမ်းနေရသည်။
“၁၁၄၆ ခုနှစ် အမရပူရ အင်းဝ ဘုရင် ဘိုးတော်ဘုရားရဲ့သားတော် အိမ်ရှေ့မင်းသားဦးဆောင်ပြီးတော့ မဟာမြတ်မုနိဘုရားကို ပင့်ခဲ့ပြီးပြီ။ ဗိုလ်မင်းသီရိကျော်ထင်ကို ဦးဆောင်ပြီးတော့ ပင့်ခိုင်းတာ။ စာဆိုရာမရကန်ဦးတိုးက နောက်တော်ပါးပါခဲ့တယ်။ အဲဒီတုန်းကပါတဲ့ ဘုရားဟာ အခုဆိုရင် မန္တလေးမြို့တော်ကြီးမှာ ရှိလေရဲ့။ အခုတော့ ဒီဘုရားကိုတော့ မပင့်စေချင်ဘူး။ ရခိုင်ပြည်သူတွေမှာ အားကိုးစရာ၊ ကြည်ညိုစရာဆိုလို့ ဒီဘုရားပဲရှိတာပါ။ ဒါလေးကိုတော့ ထားစေချင်ပါတယ်။”ဟု အဘွားတစ်ဦးမှ စောလားဘွယ် အနီးတွင် ဘုရားရင်ပြင်ဖက်ကို လက်အုပ်ချီလျှက် တောင်းပန်နေသည်။ မျက်နှာပေါ်မှ မျက်ရည်စများ စီးဆင်းလျှက် အဘွားသည် အသနားခံနေလေသည်။ စောလားဘွယ်သည် စစ်သားဖြစ်သော်လည်း နှလုံးသားက နုညံ့သည်။ သည်လိုမြင်ကွင်းမျိုးကို မြင်ရလျှင် စိတ်မချမ်းသာဖြစ်ရသည်။ သို့သော်ကား ဘာမှ ၀င်ပြောစရာမရှိ။ ပေးသည့်တာဝန် ကျေပွန်ရန် စစ်သားကောင်းတို့၏ တာဝန်ဖြစ်သည်။
မဟာမြတ်မုနိဘုရားရင်ပြင်ပေါ်သို့ လူထုပရိတ်သတ်အား ၀င်ခွင့်လုံးဝ မပြုဖို့ အမိန့်ထုတ်ထားသည့်အတွက် ၀င်ရောက်ဖို့ ကြိုးစားနေသူများကို တားမြစ်နေရသည်။ အထူးသဖြင့် မဟာမြတ်နိဘုရားဝင်ပေါက်များအားလုံးကို လုံခြုံရေးတင်ကျပ်စွာဖြင့် ပိတ်ထားရသည်။
အစိုးရအဖွဲ့နှင့် ပါလာသူများက ဘုရားရင်ပြင်ပေါ်တွင် အလုပ်ရှုပ်နေကြသည်။ တစ်ချို့က ဘုရား၏ သိမ်တော်အား တိုင်းတာနေကြသည်။ လူကြီးများနှင့် အတူပါလာသော သူများသည် သူဟာနှင့် သူတို့ အလုပ်ရှုပ်နေကြသည်။ ဒီလိုဖြင့် ဒီနေ့ တစ်ရက်လုံး အလုပ်ရှုပ်နေကြသည်။ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံအမျိုးမျိုးတိုင်ပင်နေကြသည်။ ခေါင်းချင်းရိုက်၊ စည်းဝါးချင်းကိုက်နေကြသည်။ ရာသီဥတုကလည်း အမျိုးမျိုးပြောင်းလဲနေသည်။ ခဏနေလျှင် မိုးခြိမ်းသံကို ကြားရသလို၊ အပြင်ဘက်မှ လူထုပရိတ်သတ်ကလည်း တားမနိုင်ဆီးမရဖြစ်နေသည်။
“အော် .. ရှင်မရယ် ဘာတွေကို တွေးပူနေတာလဲ။ ဒို့မြတ်စွာဘုရားဟာ မဟာမြတ်မုနိအရှင်ကို ဗျာဒိတ်တော်ထားခဲ့တာ။ ဒီနေရာကနေ ဘယ်မှ ပင့်ဆောင်လို့မရပါဘူးကွာ။” အဘိုးတစ်ဦးမှ ဘေးနားက အဘွားကို ပြောပြနေသည်။
