ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

နာတာရှည်ရောဂါသည်၏ ငြိမ်းချမ်းရေး ရှာပုံတော်


((( ရခိုင့်အသံ ဂျာနယ်၊ ၃၊ ၁၂။ ၂၀၁၄ ရက်နေ့ ထုတ်တွင် ဖော်ပြပြီ))))
 

`စစ်သည် ဖျက်ဆီးသော ကိရိယာဖြစ်၍ ငြိမ်းချမ်းရေးသည် တည်ဆောက်သော ကိရိယာဖြစ်သည်´ဟု ကွယ်လွန်သူ စာရေးဆရာကြီး ဒဂုန်တာရာ၏ စစ်ကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။ ကျွန်တော်သည် ပန်းချီဆရာတစ်ယောက်၏ သေနတ်ထိပ်တွင် နားနေသော ချိုးဖြူငှက်ကို မြင်ယောင်ယင်း ငြိမ်းးချမ်းရေးကို လိုက်ရှာမိသည်။ ငြိမ်းချမ်းရေးဆိုသည်မှာ ဆွေးနွေးစရာသက်သက်ဖြစ်ပြီး အမှန်တကယ် ငြိမ်းချမ်းသော တရားသည် အဘယ်နည်း။ မငြိမ်းချမ်းလို့ မတိုးတက် ၊ မတိုးတက်လို့ မငြိမ်းချမ်း။ ငြိမ်းချမ်းရေးကို ရှာယင်းပင် ကျွန်တော်တို့ ဘ၀များသည် ပရုပ်လုံးလို လုံးပါးပါးလာခဲ့သည်။ တိုင်းပြည်တိုးတက်ရေးအတွက် ရှာဖွေသော ငြိမ်းချမ်းရေးနှင့် သံသရာအတွက် ရှာသော ငြိမ်းချမ်းရေး။ သို့ရာတွင် မြန်မာနိုင်ငံ၏ နာတာရှည်ရောဂါဆိုကြီးမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သည်။
စစ်ပွဲ၏ အကြောင်းခံသည် ပြဿနာဖြစ်သည်။ ပြဿနာ၏ အကြောင်းခံသည် စစ်တပ်ဖြစ်သည်။ တိုင်းရင်းသား စစ်တပ်နှင့် ဗမာစစ်တပ်။ ဗမာစစ်တပ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုနှင့်အတူ ရဲဘော်သုံးကျိပ်နှင့်အတူ မွေးဖွားလာခြင်းဖြစ်သည်။ ပဋိသန္ဓေတည်တုန်းက လာခြင်းကောင်းပြီး မျိုးစေ့မှန်သော်လည်း အပင်ကား မသန်ခဲ့ချေ။ ၁၉၄၁ခုနှစ်ဒီဇင်ဘာ၂၈ရက်နေ့၊ဘန်ကောက်မှာရဲဘော်သုံးကျိပ်တို့ သွေးသောက်သစ္စာပြုပြီး မြန်မာ့တပ်မတော်ကိုစတင်အခြေတည်ဖွဲ့စည်းကြစဉ်က လွတ်လပ်ရေးမှသည် တိုးတက်ရေးသို့ ရှေ့ရှုခဲ့သည်။ ထိုသန္နိဌာန်နှင့်အတူ လွတ်လပ်ရေးကို ရရှိခဲ့ပြီး ယင်းမှ တိုင်းရင်းသားပေါင်းစုံကို စုပေါင်းပြီး ပြည်ထောင်စုမွေးဖွားသန့်စင်ခဲ့သည်။ ပြည်ထောင်စုသည် တစ်ဦးပိုင်မဟုတ်ချေ။ 

