ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ရက္ခပူရမှ အပူသည်

[[[ ရမ္မာဝတီ မဂ္ဂဇင်း အမှတ် (၅)တွင် ဖော်ပြပြီ]]]]]]

(၁)
`ဒီမှာ တပြည်ကျူးကျော်စစ်က ပိုအရေးကြီးတယ်။ တပြည်ကျူးကျော်သူတွေဟာ သွေးမတူ သားမစပ်တဲ့အတွက် ကျူပင်ခုတ် ကျူငုတ်ပါ ကျန်ခဲ့မှာ မဟုတ်ဘူး။ သင်ရဲ့ မိန်းမ၊ ကလေး၊ သက်ကြီးရွယ်အိုး၊ ဒုက္ခိတ ၊ ပြည်သူတွေ တစ်ယောက်မှ အသက် ချမ်းသာခွင့် ရမှာ မဟုတ်ဘူး။ တပြည်စစ်ကို အယင်ဆီးတိုက်ရမယ်။ ပြည်တွင်းစစ်က ဒီနေ့ စားပွဲဝိုင်းမှာ ဆွေးနွေးရင် မနက်ဖြန် ငြိမ်ချမ်းရေးရလိမ့်မယ်´ ကျွန်ုပ်သည် ဘေးနားတွင် ရပ်ပြီး နားစွင့်နေသော အိမ်ရှေ့စံ သက်စံရွှေကို မိန့်ကြားလိုက်သည်။ သက်စံရွှေကား သက်ပြင်းကို ပြင်းပြင်းချကာ နားထောင်နေသည်။ အိမ်စံတစ်ဦးက ဖခင် ဘုရင်အပေါ်တွင် ကြည်ညိုစိတ်၊ လေးစားစိတ်တို့ကြောင့် ပြန်မပြောနိုင်။ သို့သော် သူ၏ အပူကို သူသာအသိဆုံးဖြစ်လိမ့်မည်။ စကားသံကား စစ်ရေးပြခန်း စားပွဲခုံကို ငေးကြည့်ရင် အသံတိတ်သွားသည်။ ကျွန်ုပ်သည် တိတ်ဆိတ်မှုကို မကြိုက်သက်လှ။ တိတ်ဆိတ်မှုသည် ကြောက်စိတ်ကို ၀င်စေသည်။
            `တိုက်ပွဲဆိုတာ မြှားတွေ၊ လှံတွေ၊ ဓားတွေ၊ မီးပေါက်တွေနဲ့ တိုက်ခိုက်ရတာကြောင့် ဘယ်အရာကိုမှ ညှာတာခွင့်ပေးမှာ မဟုတ်ဘူး အိမ်ရှေ့စံ။ အသက်ကို ဇိန်ဝိန်ခြွေလို့အကောင်းဆုံးအရာက စစ်ပွဲပဲ။ ဒါ့ကြောင့် ဖခမည်းတော်တို့ရဲ့ မြောက်ဦးရွှေနန်းကို တိုက်ခိုက်မှုကို တစ်ခန်းရပ်ပြီး ကျူးကျော်စစ်ဦးကို ဖခမည်းတော်တို့ ရိုက်ချိုးပစ်လိုက်ရလိမ့်မယ်။ ဒီတစ်ညတော့ ဒီစစ်ပွဲအတွက် သေနင်္ဂဗျူဟာ၊ မဟာဗျူဟာတို့ အပြီးသတ် လုပ်ဆောင်မှ ဖြစ်လိမ့်မယ်´ ကျွန်ုပ်သည် စကားကို အရှည်ကြီးပြောလိုက်မိသည်။ အိမ်ရှေ့စံ သက်စံရွှေကား ကျောက်ဆစ်ရုပ်ထုကဲ့သို့ နားထောင်နေသည်။ ကျွန်ုပ်ကား ဤစစ်ပွဲသည် အနိုင်ထက် အရှုံးပွဲဆိုသည်ကို သိထားသည်။ သို့သော် ရာဇဘုရင်ဖြစ်သည့်အလျှောက် ဒူးထောက်အညံ့ခံလို့ ရှုံးရခြင်းထက် တိုက်ရင်းဖြင့် ရှုံးခြင်းကို ပိုကြိုက်နှစ်သက်မိသည်။
            အပြင်ဘက်တွင် နတ်တော်လဖြစ်သောကြောင့် နှင်းစ၊ နှင်းပွင့်တို့သည် ခေါင်းကင်ထက်က ခုန်ဆင်းနေကြသည်။ ငွေနှင်းမြူတို့သည် ကောင်းကင်နှင့် မြေကြီးကြား မိတ်ဖွဲ့နေကြသည်။ ရိုးမတောင်ကို ရစ်သိုင်းထားသော ငွေနှင်းမြူတို့သည် ဇာပ၀ါသိုင်းဖွဲ့ထားသကဲ့။ အရှေ့ဘက်က နေ၏ အလင်းရောင်သည် အမှောင်ကို အနိုင်ယူဖို့ ကြိုးစားနေသည်။ အမှောင်ထုသည်ကား နောက်ဆုတ်မည့်ဟန်ကို ဆင်းနေသော်လည်း သစ်ပင်ပန်းမံများအောက်တွင် ကြီးစိုးထားဆဲ။ မြောက်လေတစ်ချက် အဝှေ့တွင် သဇင်ပန်းရနံ့ ခန်းမဆောင် လှစ်ကာကို ဖြတ်ကျော်ပြီး ကျွန်ုပ်နာသီးဝကို လာရိုက်ခတ်သည်။ ဆောင်း၏ အအေးဒဏ်နှင့် သဇင်ရနံ့ကို ခံစားခွင့်မပေး။ ခံစားခွင့်ထက် ဦးနှောက် နှလုံးသားတို့သည် တပြည်ကျူကျော်စစ်ကို တွန်းလှန်ဖို့ ဦးနှောက်နှင့် နှလုံးသားကို အလုပ်ပိုပေးနေရသည်။ အိမ်ရှေ့စံ သက်စံရွှေနှင့် ကျွန်ုပ်သည် တစ်ရက်နှင့် တစ်ညရှိပြီ။ စစ်ရေးခင်းဗျူဟာခမ်းမထဲက မထွက်ဖြစ်။ အစားအသောက်များကိုပင် အခမ်းထဲသို့ မှာယူသုံးဆောင်ခဲ့ရသည်။ အထောက်တော်များ၊ သူလျိုဒလံများက ပေးပို့လာသမျှ သတင်းများကို နားစွင့်နေရသည်။
`အိမ်ရှေ့စံ စကားနည်းနည်းပြောပါအုံး´