“ငါ့ညီတော် ငါတစ်မူကား မကြာမြင့်မီပင်လျှင် ပရိနိဗ္ဗာန်ပြုရလိမ့်မည်။ ငါ့ညီတော်သာလျှင် ငါဘုရား ဖန်ဆင်းဘိသကဲ့သို့ အထူးထူးအပြားပြား တန်းခိုးပြာဋိဟာတို့ကို ဖြစ်စေလျှက် ငါထားတော်မူလတ္တံ့သော သာသနာ ငါးထောင်မကုန်သရွေ့အမျှ တည်ရစ်သဖြင့် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းဆို့၏ ရိုသေရာဖြစ်စေသတည်း”
“ ဒီလို ဗျာဒိတ်တော်ရှိခဲ့တာပဲမဟုတ်လား။”
“အို..ကွယ်..ဒါပေမယ့် သူတို့ ပင့်ဆောင်သွားရင် ဒို့များမှာ ကိုးကွယ်စရာမရှိတော့ဘူး ဖြစ်မှာပေါ့”လို့ အဘွားက ပြန်ပြောသည်။ ဒီလို့ဖြင့် ဒီနေ့တစ်ရက် ကြိုးစားမှုသည် အရာမထင်ဖြစ်ခဲ့ရသည်။ တစ်ဖြည်းဖြည်းဖြင့် ညနေစောင်းမှသည် နေ၀င်ရီတစ်ရောသော ရောက်ရှိလာခဲ့သည်။ ညနေပိုင်းတွင် စစ်တပ်၏ ထုံးတမ်းစဉ်လာအရ စောလားဘွယ်တို့ တန်းစီးရသည်။ တာဝန်ခွဲမှုကို ပြန်လည် ပြုပြင်သည်။ ဒီညနေတော့ စောလားဘွယ်တို့ အုပ်စု မဟာမြတ်မုနိ ဘုရားရှေ့တွင် ကင်းတာဝန်ကို ယူရသည်။ မနေ့ညက ဘုရားရင်ပြင်၏ အနောက်ဘက်မုခ်မှာ တာဝန်ယူခဲ့ရပြီး ယနေ့တော့ မဟာမြတ်မုနိဘုရား၏ မျက်နှာမူရာ အရှေ့ဘက်ကို ပြောင်းလာခဲ့ရသည်။ ညနေဖြစ်သောကြောင့် လူကြီးများသည် လေယဉ်ဖြင့် ပြန်သွားကြပြီး ဖြစ်သည်။
(၆)
သေနတ်ကို ကိုင်ပြီး မဟာမြတ်မုနိကုန်းမြေရှေ့တွင် ကင်းစောင့်ရင်း ညတစ်ညကို ဖြတ်ကျော်နေရသည်။ စောလားဘွယ်သည် သတိကြီးစွာဖြင့် စောင့်ဆိုင်းနေရသည်။ ထိုအချိန် ဘုရားရှေ့တွင် ရိပ်ကနဲတစ်ခုကို မြင်လိုက်သည်။ သေနတ်ကို ချိန်ရွယ်ပြီး အခြေအနေကို ကြည့်လိုက်သည်။ သို့သော် ဘာမှ မမြင်ရ။ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ဘာဆို ဘာမှ မမြင်ရ။
ထိုအချိန် ထူးဆန်ခြင်းအကြောင်းအရာ တစ်ခုကို တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြုံဖူးအောင် တွေ့လိုက်ရသည်။ အလင်းရောင်တစ်ခု ဘွင်းခနဲ ဘုရားရှေ့ဘက်မှ ပွင့်လာပြီး ဘုရားသိမ်တော်တစ်ခုလုံး မီးထွန်းထားသလို လင်းလာသည်။ စောလားဘွယ်အပါအ၀င် ကင်းစောင့်  ၄ ယောက်လုံးသည် အံ့သြမှင်တက်သွားကြသည်။အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ တစ်ယောက်ကို တစ်ယောက် စကားတောင် မပြောနိုင်အား။ မြေကမ္ဘာ တစ်ခုလုံး တုန်းလှုပ်သွားသည်။ အပြင်ဘက်တွင် နေ့လည်ကတည်းက မပြန်ကြသေးဘဲ စောင့်ဆိုင်းနေသော လူများသည် ရုပ်ရုပ်သဲသဲ ဖြစ်သွားသည်။ မိုးကြိုးပစ်သံလို အသံတစ်သံကို ကြားလိုက်ရသည်။ သို့သော် ကောင်းကင်ပြင်တွင် လသာလျှက် ကြယ်ကလေးများ လင်းလက်နေသည်။