၁၉၆၂ခုနှစ်တွင် တိုင်းပြည်ကို ချောက်ထဲကျခါနီး ကယ်တင်မှုမှသည် ဒီမိုကရေစီဟု ပါးစပ်မှာ တင်ပြောလိုက်လျှင်ပင် ဖမ်းဆိုသည့် ကျောင်းတော်ကြီးကို ဆွဲခေါ်သွားသည်။ ယင်းကတဖန် ၁၉၉၀ ခုနှစ်မှ စတင်ကာ `တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်´ `တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ´ ဆိုသည် ဖော်မြူလာအမှားကြီးဖြင့် စစ်အာဏာရှင်စနစ်ကို ရိုက်သွင်းခဲ့သည်။ သို့ရာတွင် တိုင်းပြည်ကြီးမှာ လယ်သိမ်း၊ တပ်ပိုင်မြေအဖြစ်သိမ်း၊ လွှတ်တော်ထဲကို ယူနီဖောင်းတကားကားနှင့် ၀င်ထိုင် မြန်မာနိုင်ငံရေးကား အဖြေထွက်ပြီးသားကို ပြန်တွက်နေသည့် ပုစ္ဆာတပုဒ်လို ဖြစ်နေခဲ့သည်။ ဖယ်ဒရယ်ဆိုတာကြီးကား ပို၍ ဝေးပြီး နေလေအုံးမည်။
စစ်တပ်နာမည်နှင့် စီးပွားရေးကော်ပိုရေးရှင်းကြီးထောင်ပြီးစီးကရက်တွေ၊ဘီယာတွေရောင်း၊ ဘဏ်တွေထောင်၊ ကျောက်တွေတူး၊ ရွှေတွေတူး၊လုပ်ကွက်တွေကြိုက်တာယူ၊ကြိုက်သည့်နိုင်ငံကကြိုက်သည့်လူနှင့် ကြိုက်သလိုစာချုပ်ပြီး ရောင်းမည်၊ ၀ယ်မည် စသဖြင့် နိုင်ငံရေးကို ခေါင်းစဉ်တပ်ပြီး စီးပွါးရေးကို မောင်ပိုင်စီးပြီး ခရိုနီသူဌေးများကား ဇိမ်ရှိရှိနေထိုင်နိုင်လေပြီ။ မြန်မာဆိုသည့် အဓိပ္ပါယ်ကား မြန်လည်း မမြန်နိုင်၊ မာလည်း မမာနိုင်တော့ချေ။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနှင့်အတူ ကျပ်မပြည့် ၊ ပွါမပြည့်သည့် အစိတ်သား ဒီမိုကရေစီအစိုးရမှ ၂၀၁၂ ခုနှစ်က စတင်ပြီး နာတာရှည်ရောဂါကို ကုစားဖို့ ကြိုးစားလာခဲ့သည်။ ၂၀၁၂ ခုနှစ် ငြိမ်းချမ်းရေးစင်တာကို ဖွဲ့ပြီး သေနတ်သံတွေကို ရပ်စဲဖို့ ကြိုးစားခဲ့သည်။ ၂၀၁၂ ခုနှစ်ကပင် ၂၀၁၄ ခုနှစ်လောက်ထိ အဖွဲ့အစည်းပေါင်း ၂၀ ထပ်မနည်း တွေ့ဆုံခဲ့ကြသည်။ ၂၀၁၀ ခုနှစ်ကတည်းက သေနတ်သံတွေ ဝေဆာနေခဲ့သည့် ကချင်တပ်မတော် KIO ကို ၂၀၁၃ ခုနှစ်မှာ စားပွဲဝိုင်းကို ဆွဲသွင်းခဲ့သည်။ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ စားသောက်နေကြတုန်း ကချင်လူမျိုးများကား တရုတ်ပြည်ထဲတွင် ဒုက္ခသည်အဖြစ် အယားယားအပါးပါး နေ့စဉ်နှင့်အမျှ တိုးပွါးလာခဲ့သည်။ ငြိမ်းချမ်းရေးစကားဝိုင်းဖြစ်လေလေ သေနတ်သံကျယ်လေလေပင်။
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က KIA ဌာနချုပ် ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးဖြင့် ထုခဲ့သည့်အတွက် ဗိုလ်လောင်း ၂၃ ယောက် ကျဆုံးသွားရသည်။ ထိုအထဲတွင် ကချင်ဗိုလ်လောင်များထက် တခြားတိုင်းရင်းသားဗိုလ်လောင်များဖြစ်နေခဲ့သည်။ ကချင်နှင့် ပူးပေါင်းပြီး တန်းတူရေးအတွက် တိုက်ပွဲဝင်နေသည့် ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း ၈ ဦးပါ စတေးလိုက်ရသည်။ ငြိမ်းချမ်းရေးကို လိုလားသူတိုင်းအတွက် ကြောက်ကြိမ်းကျစရာ ကိစ္စရပ်တစ်ခုဖြစ်သည်။ ငြိမ်းချမ်းရေးသည် ယမ်းငွေ့ကြား အဖြေရှာဖို့အတွက် ခရီးရှည်ထွက်ရအုံးမည်။ ပြည်ထောင်စု ၀န်ကြီးတပါးဖြစ်သည့် ဦးလှဆွေပြောသလို `ရွှေလက်နဲ့ တွဲခေါ်လို့ မရရင်၊ ဘူးလက်နဲ့ ခေါ်ရမယ်´ဆိုသည့် စကားက ပိုမို အသံကျယ်လောင်လာအုံးမည်။ ရွှေလက်က ဘယ်ဆီမှန်းမသိ။ ဘူးလက်ကား အတိအလင်း ထွက်လာခဲ့ပြီ။