`မှန်လှပါ ဖခမည်းတော်။ ရက္ခပူရတိုင်းမှာ ဗိုလ်တစ်မျိုး၊ မင်းတစ်မျိုး အုပ်စိုးနေကြပါတယ်။ ကြပ်စင်ကျွန်းက ငသံထွေး၊ ပိန္နဲချောင်းကျွန်းက ကောင်းညွှန့်ရန်တိုင်းမင်း၊ ငကြည်တောင်က ဒါးမနိုင်မင်း၊ ရိုးကျွန်းက ကုလားရွှေစာမင်း၊ မာန်အောင်ကျွန်းက သတိုးဖြူမင်းက အရပ်ရပ်မှာ တိုက်ပွဲတွေဖြစ်နေကြတယ်။ လူတိုင်းက မြောက်ဦးရွှေနန်းသခင်ဖြစ်လိုကြတယ်။ နိုင်သူစားတမ်းဖြစ်နေတဲ့ ပြည်တွင်းစစ်မှာ ဖခမည်းတော်က တပြည်စစ်ကို တိုက်လို့ ဖြစ်နိုင်ပါမည်လား။ တခြားဗိုလ်တွေ၊ မင်းတွေက ၀င်ရောက်ကူညီနိုင်မည် မထင်ပါ´
`အို.. ဒါပေမယ့် အိမ်ရှေ့စံ၊ မြောက်ဦးရွှေနန်းရှင် သမ္မတရာဇာကတော့ ကူညီမှာပါ။ တခြားပုန်ကန်နေသူတွေကို ကြည့်လိုက် အကျွန်ုပ်လောက် အင်အားကောင်းသူမရှိဘူးလေ။ ကျွန်ုပ်ကသာ မြောက်ဦးဘုရင်ဆီကို အဝေးကနေ သစ္စာခံဖူးသေးတာပဲ မဟုတ်လား။ အချိန်ကြာပါတယ်လေ အိမ်ရှေ့စံကိုယ်တိုင်း တမန်လုပ်ပြီး မြောက်ဦးနန်းတော်ဆီကိုသွား။ တမန်စာမှာ လူသူ၊ လက်နက်၊ ရိက္ခာထောက်ပံ့ဖို့ ထည့်ရေးပေးလိုက်မယ်။ အိမ်ရှေ့စံမရောက်မှီ အကျွန်ုပ်နဲ့အတူ စစ်သူကြီးမာန်အောင်စား ငထွန်းအောင်ဦးဆောင်ပြီး ရန်သူကို အချိန်ဆွဲထားလိုက်မယ်။ ရန်သူစစ်ကြောင်း သုံးကြောင်းထဲက အနည်းဆုံး တစ်ကြောင်းလောက်ကို တပ်ဖျက်နိုင်အောင် ဖခမည်းတော် စီစဉ်ထားမယ်။ သားတော်သာ စစ်ကူရအောင် ခေါ်ခဲ့´ ကျွန်ုပ်သည် လက်ရေးတတ်အမတ်ကို လှမ်းခေါ်လိုက်သည်။ လက်ရေးတတ်အမတ် ၀င်လာခဲ့သည်။ လက်ရေးတတ်အမတ်ကို မှင်အိုး၊ ကမျှစ်တံနှင့် ဘုရင့်တံဆိပ်တော်တို့ကို ယူလာခိုင်းလိုက်သည်။ ကျွန်ုပ်ပါးစပ်မှ လိုအပ်မည်ထင်သည့် စာသာအချို့ကို ရွတ်ဖတ်လိုက်သည်။ လက်ရေးတတ်အမတ်က လိုက်ရေးသည်။ ရေးပြီး လက်ရေးတတ်အမတ်ကို ပြန်ဖတ်ခိုင်းသည်။
`မြောက်ဦးနန်းတော်ကို အစိုးရတော်မူတော့ ရွှေနန်းရှင် သမ္မတရာဇာမင်းကြီးသိစေရန်။ အကျွန်ုပ် တောင်စဉ်ခုနှစ်ခရိုင်ကို အပိုင်စားရတော်မူသော တန္တစစ်အောင်မင်း ခေါ် တောင်မင်းကျော်ထွီးမှ အကြောင်းကြားစေအပ်သည်။ သင်နှင့် ကျွန်ုပ်သည် အယင်က ဘက်ပြိုင်စစ်ခင်းခဲ့ကြပါသော်လည်း ယခုအခါ ရန်သူတော် တပြည်စစ် အမရပူရဗမာတပ်တို့သည် ရက္ခပူရတိုင်းသို့ စစ်မကြေငြာဘဲ ကျူးကျော်လာခဲ့ချေပြီ။ တပြည်ကျူးကျော်စစ်ကို မဟာမိတ်ဖွဲ့လျှက် ဘုံရန်သူကို အတူတိုက်မှ ချေမှုန်းနိုင်မည်။ သင်ဆီမှ စစ်သည်၊ လက်နက်၊ ရိက္ခာများကို ကူညီထောက်ပံ့စေရန် အိမ်ရှေ့စံကို တမန်ထား၍ လွှတ်လိုက်သည်။ ဘုံရန်သူကို တိုက်ခိုက်ဖို့ အသင်၏ ထောက်ပံ့မှုကို ကျွန်ုပ်များစွာ လိုလားသည်။
ကျန်သည်များကို အကျွန်ုပ်၏သား တမန် အိမ်ရှေ့စံ သက်စံရွှေနှင့် တိုင်ပင်စေ´ဟု လက်ရေးတတ်အမတ်က အသံအနေအထားဖြင့် ဖတ်ပြသည်။ ကျွန်ုပ်သည် ရေးထားသော တမန်စာအား စိတ်ကြိုက်တွေ့မိသည်။ အယင်တုန်းကဆိုလျှင် ဤကဲ့သို့တောင်းဆိုမှုမျိုးကို မည်သည့်အခါမှ လုပ်လိမ့်မည်မဟုတ်။ သို့သော် ယခုကား တပြည်စစ်က ကျူးကျော်လာခဲ့ချေပြီ။ တပြည်စစ်ကို အတူတိုက်မှ တော်ကာကျမည်။ အယင်တုန်းက ရန်ဘက်၊ ယခုမိတ်ဘက်ပြုရမည်။ ကျွန်ုပ်သည် စာချွန်လွှာကို တံဆိပ်ရိုက်ပြီး သားအိမ်ရှေ့စံလက်ထဲတွင် ထည့်လိုက်သည်။
`အိမ်ရှေ့စံ သင့်လုပ်ငန်းကို သင်အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပါလော။ မြောက်ဦးရွှေနန်းတော်အတွက် အကောင်းဆုံးသော လက်ဆောင်ဘဏ္ဍာများကို ယူဆောင်သွားစေ။ ဘုရင်သမ္မတရာဇာမင်းကို တွေ့သောအခါ ကျွန်ုပ် ကျန်းကြောင်း မာကြောင်းကို သတင်းမေးကြောင်း စကားပါးလိုက်ပါရစေ´
`မှန်လှပါ။ ကျွန်တော်မျိုး ဖြစ်အောင် ဆောင်ရွက်ပါမယ်။ မနက်အလင်းမလာမှီ နန်းတော်က ထွက်ခွါလျက် ခရီးဆက်ပါမယ် အရှင်´
`အဲ ကောင်းပြီ။ ကောင်းပါပြီ သင်အိမ်ရှေ့စံ´ အိမ်ရှေ့စံသည် ကျွန်ုပ်ဆီမှ စာချွန်လွှာကို လက်ခံပြီး ခေါင်းငုံ့ကာ ထွက်ခွါသွားလေသည်။ ကျွန်ုပ်သည် ရန်သူစစ်တပ် ရိုးမတောင်ကြီးကို ကျော်မလာခင် စစ်ရေးဗျူဟာများကို စီမံပေးဖို့အတွက် ခဏလောက် အနားယူမှ တော်ကာကျမည်ဟု တွေးမိသည်။ အိပ်ခန်းဆောင်သို့ ကူးလာပြီး ခဏကလေး ၀င်ရောက်မှေးစက်လိုက်ဖို့ မျက်လုံးကို မှိတ်ကြည့်သည်။ မျက်လုံးတို့သည် ကျဉ်းစပ်နေသည်။ မျက်လုံးက မှိတ်၍ မရ။ အတွေးတို့သည်ကား အတိတ်ဆီသို့ ပျံ့လွင့်သွားသည်။ အတိတ်က အဖြစ်ကို မြင်ယောင်ယင် အိပ်မပျော်နိုင်ပေ။ အတိတ် .. အတိတ်…အတိတ်တို့သည်….