ဘေးသီဝဲယာကို ရှာကြည့်သည်။ အလင်းရောင်လာရာကို ရှာကြည့်သည်။ မတွေ့။ကင်းစောင့် ၄ ယောက်လုံးသည် မဟာမြတ်မုနိဘုရားကို စူးစိုက်စွာကြည့်လိုက်ကြသည်။ ကျန်ကင်းစောင့် ၃ ယောက်မှာ ဗုဒ္ဓဘာသာများ ဖြစ်ကြသောကြောင့် သေနတ်ကိုချ၊ ဦးထုပ်ကို ချွတ်ကာ ဘုရားကို ကန်တော့ကြသည်။
စောလားဘွယ်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိ ဖြစ်နေတော့သည်။ သူလုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားကို တည့်တည့်ကြည့်လိုက်သည်။ မဟာမြတ်မုနိဘုရားသည် ပြုံးလာသည်။ မတ်တပ်ရပ်ပြီး စကားပြောမည့်ပုံ ပေါက်လာသည်။ အလင်းရောင်ကြောင့် ဘုရားသည် သက်ရှိပကတိကဲ့သို့ ဖြစ်နေသည်။ မျက်နှာတော်ကို မော်ကြည့်နေစဉ်မှာပင် စောလားဘွယ်၏ ဒူးများသည် ထောက်ပြီးသားဖြစ်သွားသည်။ လက်အုပ်ချီလိုက်သည်။ ပြီးတော့ရှိခိုးလိုက်သည်။ လျှပ်တစ်ပျက်ဖြစ်ပေါ်လာသော အခြေအနေများကြောင့် မှား၏။ မှန်၏ကို မခွဲဝေတတ်ပေ။ လျှပ်တစ်ပြက်အတွင်း အလင်းရောင်တစ်စသည် ခေါင်းထဲသို့ တန်းဝင်လာသည်။ မနောစိတ်၏ လှုပ်ဆော်မှုအောက်မှာ ၀စီဖြစ်သောပါးစပ်ပေါ်မှလည်း
“ဗုဒ္ဓသရနံ ဂစ္ဆာမိ၊ ဓမ္မံသရနံ ဂစ္ဆာမိ၊ သံဃံသရနံ ဂစ္ဆာမိ” ရေရွက်လိုက်သည်။ မဟာမြတ်မုနိ ရုပ်ရှင်တော်မှ အလင်းရောင်သည် ပျောက်ကွယ်သွားတော့သည်။ ထိုမှ အတွေးတစ်စသည် ခေါင်းထဲသို့ ၀င်ရောက်လာပြီး
“အော်.. ငါမိရိုးဖလာ ကိုးကွယ်လာခဲ့သော ဖန်ဆင်းရှင် ထာဝဘုရားသခင်ကို ယုံကြည်မှုမှသည် ဗုဒ္ဓဘာသာသို့ ပြောင်းလဲခဲ့ပြီ။” စောလားဘွယ်သည် ဝေခွဲမရသော အသိစိတ်၊ မွေးဖွားရာမှ လူလားမြောက်ရာထိ ယုံကြည့်ခဲ့သည့် ယေရှုဘုရားသခင်၊ တစ်ဆူတည်းသော ထာဝရဘုရားသခင်သည် လုံးဝ ပျောက်ကွယ်သွားလေ တော့သည်။ သူသည် ခန္ဓာတစ်ခုလုံး စိမ့်ချမ်းလာခဲ့ပြီး တဂစ်ဂစ်ဖြင့် ချမ်း၍တုန်လာသည်။ စောလားဘွယ်သည် လူ့လောကကို ခဏကလေး မျက်လုံးမှိတ်လိုက်သဖြင့် ဘာကိုမှ ဝေခွဲမရဘဲ မေ့မြောသွားလေတော့သည်။
