ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

၂၀၁၅ ခုနှစ်အတွက် အဆင်သင့်ဖြစ်ပြီလား


[[[ Development News Journal မှာ ဖော်ပြပြီ ဆောင်းပါး]]]

၂၀၁၄ ခုနှစ်သည်ကား အတိတ်မှာ သမိုင်းအဖြစ် ကျန်ခဲ့ပြီဖြစ်သည်။ အတိတ်သည်ကား ပစ္စုပ္ပန်၏ ဆရာဖြစ်သည်။ အတိတ်က ကောင်းမွေ၊ ဆိုးမွေများကို  သင်ခန်းစာယူပြီး အကောင်းဆုံး ဆက်လက်လုပ်ဆောင်ရန် အကောင်းအဆုံးအချိန်သည် လက်ရှိပင်ဖြစ်သည်။ လက်ရှိပစ္စုပ္ပန်၏ လုပ်ဆောင်ချက်များသည် အနာဂတ်အတွက်ဖြစ်သည်။ ၂၀၁၄ ခုနှစ်သည် အကောင်း၊ အဆိုး ဒွန်းတွဲလျက်ဖြင့် ပြီးဆုံးသွားခဲ့သည်။ ကောင်းတန်သလောက်လည်း ကောင်းခဲ့သည်။ ဆိုးတန်သလောက်လည်း ဆိုးခဲ့သည်။ ကောင်း၏ ဆိုး၏ကို မှတ်တမ်းတင်ဖို့ရန် စာရေးသူတို့တွင် တာဝန်ရှိသည်။ ကျန်ခဲ့သော ခုနှစ်ကို သမင်လည်ပြန်ကြည့်ရှုပြီး ရှေ့ကို အကောင်းဆုံးဖြစ်အောင် ဆက်လက်လုပ်ဆောင်ရအုံးမည်။ အတိတ်သည် လွမ်းစရာထက် သင်ခန်းယူစရာများကို အကောင်းဆုံးဖြစ်အောင် ယူဆောင်ပြီး အကောင်အထည်ဖော် လုပ်ဆောင်ကြရန်သာရှိတော့သည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးမှ ဧပြီလတွင် ကောက်ခံခဲ့သည် သန်းခေါင်းစာရင်းတွင် ရခိုင်ပြည်နယ်လုံးတွင် ပြည်သူ့ဆန္ဒထုတ်ဖော်မှုသည် အကြီးကျယ်ဆုံး၊ ပြည်သူပါဝင်မှုအများနှင့် စည်းကမ်းအကျဆုံး ဆန္ဒပြပွဲကို တွေ့မြင်ခဲ့ရသည်။ မတ်လတွင် ၂၆/၂၇ ရက် INGO/NGO ရုံးများကို အကြမ်းဖက်မှုတွင် မညီးမဆိုသည့် ကလေးငယ်တစ်ယောက် အသက်စတေးခဲ့ရသည်။ ၄င်း ဧပြီလထဲတွင်ပင် ရခိုင်တို့အတွက် အရေးကြီးသည့် ရခိုင်အမျိုးသားညီလာခံကြီးကို ဧပြီလတွင် ကျင်းပနိုင်ခဲ့သည်။ ယင်းမတိုင်ခင်က ALD နှင့် RNDP ကို ပေါင်းစပ်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ပါတီကို ဖွဲ့စည်းနိုင်ခဲ့သည်။  ANP ပါတီ၏ ပထမဦးဆုံးညီလာခံကို စက်တင်ဘာလတွင် ကျင်းပနိုင်ခဲ့သည်။ ထူးခြားချက်အဖြစ် ၂၀၁၀ ခုနှစ် ဒီမိုကရေစီနှင့်အတူ ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပြည်နယ် ၀န်ကြီးချုပ်တစ်ဦးဖြစ်သည့် ဦးလှမောင်တင်သည် သုံးနှစ်လောက်သာ တာဝန်ယူခဲ့ပြီး ၂၀၁၄ ခုနှစ် မေလတွင် ကျန်းမာရေးကို အကြောင်းပြပြီး နုတ်ထွက်သွားသည်။ သူ့နေရာတွင် ဗမာလူမျိုးဖြစ်သည့် ပြည်ထောင်စုအစိုးရက တိုက်ရိုက်ခန့်အပ်သည် ဗိုလ်ချုပ်အဆင့်ရှိသူ ဦးမောင်မောင်အုန်းဖြင့် အစားထိုးခဲ့သည်။ ထိုအစားထိုးမှုအတွက် ပြည်သူတို့က ကန့်ကွက်ခဲ့သည်သာမက ရခိုင်အမျိုးသားပါတီက ၂/၂၀၁၄ စတိတ်မန့်ကို ထုတ်ပြီး ကန့်ကွက်ခဲ့ပါသော်လည်း လွတ်တော်တက်ရောက်သည့်နေ့တွင် ကန့်ကွက်မဲမရှိ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။