(၂)
            ရိုးမတောင်တန်းကြီး၏ အရှေ့ဘက် အခြမ်းဖြစ်သော အမရပူရမြို့တွင် သီရိပ၀ရ၀ိဇယနန္တဘယသတြိဘ၀နာဒိတျာ ဓိပတိပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့ကို ခံယူပြီး ဘိုးတော်ဗဒိုမင်းက အင်အားကောင်းလာသည်။ အမရပူရနေပြည်တော်ကိုလည်း ခိုင်မာအောင်တည်ဆောက်ခဲ့ပြီး ရန်စွယ်ရန်ငြောင့်စူးငုတ်မကျန်အောင် ရှင်းလင်းထားခဲ့ပြီးဖြစ်သည်။ ရန်သူအင်အားတင့်လျှင် နယ်မြေကျူးကျော်ခဲ့သည်မှာ ဘိုးတော်တို့၊ ဘေးတော်တို့ လက်ထက်က မှတ်တမ်းများအရ အကျွန်ုပ် အတတ်သိနေခဲ့သည်။ ကျွန်ုပ်သည် အရှေ့ဘက် ရန်စွယ်ကို အမြဲသတိထားနေမိ၏။ အရှေ့ဘက်တွင်ရှိသော ကျွန်ုပ်၏ သူလျိုသတင်းပေးများက သတင်းများကို မပြတ်ပေးပို့နေကြသည်။ တစ်နေ့တွင် ထူးဆန်သော သတင်းတစ်ပုဒ်ကို ကျွန်ုပ်လက်ခံရှိသည်။
            `ကြပ်စင်ကျွန်းက ငသံထွေမင်း၏ သားငယ်ဖြစ်သော ဟရီနှင့် လေးခက်တောင်စား ငထွန်းစံတို့ ရက္ခပူရ ရခိုင်တိုင်းကို သိမ်းယူဖို့အတွက် စစ်ကူတောင်းရောက်နေပါသည်´ဟု သတင်းပေးပို့လာသည်။ အောက်နားစတွင် ၁၁၄၆ ခုနှစ် နတ်တော်လဆန်း ၇ ရက်ဟု ဖော်ပြထားသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ သူလျိုများပေးပို့လာသည့် လျို့ဝှက်စာကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ငသံထွေကို ဤကဲ့သို့ လူမျိုးအပေါ် သစ္စာဖောက်မှုကို မည်သို့မျှ ပြလုပ်လိမ့်ဟု မထင်ခဲ့။ ယခုကား အမှန်တကယ် သစ္စာဖောက်ခဲ့ပြီ။ သူ့အန္ဓာကိုယ်ထဲတွင် အာရီယာန်သွေးထက် လောက်ကောင်သွေးတွေ လွှမ်မိုးခဲ့ပြီ။ ကျွန်ုပ်ကား ဤသတင်းကို ရရချင်း အံ့သြခဲ့ရသည်။
            `တောက် …´ အိပ်ဖို့ လုပ်နေရင်းကြားက တက်သီးတစ်ချက် ခေါက်လိုက်မိသည်။
            `ယုတ်မာလေခြင်း ငသံထွေ။ ဒင် မြောက်ဦးနန်းကို လိုချင်ရင် ဒီလို ယုတ်ညံ့တဲ့ နည်းနဲ့ ယူတာကို ကျွန်ုပ်လုံးဝ လက်မခံနိုင်ဘူး။ မျက်တောင်တဆုံးသာကြည့်ပြီး မျက်စိတဆုံးမကြည့်တတ်တဲ့ သစ္စာဖောက်။ စစ်ပွဲဆိုတာ နိုင်သူအကုန်ယူစတမ်းပဲ။ အခု ကျွန်ုပ်တို့ ရှုံးသွားရင် စစ်နိုင်သူက သမိုင်းကို ရေးသွားမယ်ဆိုတာ ဒင်မသိလေလား။ ဒီမှာ တိုက်ခိုက်နေကြတာက ဆွေမျိုးရင်း ညီနောင်တွေ။ ဒီလူတွေကို အကုန်ခေါ် စားပွဲဝိုင်းမှာ ထိုင်လိုက်ရုံနဲ့ ပြေငြိမ်မယ့်ကိစ္စကို ဒင်က ပထွေးကိုမှ အဖေတော်ချင်တယ်ပေါ့…´ ကျွန်ုပ်တစ်ယောက်တည်း စကားပြောနေမိသည်။ ယခုကား ဘာတတ်နိုင်တော့မည်နည်း။ လာမည့်ဘေး ပြေးတွေ့ရုံသာရှိတော့မည်။
ရန်သူတို့သည် ရိုးတောင်ကြားရှိ ရက္ခပူရတိုင်း အ၀င်ဝတိုင်းတွင် ဆန်ရိက္ခာ ဂိုဒေါင်များ၊ ဖိုးခေါင်းတောင်ရိုးတစ်လျှောက်တွင် လူသူလက်နက်များကို အင်အားဖြည့်တင်းနေကြလေပြီ။ ကျွန်ုပ်တို့ကား ဘာမှ မတတ်နိုင်သေး။ တပြည်ကျူးကျော်ရန်သူထက် ပြည်တွင်းသစ္စာဖောက်က ပိုကြောက်စရာကောင်းနေသည် မဟုတ်လား။ ယခုကား ဘာတတ်နိုင်တော့မည်နည်။ ရှိသမျှ အင်အားကို စု၊ တတ်နိုင်သလောက် ခံတိုက်နေရုံမှ တပါး မရှိတော့ချေ။ သတင်းတို့သည် ကျွန်ုပ်ရှိရာသို့ မပြတ်ဝင်ရောက်လာသည်။ ခဏနေလျှင် ရန်သူ စစ်ကြောင်းသည် ရန်ကုန်သို့ ရောက်ချေပြီဟု သတင်းစကားကြားမိသည်။ သို့သော် ခိုင်မာသော သတင်းတစ်ရပ်ကို ရရှိဖို့အတွက် သူလျို သတင်းပေးများမှ လာမည့် သတင်းများကို စောင့်နေခဲ့ရသည်။ စစ်ကြောင်း၏ အသက်သည် သတင်းဖြစ်သည်။ သတင်းပြတ်လျှင် စစ်ရှုံးမည်မှာ မလွဲပေ။
            `စစ်ကြောင်းကို စစ်ဦးစီးအဖြစ် အိမ်ရှေ့ဥပရာဇာမင်း သီရိဓမ္မာဝိဇယသီဟသူဘွဲ့ကို ခံယူထားသည့် မောင်ပေါ်က ဦးဆောင်လာသည်။ စစ်ကြောင်း ၃ ကြောင်း၊ စစ်ဆင် (၃၃၀)၊ စစ်မြင်း (၃၃၀၀၀)ပါသော တပ်ပေါင်း (၃၃)တပ်၊ စုစုပေါင်းအင်အား (၉၀၀၀၀)ဖြင့် ဖွဲ့စည်းလာသည်။ နောက်လိုက်အဖြစ် စကုမြို့စား၊ ကာမမြို့စားတို့အပြင် တလိုင်းဗိုလ်ချုပ် အမတ်ဒိန်၊ ဇင်းမယ်ဗိုလ်၊ ပုသိမ်ဗိုလ်တို့က ဆင်လုံး မြင်းရံနှင့် နဂါးရစ် မော်တင်စွန်းက ချီသွား´ဟု စာချွန်လွှာဝင်လာခဲ့သည်။
            ကျွန်ုပ်ကား အိပ်ရာပေါ်တွင် အိပ်မပျော်။ ခန္ဓာကိုယ်ကို လှိမ့်ကာ အတွေးနယ်ချဲ့နေမိသည်။ အချိန်ကား မိုးစင်စင်လင်းခဲ့ပြီ။ နန်းတော်၏ အပြင်ဘက်တွင် ပျားပန်းခပ်မှ လူတို့အလုပ်ရှုပ်နေကြပြီ။ ယခုလောက်ဆိုလျှင် တိုင်းသူပြည်သားတို့သည်ကား သတင်းအစအနများကို ကြားနေလောက်ပြီ။ သားတော် အိမ်ရှေ့စံ သက်စံရွှေကား မြောက်ဦးရွှေနန်းတော်သို့ ထွက်ခွါသွားလောက်ပြီ။ ကျွန်ုပ်ကား အိပ်ရာ ထလျက် မျက်နှာသစ်ပြီ လာမည့်ဘေးအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်ရန်သာရှိတော့သည် မဟုတ်လော။