(၇)
စောလားဘွယ်တစ်ယောက် စစ်တပ်မှ ထွက်ပြီး စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာသူ မစောစစ်နဲ့ အိမ်ထောင် အာဝသပြုပြီး ယခုဆိုလျှင် သားနှစ်ယောက်၊ သမီးတစ်ယောက်ပင်ထွန်းကားခဲ့သည်။ သိန်းတန်းတောရဘုန်းတော်ကြီးကျောင်းမှာ ကျောင်းတကာကြီးအဖြစ် ဆောင်ရွက်နေပြီး၊ ဘုရားအမှု တရားအမှုတို့ဖြင့် အေးချမ်းစွာ နေထိုင်လျှက်ရှိသည်။ ယခုနှစ်ဆိုလျှင် သားကြီးနှင့် သားငယ်ကို ရှင်ပြုပြီး သာသနာ ဒါယိကာအဖြစ် ခံယူမည်။
ထိုအပြင် စောလားဘွယ်တစ်ယောက် တစ်နှစ်လျှင် တစ်ကြိမ်ကျစီ မဟာမြတ်မုနိဘုရားကို သွားရောက်ဖူးမြော်လျှက်ရှိသည်။ အခါအခွင့်သင့်တိုင်း ဗုဒ္ဓဘာသာ စာပေများကို လေ့လာလိုက်စားပြီး ၀ိပသာနာတရားများကို ပွါးများလျှက် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ကြိုးစားလျှက်ရှိလေပြီ။ မဟာမြတ်မုနိကုန်းမြေမှ ပေးလိုက်သော အလင်းတစ်စဖြင့် စောလားဘွယ်တစ်ယောက် .. အလင်းရောင်ဘ၀တွင် တည်ငြိမ်ဆဲ.. တည်ငြိမ်လျှက်..ရှိဆဲ..။ မဟာမြတ်မုနိရှပ်ရှင်တော်မြတ်သည်လည်း သိရီဂုတ္တကုန်မြေပေါ်တွင် ယနေ့အထိ စံမြန်းလျှက်…ရှိဆဲ..ရှိမြဲ..ပါပေ…။
                                                                                    ဝေဟင်အောင်
                                                                                    ၄၊ ၁၂၊ ၂၀၁၃။

မှီငြမ်း     - ဆရာကြီး ဦးဦးသာထွန်း - ဆောင်းပါး ပေါင်းချုပ်
                        -ထွန်းရွှေခိုင် (မဟာဝိဖ္ဇာ) - မဟာမုနိသမိုင်း
                        -ဦးကုလား - မဟာမဟာရာဇ၀င်တော်ကြီး
                        -စန္ဒာမာလာလင်္ကာရ- ရခိုင်ရာဇ၀င်သစ်ကျမ်း

ဝန်ခံချက် - ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလက မဟာမြတ်မုနိဘုရားအား မြန်မာနိုင်ငံအတွင်းသို့ ဒေသစာရီကြွချီရန် ပင့်ဖိတ်ရာတွင် တာဝန်ကျခဲ့သည့် ရဲဘော် တစ်ဦး၏ ပြောပြချက်ကို ပြန်လည်းခံစားရေးဖွဲ့ထားသည်။ 


ရက္ခိတမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီးသော ၀တ္တုတို

No comments:

Post a Comment