ယင်းမတိုင်ခင် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ ကာချုပ်ကြီး မင်းအောင်လှိုင်က လာအိုကာကွယ်ရေးဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်က ` အင်အားကြီးနိုင်ငံများ၏ ဖိအားပေး ဆက်ဆံမှုနှင့် ပြည်တွင်းရေးစွက်ဖက်မှုကို လက်မခံကြောင်း´ ပြောကြားပြီး နှစ်ရက်ကြာမှာ တိုက်ပွဲသံကို မကြားလိုက်ရပါဘဲ ၁၀၅ မမကြီး အမြောက်ဆံက ဗိုလ်သင်တန်းထဲကို တန်းဝင်သွားခြင်းပင်ဖြစ်သည်။ရိုးရိုးတိုက်ဆိုင်မှုလား၊ တမင်တကာ တိုက်ဆိုင်မှုလားဆိုသည်မှာ သက်ဆိုင်သူများသာ သိကြပေလိမ့်မည်။ မြန်မာနိုင်ငံမြေပုံ၏ အရှေ့ဘက် နယ်ကြောတလျောက် ယမ်းငွေ့ဝေနေအုံးမည့် သဘောကို ဆောင်သည်။
KIA နှင့် အစိုးရကြား တွေ့ဆုံမှုက ထုတ်ပြန်မှုဖြစ်သည့် အပစ်အခတ်ရပ်စဲရေး မှင်စက်သည် မခြောက်သွေ့မှီမှာ ငြိမ်းချမ်းရေးကား ဘယ်ဆီမှာမှန်းမသိတော့ချေ။ မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်သည့် ပြည်နယ်အဆင့်တွင် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး၊ နှစ်ဖက်သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရေးစသည့် အချက်များကား ဘယ်ဆီမှာမှန်းမသိ။ ပြည်နယ်အဆင့်မှသည် ပြည်ထောင်စု အဆင့်သို့ကား တက်လှမ်းနိုင်ဖို့ဆိုသည်မှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နီးလာလေလေ အဖြေရှာရ ခက်လာလေလေဖြစ်သည်။
နယ်စည်းမခြား ၀န်ကြီး ဦးအောင်မင်းက ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့က `၂၀၁၅ ရွေးကောက်ပွဲကျရင် ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ဒီမိုကရေစီအစိုးရ တစ်ရပ်တက်လာမယ်။ ဒီအစိုးအရအတွက် ဒီပြဿနာတွေ မထားခဲ့ချင်ဘူး။ အဲဒီအစိုးရက တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမှာ အများကြီးရှိတယ်။ အမှန်တကယ် သဘောထားဖြူဖြူစင်စင်နဲ့ ငြိမ်းချမ်းရေးလုပ်ရင်တော့ ၂၀၁၅ အထိတောင် မလိုဘူး။ ၂၀၁၃ မှာတောင် ပြတ်နိုင်တယ်။ လက်နက်မချရင် ဆော်မယ်ဆိုတဲ့ မူကြီးပဲ ထားလို့ မဖြစ်ဘူးပေါ့။ သဘောထားကြီးနိုင်ရင်တော့ ယုံကြည်မှုတွေ ရလာမှာပေါ့´လို့ ပြောကြားခဲ့သည်။ သဘောထားဖြူဖြူစင်စင်ဆိုသည်မှာ မည်သို့နည်း။ အမှန်တကယ်ပင် နှစ်ပေါင်း ၆၀ ကျော် နာတာရှည်ဖြစ်လာခဲ့သည် သေနတ်သံတို့ကြား သဘောထားဖြူစင်ခဲ့ကြမည်လား။ ဤအမေးဤအဖြေကိုကား ကျွန်တော်မေးနေခဲ့သည်မှာ ကြာပြီ။
သမ္မတ၀က်ဆိုက်ထဲကို ၀င်ကြည့်လိုက်လျှင် `တန်းတူညီမျှရေးနဲ့အညီ တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာကျော် မှီတင်းနေထိုင်ကြတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ ဒီ Diversity ကြန်အင်လက္ခဏာတွေကို ဂုဏ်ယူဝင့်ကြွားစွာ မြှင့်တင်ပေးရမှာ´ဟု ပြူးတူပြဲတဲဖြင့် ဖော်ပြချက်သည် စိတ်ကူးယဉ်မှု သက်သက်လား။ သမ္မတကြီးကိုယ်တိုင်သာ သိပါလိမ့်မည်။