(၃)
နံနက်ဖက် နေခြည်နုနုအောက်တွင် တန်းလွဲမြို့တော်သည် စိတ်ရှိလက်ရှိ သာယာလှပလျှက်ရှိသည်။  အအေးဓာတ်ကို ဘက်ပြိုင်ဖို့အတွက် နေလုံးကြီးသည် အပူဓာတ်ကို အားကြိုးမာန်တတ်ဖြင့် ပစ်လွတ်သော်လည်း အအေးဓာတ်ဘက်တွင် နှင်းမြူအကြွင်းအကျန်တို့က အားဖြည့်ထားကြသည်။ မြောက်လေအဝှေ့တွင် သဇင်နံ့ကို လက်ခံရရှိသကဲ့သို့ ခွါညိုပန်းရနံ့တို့သည်လည်း လေထဲတွင် ရောပါလာသည်။ ခါတိုင်းဆိုလျှင် ကျွန်ုပ်သည် ဤရနံ့များကို ရှုရှိုက်ပြီး တောင်စဉ်ခရိုင်ကို အုပ်စိုးဖို့ အကောင်းဆုံး အကြံအညာဏ်များကို ပေးစွမ်းနိုင်ခဲ့သည်။ ကျွန်ုပ်၏ ခန္ဓာကိုယ်သည် နွမ်းနယ်မောဟိုက်နေသည်။ မအိပ်စက်ခဲ့ရသည်မှာ သုံးညတိုင်တိုင်ရှိခဲ့ပြီ။

ယခုကား ညီလာခံသဘင်ကျင်းပရာ ခမ်းမဆောင်သို့ ထွက်လာခဲ့သည်။ ခမ်းမဆောင်ထဲသို့ ကျွန်ုပ်ခြေလှမ်း လှမ်းဝင်လိုက်မိသောအခါ မှူးကြီး၊ မတ်ရာတို့သည် လက်အုပ်ချီလျှက် ခေါင်းကို ငုံ့ထားကြ၏။ မှူးမတ်အစုံအလင်ဖြင့် နေရာယူထားကြ၏။ ကျွန်ုပ်ထိုင်သော ရာဇပလ္လင်၏ ညာဖက် မျက်စောင်းထိုးတွင် အိမ်ရှေ့မင်းသား၏ နေရာသည် လွတ်နေသည်။ လက်ဝဲဘက်တွင် မိဖုရားခေါင်းကြီးက နေရာယူထားသည်။ ကျွန်ုပ်သည် မြောက်နန်းခေါင်းအဖြစ် လျာထားသော စောမျိုးဖြူကို ကြည့်လိုက်မိသည်။ သူမကို မြောက်နန်းရှင် မိဖုရားအဖြစ် တင်မြောက်ဖို့ ပွဲတော်တောင် မကျင်းပရသေးသည် ကျွန်ုပ်နောင်တရမိသည်။
ကျွန်ုပ်၏ သစ္စာတော်ခံ စစ်သူကြီး ငပေါလုံးသည် ညာဖက်အခြမ်းတွင် ဓားကို လွယ်လျှက် အခန့်သားရပ်နေသည်။ သူသည်လည်း ကျွန်ုပ်မိန့်ကြားမည့် အမိန့်ကို နားစွင့်နေသလိုပင်။ ကျွန်ုပ်၏ ဆင့်ခေါ် အမိန့်ကြောင့် စစ်သူကြီးမာန်အောင်စား ငထွန်းအောင်သည်လည်း ခမ်းမဆောင်ထဲသို့ ရောက်ရှိနေပြီ။ နောင်တော်ဓားပိုင်ကြီး စံပေါ်ထွန်း၊ ရမ်းဗြဲစား ပေါလုံး၊ လမုစား ငလှခိုင်၊ ရမ်းဗြဲစား ငယ်ထွန်းအောင်တို့ကိုလည်း ညီလာခံသို့ ခေါ်သွင်းထားသည်။ တိုင်းပြည်အတွင်း စစ်သည်အင်အားတို့ကိုလည်း စုရုံးခိုင်းထားသည်။
`နောင်တော် ဓားပိုင်ကြီး စံပေါ်ထွန်း၊ တိုင်းပြည်အင်အားမည်မျှလောက်ကို စုမိသလဲ´
`မှန်လှပါ အရှင်မင်းကြီး အင်အား တစ်သောင်းကျော်ကို စုဆောင်းမိသေးကြောင်းပါ´
`အင်..ရန်သူအင်အားက ကိုးသောင်း၊ ကျွန်ုပ်တို့က တစ်သောင်းကျော် ဒီလောက်အင်အားနဲ့တော့ မလွယ်လောက်ဘူး´ဟု ကျွန်ုပ် ပါးစပ်က လွတ်ကနဲ ထွက်ကျသွားမိသည်။ ထိုအချိန် စစ်သူကြီး ငပေါလုံးက
`နောက်ထပ် အင်အား တစ်သောင်းကျော်လည်းကိုလည်း အဆင့်သင့် စုမိကြောင်းပါ အရှင်မင်းကြီး´
`ဟယ်.. ဟုတ်သလား ငပေါလုံး။ ဒါဆိုရင်တော့ အင်အားသုံးကျော်ဆိုတော့ အနည်းဆုံး ရန်သူစစ်ကြောင်း တစ်ကြောင်းလောက်တော့ ခံတိုက်နိုင်အုံးမှာပေါ့လေ´
ကျွန်ုပ်သည် ရာဇပလ္လင်ပေါ်ထိုက်လိုက်သည်နှင့် ရာဇသွေးတို့ လည်ပတ်လာပြီး တိုင်းပြည်ကို စီမံမိတော့သည်။ အဆိုတင်သွင်းလာသမျှသော အချက်အလက်များကို စီစစ်ပြီး ပြန်လည် အမိန့်ချနေရသည်။ နောက်ဆုံး ကျွန်ုပ်၏ စိတ်ကူးထဲတွင် ရှိနေခဲ့သည့် အရာကို မိန့်ကြားလိုက်သည်။
`မိဖုရားခေါင်းကြီးနဲ့အတူ မောင်းမမိသံတို့ ရမ်းဗြဲကျွန်း၊ သင်းပန်းကိုင်းသို့ နေရွာရွေ့စေ။ ထိုနေရာသည် လုံခြုံစိတ်ချရသည့်အတွက်  သင်တို့ ယင်နေရာသို့ ရွေ့စေ။ ပြန်လည်ပြောကြားသောစကားများကို ကျွန်ုပ်မလို။ အမိန့်တော်´ ဆို့နင့်စွာ အမိန့်ချလိုက်သည်။ ကျွန်ုပ်ပါးစပ်မှ ထွက်ကျလာသည့် စကားကြောင့် မိရားခေါင်းကြီးသည် မျက်ရည်များဝဲလာပြီး ပါးစပ်ကို ဖွင့်၊ လက်အုပ်ချီလျှက် ပြန်လျှောက်တန်ရန် ကြိုးစားသည်။ ကျွန်ုပ်က လက်ကာပြလျှက် ခွင့်ပြုချက်ကို မပေးလိုက်။ စကားပြောခွင့်ပေးလိုက်လျှင် နန်းတွင်း ညီလာခံ ခမ်းမသည် ပိုမိုဆိုးရွားသွားမည်။ ကျွန်ုပ်သည် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာချပြီးသားဖြစ်နေသည့်ကြောင့်ထင် မိဖုရားခေါင်းကြီးသည် တစ်ခွန်မှ ပြန်မပြောနိုင်ခဲ့ချေ။ ထိုအချိန်တွင်မှာပင် ဆတ်သားသည် စာချွန်လွှာတစ်ခုကို ကိုင်လျှက် ညီလာခံထဲသို့ ၀င်ရောက်လာသည်။
            ဆတ်သားဆက်သသည် စာချွန်လွှာကို စစ်သူကြီး ငပေါလုံးက ယူလျှက် အသံထွက်ဖတ်လိုက်သည်။
            `အမရပူရအိမ်ရှေ့ဝန် ငချွန်းနှင့် မင်းတုန်းဝန် ကျော်ထင်တရဖျားတို့ တောင်ကုတ်မြို့ကို ချီတက်လာသည့် ရန်သူတပ်ကို အရှင်မင်းကြီး၏ ကင်းစောင့်တပ်က ဆီကြိုတိုက်ခိုက်သောကြောင့် ရန်သူတို့သည် ရက္ခပူရ၏ လက်နက်အောက် မြောက်မြားစွာ သေကြောင်း အပါးတော်သို့ သတင်းဆက်သပါသည်´ ဤအသံကို ကြားသောကြောင့် ခမ်းမတစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ လူတိုင်း မျက်နှာ ရွှင်လန်သွားကြသည်။ ကျွန်ုပ်၏ လက်အောက်ခံတပ်များကား တပြည်ကျူးကျော်စစ်ကို ဆီးကြိုတိုက်ခိုက်ကြလေပြီ။ ရက္ခပူရ ရခိုင်တိုင်းမှာ သွေးချောင်းတို့ကား စီးလေပြီ။
            ကျွန်ုပ်သည် ညီလာခံကို တာဝန်အသီးသီးခွဲအပ်ပြီး အခန်းအနားကို ရုပ်သိမ်းလိုက်သည်။ မိဖုရားခေါင်းကြီးကား အဝေးဆီကို ပို့လိုက်ရသည့်အတွက် ကျွန်ုပ်စိတ်နှလုံးတို့ကား များစွာ ထိခိုက်မိသည်။ သို့သော် ရာဇဘုရင် အိနြေ္ဒကို ထိန်းလျှက် နှလုံးသားထက် တိုင်းပြည်အရေးကို ဆောင်ရွက်မှ တော်ကာကျမည်ဟု ဦးနှောက်နဲ့ ထိန်းကျောင်းရတော့သည်။