`ပြည်တွင်းစစ် ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ။ ဘာကြောင့် ရှည်ကြာနေရတာလဲ။ ဒီအဆိုနဲ့ ပတ်သတ်ပြီး မတူညီတဲ့ ဘ၀အနေအထားမှာ မတူညီတဲ့ အမြင်တွေ ရှိနိုင်ပေမယ့် ဒီအပေါ်မှာ နှစ်ဖက်လုံး လက်ခံနိုင်တဲ့အထိ အဓိကကျတဲ့ အခြေခံအကြောင်းတရားတွေကို ရှာဖွေဖော်ထုတ်ဖို့လိုပါတယ်။ ဒါတွေကို မဖော်ထုတ်နိုင်ဘဲနဲ့ ဖြစ်ရှိနေတဲ့ ပြည်တွင်းစစ်ကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး´ဟု ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်နေ့က UNFC ၏ ကိုယ်စားလှယ် ခေါင်းဆောင် နိုင်ံသာ စကားသည် ယခုထိအောင် နားထဲက မထွက်ပေ။
Prof. David Steinberg က `ဗဟိုအာဏာပိုင်တွေ၊ ဗဟိုအစိုးရကလည်း မြင့်မားတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို လိုချင်လာတာပါ။ ဒါပေမဲ့ သူတို့ဟာ ဒေသန္တရ လူထုကို အာဏာအလုံအလောက် ခွဲဝေပေးဖို့ ငြင်းဆန်နေကြပါတယ်။ အဲဒါကို သူတို့ စိုးရိမ်နေကြပါတယ်။´ဟု ၂၀၁၁ ခုနှစ် ဇွန် ၁၆ ရက် VOA အင်တာဗျူးမှာ ပြောကြားချက်ဟာ ယခုထိအောင် အသက်ဝင်နေတုန်းပင်။ အစိုးရသည် ဗဟိုချုပ်ကိုင်မှုကို လျော့ချဖို့အတွက် အစီအစဉ်၊ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားဖို့ အစီအစဉ်များကား အနာဂတ်မြန်မာပြည်သူ သန်း ၆၀ နီးပါးအတွက် အဖြေမထွက်နိုင်သေးသည် ပုစ္ဆာဖြစ်နေသည်။
            `တိုင်းရင်းသားအရေးဟာ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုးတက်ရေးအတွက် အဓိက လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဘယ်လိုမှ ရှောင်လွဲသွားလို့ မရတဲ့အရာဖြစ်ပါတယ်´ဟု ကိုမင်းကိုနိုင်၏ ပြောကြားချက်သည် အဖြေထွက်ပြီးသား ပုစ္ဆာကို ထပ်ဆင့် ချပြခြင်းသာဖြစ်သည်။ `ပြည်တွင်းစစ် ရှိနေသည့် နိုင်ငံသည် မည်သည့်အခါမှ မတိုးတက်´ဟု စီးပွါးရေးပညာရှင်များ ကောက်ချက်သည် ဆင်းရဲတွင်းနက်နေသည့် ပြည်သူများကို တိုက်ရိုက်ထင်ဟပ်စေသည်။ ထိုအတွက်ပင် ကမ္ဘာ့ဖွံ့ဖြိုးမှု နောက်အကျဆုံးနိုင်ငံများထဲတွင် မြန်မာသည် ပထမ၊ ဒုတိယ၊ တတိယ ဆုကြီးများကို သိမ်းပိုက်ခဲ့သည်မှာ ကြာပြီ။ ဒီမိုကရေစီနှင့် အတူ ဆင်းရဲတွင်းနက် ပြည်သူများမှာ ငရဲကလာသူ ပြာပုံကို မကြောက်ဆိုသလို ပြာပုံနှင့် နပန်းလုံးရင်း အချိန်ကုန်နေခဲ့ရသည်။ ယနေ့ မြန်မာနိုင်ငံ၏ နာတာရှည်ရောဂါကို စေတနာမမှန်ဘဲ ကုစားဖို့ ကြိုးစားလျှင် ရောဂါသည် အနာရင့်ပြီးသားဖြစ်နေသည့်အတွက် ပိုမိုဆိုးရွားစေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထို့ကြောင့် သဘောမှန်၊ စေတနာမှန်၊ အစိုးရမှန်၊ ပြည်သူမှန်၊ ငြိမ်းချမ်းရေးမှန်မှသည် တိုးတက်သည့် ပြည်ထောင်စုကြီးဆီသို့ လှမ်းမျှော်မိသည်မှာ အမှန်ဖြစ်သည်။ ယမ်းငွေ့တွေ အမှန်ငြိမ်းအေးပါစေ။ ငြိမ်းချမ်းရေး ချိုးငှက် တွန်ကျူးသံကို ကြားရပါစေ။ စစ်တပ်တိုင်း စစ်တန်းလျားကို ပြန်ကြပါစေ။ ဖယ်ဒရယ်ပြည်ထောင်စုကြီး အမြန်ပေါ်ပေါက်ပါစေလို့ ဆုတောင်းနေမိတော့သည်။

ဝေဟင်အောင်

No comments:

Post a Comment