(၅)
ဆောင်းလနတ်တော် အေးခဲ့သော်လည်း ရက္ခပူရ ရခိုင်တိုင်းကား မအေးခဲ။ စပါးရွှေဝါ ၀င်းဝါခဲ့သော ဓည၀တီသည် စပါးခင်များမှာ မီးလောင်းကျွမ်းထားသောကြောင့် မဲပြာကျလျက်။ တိုက်ပွဲတို့ကား ရက္ခပူရနေရာအနှံ။ ကြားရသမျှ သတင်းတို့ကား မကောင်း။ အမရပူရ ရန်သူတို့နှင့် ငသံထွေ၏ စစ်တပ်များက ပူးပေါင်း တိုက်ခိုက်ကြောင်း၊ အကျွန်ုပ်၏ တပ်များ ကျဆုံးကြောင်းလောက်သာ ကြားနေရသည်။ ယနေ့ကား ကျွန်ုပ်ဦးဆောင်ပြီး ကလိန်တောင်မြစ်စစ်ပွဲကို ဦးဆောင်ဆင်နွဲသည်။ ရန်သူကား ကလိန်တောင်မြစ်အတိုင်း အင်အား သုံးသောင်းဖြင့် ချီတတ်လာခဲ့သည်။ ကျွန်ုပ်သည် စစ်ကြောင်းသတင်းကို ကောင်းစွာ ရရှိခဲ့သည်။ ရန်သူစစ်ကြောင်း ဦးစီးအဖြစ် နရသမိုင်းကျော်က ဦးဆောင်သည်။ ကျွန်ုပ်ကား စစ်ကြောင်းကို ဦးဆောင်သူပီပီ
`အခု တိုက်ခိုက်မယ့် ဒီစစ်ပွဲမှာ နိုင်သူကို ရာထူးတိုးစေမယ်။ တကယ်လို့ သင်တို့ ကျွန်ုပ်တို့သာ ရှုံးခဲ့လျှင် သင့်တို့၏ မိန်းမများ၊ သားသမီးများ၊ သင်တို့၏ ပိုင်ဆိုင်မှုများဟာ တပါးသူလက်ထဲကို ထိုးထည့်ပေးလိုက်ရလိမ့်မယ်။ ဒါကြောင့် သင်တို့ အခုစစ်ပွဲကို အနိုင်နဲ့ ပိုင်ပါ။ အရှုံးဆိုတဲ့ ရလဒ်ကို ရင်တွင်းထဲက ထုတ်ပစ်ပါ။ စစ်ပွဲဆိုတာ နိုင်ခြင်းနဲ့ ရှုံးခြင်းပဲရှိတယ်။ သရေဆိုတာ မရှိဘူး။ ဒါကြောင့် အောင်နိုင်ပါစေ။ ကာကွယ်နိုင်ပါစေ အဖပြည်´ ကျွန်ုပ်ကား စစ်ဦးကို လှုံဆော်လိုက်သည်။ ရဲမက်များကား တက်ကြွနေကြသည်။ မီးပေါက် အမြောက်များ၊ လေးနှင့် မြှား၊ လှံ၊ ဓား ၊ ဒိုင်ကာတို့ဖြင့် စစ်သည်အင်အားများ အပြည့်။
တုံးကျောက်ဆိပ်တွင် တပ်တည်နေသော ဗိုလ်မင်းနရသမိုင်ကျော်၏ တပ်များကို ကျွန်ုပ်တို့၏ တပ်များသည် အလစ်အငိုက်ဖမ်းကာဝင်ရောက် တိုက်ခိုက်ကြသည်။ တိုက်ပွဲကား ပြင်ထန်သည်။ အလစ်အငိုက်ကို အမိဖမ်းလိုက်နိုင်သောကြောင့် ရန်သူတို့ကား မရှုမလှ သေကြေကြသည်။ ကျွန်ုပ်တို့ ပစ်လွှတ်လိုက်သည့် မီးပေါက် အမြောက်ဆံတို့ ၀ုန်းကနဲ မြည်းဟိန်းသံနဲ့အတူ ကျွန်ုပ်၏ ရဲမက်များလက်ချက်ကြောင့် ခဏကလေးအတိုးအတွင်းတွင် တုံးကျောက်ဆိပ်ကမ်းကို လက်ရသိမ်းမိသည်။
`၀ိုင်း… ဟေ့..။ အောင်ပြီ…အောင်ပြီ´ အောင်သံတို့ကား မိုးဟိန်းမြည်းသွားသည်။ ပိတောက်စည်သံတို့သည် ဗြိန်းစောင်းတီးလျှက် အောင်နိုင်ခဲ့သည်။ ရဲမက်တိုင်း ပျော်ရွှင်နေကြသည်။ ရန်သူအလောင်းတို့ကား မြစ်ကြောင်းတစ်လျောက်မှာ ရေစီးဖြင့် မျောသည့်က တဖုံ၊ ကုန်ပေါ်တွင် မြှားချက်၊ အမြောက်ဆံတို့ထိလျက် လက်ပြတ် ၊ ခြေပြတ်တို့ဖြင့် တဖုံ အမျိုးမျိုး မြင်တွေ့နေရသည်။ စစ်သည် ရက်စက်သည်။ လူအသက်ကို ညှာတာမှုမပေး။ ညံ့သူခံစတမ်း။ ကျွန်ုပ်သည် သတိကို လက်မလွတ်စတမ်းနဲ့ ရန်သူကို အနိုင်ပိုင်းနိုင်ဖို့ ဗျူဟာ၊ မဟာဗျူဟာနဲ့ သနင်္ဂဗျူဟာများကို သုံးခဲ့သည်။ ထိုအကျိုးဆက်ကြောင့် ယခု အောင်နိုင်ခဲ့ပြီ။

(၆)
ကလိန်တောင်မြစ်၏ တုံးကျောက်ဆိပ်အောင်ပွဲကား အသံကျယ်လှသည်။ ရန်သူတို့သည် အင်အားကို ပိုမိုတိုးချဲ့လျက် ကျွန်ုပ်တို့ဘက်ကို မြားဦးလှည့်လာခဲ့ပြီ။ ကျွန်ုပ်ကား စိတ်မချ။ ယနေ့နှင့်ဆိုလျှင် တိုက်ပွဲကား မနည်းတော့ပြီ။ တိုက်ပွဲက ရက်ကြာလာသည်နှင့်အမျှ ရဲမက်တို့ကား စိတ်ငယောင်ခြောက်ခြားဖြင့်။ တစ်ချို့ဆို စိတ်ကျရောဂါများပင် ၀င်လာခဲ့ပြီ။ ကျွန်ုပ်ကိုယ်တိုင်းလည်း ပင်ပန်လှပြီ။ ကျွန်ုပ်တို့ နိုင်သည့်အခါ နိုင်လိုက်၊ ရှုံးသည့်အခါ ရှုံးလိုက်ဖြင့်။ ကျွန်ုပ်၏ ရဲမက်တို့သည်လည်း တဖြည်းဖြည်း စိတ်ဓာတ်တို့ ကျလာခဲ့ကြပြီ။ ယနေ့ နိုင်ပွဲကြောင့် စိတ်ဓာတ်တို့ တက်ကြွလာခဲ့သည်။
ကျွန်ုပ်၏ အိမ်ရှေ့စံ သက်စံရွှေတစ်ယောက် မြောက်ဦးရွှေနန်းတော်သို့ စစ်ကူးတောင်ရန် သွားခဲ့သည်မှာ ကြာပြီ။ ယနေ့အချိန်ထိ ပေါ်မလာသေး။ အိမ်ရှေ့စံအလာကို မျှော်နေခဲ့မိသည်။ တစ်နေ့ ကျွန်ုပ် စခန်းချနေသည့် တုံးကျောက်ဆိပ်သို့ ရောက်ရှိလာသည်။ မျက်နှာက မကောင်းလှ။ အသားရောင်တို့သည် ဖြူဖက်ဖြူရော်ဖြင့်။ လမ်းခရီးကြမ်းကို ဖြတ်ကျော်လာရသောကြောင့်ထင် အသားများ မဲညစ်လျှက် မျက်နှာပေါ်တွင် နေလောင်ဒဏ်ရာများကို အထင်သား မြင်နေရသည်။ ကျွန်ုပ်ရှေ့တွင် ဒူးထောက်လိုက်သည်။
`ဖခမည်းတော် အရှင်။ အရှင် မျှော်လင့်ချက်ကို ကျွန်တော်မျိုး မဖြည့်ဆီနိုင်ခဲ့ပါ´ သက်စံရွှေကား ယောက်ျားရင့်မာဖြစ်လျက် မျက်ရည်ကျနေသည်ကို ကျွန်ုပ်စိတ်မကောင်းစွာ အထင်သားမြင်နေရသည်။
`ဘာဖြစ်လို့လည်း အိမ်ရှေ့စံ´
`မြောက်ဦးရွှေနန်းတော်ကို ကျွန်တော်မျိုးရောက်ရှိသွားတဲ့အချိန်မှာ မြောက်ဦးနန်းတော်ဟာ လောင်ကြပ်အရပ်ကို အခြေတည်ပြီး ရန်သူတွေ ၀ိုင်းခြင်းကို ခံထားရပြီး ဖခမည်းတော်။ ဒါကြောင့် စစ်ကူနဲ့ ရိက္ခာကို မပို့ပေးနိုင်တဲ့အတွက် ဖခမည်းတော်ကို ခွင့်လွတ်ဖို့ ဘုရင် သမ္မတရာဇာက မိန့်ကြားလိုက်ပါတယ်။ ကျွန်တော့်မျိုးတာဝန်မကျေပွန်ခဲ့သည့်အတွက် ဖခမည်းတော်ပေးမည့် အပြစ်ဒဏ်ကို သားတော် မျှော်လင့်မိပါတယ်´

            `အိမ်ရှေ့စံ တာဝန်ကျေပွန်ခဲ့ပါတယ်။ အကောင်းဆုံး ကြိုးစားခဲ့တာပဲ မဟုတ်လား။ မြောက်ဦးအရှင်လည်း သူ့ဒုက္ခနဲ့ သူပေါ့။ အိမ်ရှေ့စံ အနားယူတော့´ ကျွန်ုပ်သည် ပလ္လင်၏ လက်ရမ်းကို ဆုပ်ကိုင်ပြီး အိနြေ္ဒကို ထိန်းလိုက်ရသည်။ ကောင်းကင်ကြီးတခုလုံး ပြိုဆင်သလို ခံစားခဲ့ရသည်ကို မည်သူမှ သိလိမ့်မည် မဟုတ်။ ရန်သူစစ်ကား ကျွန်ုပ်ရှေ့က ထွက်တားပါသော်လည်း အနောက်ဘက်ကို မြောက်ဦးမြို့တော်ဆီထိ စစ်ကျွံသွားခဲ့ပြီ။ ကျွန်ုပ်လည်း ဘာမှ မတတ်နိုင်တော့။ လောက သဘာဝအရ နေ့ပြီးလျှင် ညသည် လာတတ်သည်မဟုတ်လော။ ရက္ခပူရ ကြမ္မာသည် အမှောင်ညကို တဖြည်းဖြည်း တိုးဝင်ခဲ့ချေပြီ။
            ကျွန်ုပ်နှလုံးနာမိသည်မှာ သမ္မတရာဇာမင်းကို မိတ်ဆွေမဖွဲ့။ ဆွေမျိုးသားချင်းကို အမျိုးမတော်သည့် ငသံထွေ၊ ဓားမနိုင်၊ ကုလားရွှေစာ၊ ကောင်းညွှန့်ရန်တိုင်၊ သတိုးဖြူတို့ကို ဒေါသထွက်မိသည်။ ရွံ့လည်း ရွံ့ရှာသည်။ တစ်ချိန်က သူ့အစု၊ သူ့အရပ်မှာ သူတို့က အုပ်ချုပ်သူတွေ။ အခုလို အရေးကြီးချိန်မှာ သူတို့က လိုအပ်သည်များကို ထောက်ပံ့ရမည်။ ငသံထွေအာဏာရူးသည်ဆိုလျှင် ကျန်သူများလည်း သိပ်မထူးခြား။ အာဏာရူးတို့သဘာဝ ကျောချမှ ဓားပြမှန်သိကြတော့မည်။ ကျောကို ဒုတ်ကျမှ နာကြမည်။ ယခုကား သူတို့ မသိကြသေး။ ပထွေးကို အဖေခေါ်ဖို့ ဆိတ်သတ်၊ ၀က်သတ်၊ နွားသတ်ပြီး ပျော်ပွဲစားနေကြရဲ့။
`သစ္စာဖောက် လောက်အောင် ငသံထွေ။ ဒင်အကြောင်း ဒင်အကြောင်း…..´ ကျွန်ုပ်စိတ်ထဲတွင် အခဲမကျေဖြစ်နေမိသည်။
`၀ုန်း.. …. ….´
`ဗုန်း … …´
`အား.. ´
`ရန်သူတွေ .. ရန်သူတွေ လာပြီ…´
`ကတောက်.. ကတောက် .. ကတောက်…´
`ဗြိန်း .. ဗြိန်း….´
တိုက်စည်တီသံ၊ ကတက်ခေါက်သံများနှင့် သွေးသောက်တပ်၊ သူရဲတပ်တို့ကို အချက်ပေးသံများ ချက်ချင်းပေါ်ထွက်လာသည်။ ခဏကလေးအတိုးအတွင်းမှာ ရန်သူတို့သည် အင်နှင့်အားနှင့် အပြင်းတိုက်ခိုက်လာတော့သည်။ ရန်သူ၏ မြှားစူများ၊ မီးပေါက်အမြောက်များ တလဒစပ် တိုက်ခိုက်လာသည်။
`ကျား…´ ကျွန်ုပ်၏ ခံတပ်ကို ထိုးဖောက်ဖို့အတွက် ရန်သူများ ညာသံပေးလျက် တက်လာကြသည်။ ကျွန်ုပ်လည်း အနီးစပ်ဆုံးသော တပ်မင်းတို့ကို စီမံခန့်ခွဲနေရသည်။
`အရှင်မင်းကြီး .. အခြေအနေ မရှုမလှဖြစ်နေပါတယ်။ တပ်ဆုပ်မှ ဖြစ်ပါလိမ့်မယ်..။ ရန်သူက ကျွန်တော်မျိုးတို့ထက် အင်အားများပါတယ်။ ဒီတချီနောက်ဆုပ်ပြီး နောက်တစ်ချိန်ကြိုးစားဖို့အတွက် အခွင့်အရေးရှိပါတယ် အရှင်´ရမ်းဗြဲစား ပေါလုံးသည် မျက်နှာ မသာမယာဖြင့် လာရောက်လျောက်တင်သည်။ ကျွန်ုပ်တို့ အရှုံးကြီး ရှုံးခဲ့ပြီ။ စစ်ရှုံးသည်ထက် ရဲသည်ရဲမက်တို့၏ စိတ်ဓာတ်ကျရှုံးမှုကား အစားထိုးရခက်သည်။ အခုတော့ ဘာမှ မတတ်နိုင်တော့။ ရက္ခပူရ၏ မှန်ကင်းကာ မြေခရလေပြီ။ ကျွန်ုပ်လည်း အစွမ်းရှိသလောက် ကြိုးစားခုခံသည်။ သို့သော်..
`တပ်ဆုပ် …တပ်ဆုပ်စေ…´ ကျွန်ုပ်၏ ဘ၀တွင် မပြောချင်ဆုံး စကား။ မကြားချင်ဆုံး အသံ။ ကျွန်ုပ်ကား ဘာမှ မတတ်နိုင်တော့ပေ။ ကျွန်ုပ်ရှေ့မှာပင် အတုန်းအရုန်းကျသေပွဲဝင်နေသည့် စစ်သည်များအတွက် ကျွန်ုပ်ယူကျုံးမရဖြစ်မိသည်။
`သြော်…´
`ဤရက္ခပူရတိုင်းမှာ ကျွန်ုပ်တစ်ယောက်တည်း မင်းပြုသည်မဟုတ်လေ။ များစွာသော မင်းတို့သည် ရှိသေးတာပဲ။ ကျွန်ုပ်တစ်ယောက်တည်း အရူးပေါ်လို့ တိုက်ခိုက်နေတာလား´ ကျွန်ုပ်ကို ကျွန်ုပ်မေးမိသည်။ မဟုတ်။ ကျွန်ုပ်သည် ယောက်ျား။ တိုက်ရင်းဖြင့်သာ ယောက်ျားတစ်ယောက်တန်ဖိုးကို ဆုံးဖြတ်သင့်သည်။ ခေတ်ကို ရေးသည်က လူ။ ယင်းခေတ်မှာ လူဖြစ်လာသည့် ကျွန်ုပ်သည် အကောင်းဆုံး သမိုင်းကို ရေးခဲ့ဖို့ တာဝန်ရှိသည်။ ခေတ်က တာဝန်ကို ပခုံးပေါ်တင်ပေးလိုက်သည်။ ထမ်းဆောင်ရမည့် တာဝန်မှာ ယောက်ျားကောင်းတို့ တာဝန်။ ခေတ်ကို မျက်နှာလွဲသည့် ငသံထွေ။ သူက ယောက်ျားမဟုတ်။ ခေတ်ကို တာဝန်ကျေအောင် မထမ်းဆောင်ဝံ့သည့် သစ္စာဖောက်။ နောင်တစ်ချိန် သမိုင်းစာမျက်နှာထက် ဒင်ကို လူတိုင်း တွံထွေထွေးကြပါစေ။ သမိုင်းကို အကောင်းမရေးတဲ့သူကို သမိုင်းက ဒဏ်ခတ်လိမ့်မယ်။

ကျွန်ုပ်ကား အရှုံးကို ရင်ဝယ်ပိုက်လျက် တပ်ဆုပ်လာခဲ့ရသည်။ ကျွန်ုပ်၏ စိတ်ထဲဝယ် ဤမတရားသော သူများနှင့် ပူးပေါင်းနေထိုင်လျှင် အပြစ်သင့်အံ့မည်ဟု ထင်မိလာသည်။ ကျွန်ုပ်၏ မိသားစု၊ မောင်းမ မိသံ၊ နောက်လိုက် တပ်မှူးများကို ခေါ်ဆောင်ပြီး မယူမြစ်ညာအရပ် ကုလားပန်ဇင်းအရပ်သို့ ရှောင်ထွက်တော့မည်။ အခွင့်သင့်လို့ နောက်တစ်ကြိမ်သာကြုံခွင့်ရခဲ့လျှင် ကျွန်ုပ်သမိုင်းကို သက်သေပြဖို့ ကျွန်ုပ်တဖန်ကြိုးစားပြီး ရက္ခပူရတိုင်းကို အရယူပြီး သစ္စာဖောက် အာရူးတို့သွေးဖြင့် ဆေးကြော့သန့်စင်အုံးမည်လေ…။


ဝေဟင်အောင်
၎၊ ၁၁၊ ၂၀၁၄။
နံနက် ၈း၀၇ မိနစ်တွင် ရေးသားပြီးစီးသည်။

မှီငြမ်း - ဦးစန္ဒမာလာလင်္ကာရ ၊ ရခိုင်ရာဇ၀င်သစ်ကျမ်း (ဒုတိယတွဲ)

            -ဦးလှထွန်းဖြူ၊ မဇ္ဈမအရေးတော်ပုံကျမ်း



No comments:

Post a Comment