ဦးမောင်မောင်အုန်းတက်လာပြီးနောက် ကုလား-ရခိုင်အရေးအခင်းသည် သိသိသာသာ ငြိမ်းချမ်းပြီး တိုးတက်မှုရှိလာသည်ဟု ယေဘုယျအားဖြင့် သုံးသပ်နိုင်သည်။ ဒေသဖွံ့ဖြိုးရေးအဖြစ် ကွန်ကရစ်လမ်းပိုင်းများကို ပြုပြင်ခြင်း၊ စစ်တွေမြို့တွင် သုံးဘီဆိုင်ကယ်များနေရာတွင် ဟိုင်ဂျက်ကားငယ်များကို လှဲလှယ်ခြင်း၊ ဆရာတော်ဦးဥတ္တမနေ့ကို အစိုးရကိုယ်တိုင်း ဦးဆောင်ကျင်းပခြင်း၊ နိုဝင်ဘာလတွင် တိုင်းနှင့် ပြည်နယ်အဆင့် နပန်းပွဲကို စစ်တွေမြို့တွင် စည်းကားသိုက်မြိုက်စွာကျင်းပခြင်း၊ ဒီဇင်ဘာ ၁၅ ရက် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ပြည်နယ်ရှိ မြို့ကြီး ငါးမြို့ကို မီးတပြိုင်တည်းလင်းနိုင်အောင် ဆောင်ရွက်နိုင်သည့်အပြင် အခမ်းအနားကို ကြီးကျယ်စွာ ကျင်းပခဲ့သည်။ ဦးမောင်မောင်အုန်းတက်လာပြီးနောက်တွင် ထူးခြားမှုအဖြစ် လမ်းထွက် ဆန္ဒထုတ်ဖော်မှု တစ်ကြိမ်သာရှိခဲ့သည်။ အယင်ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင်လက်ထက်တွင် အကြိမ် ၂၀ ထက် မနည်း ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း ဦးမောင်မောင်အုန်းလက်ထက်တွင် သိသိသာသာ လျော့ဆင်းသွားခဲ့သည်။
ထူးခြားချက်တရပ်အဖြစ် မြန်မာနိုင်ငံအစိုးရတပ်မတော်သည် ၂၀၁၂ ခုနှစ်က စတင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ငြိမ်ချမ်းရေးကို ဆွေးနွေးခဲ့သော်လည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာလအထဲမှာ ကချင်ပြည်နယ်၌ အစိုးရ စစ်တပ်မှ ပစ်ခတ်မှုကြောင့် စစ်သင်တန်းကျောင်းမှ ဗိုလ်လောင်း ၂၃ ဦးကျဆုံးခဲ့ပြီး ထိုအထဲတွင် ရခိုင်ဗိုလ်လောင်း ၈ ဦးကျဆုံးခဲ့သည်။ ၂၀၁၄ ခုနှစ်သည် ၂၀၁၃ ခုနှစ်လောက် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် မအောင်မြင်ဟု သုံးသပ်နိုင်သည်။ အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ရခိုင်ပြည်လွတ်မြောက်ရေတပ်မတော်(ALP)နှင့် အမျိုးသားကောင်စီ(ANC)တို့အပြင် တခြားအဖွဲ့အစည်းအချို့နှင့်လည်း ငြိမ်းချမ်းရေးကို ပြည်နယ်အဆင့်ဆွေးနွေးထားသည်။ သို့ရာတွင် ပြည်ထောင်စုအဆင့်သို့ကား မတက်လှမ်းနိုင်သေးချေ။ နိုဝင်ဘာလ ၁၉ ရက်နေ့က ကျဆုံးဗိုလ်လောင်းများအတွက် ပြည်တွင်းထဲတွင် အယင်က ပြုလုပ်ကျင်းပခွင့်မရခဲ့သည့် ဆုတောင်းပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ကျင်းပခွင့်ရရှိခဲ့သည်။
၂၀၁၄ ခုနှစ်၏ နိုင်ငံရေးဖြစ်စဉ်များတွင် ထူးခြားချက်အဖြစ် ရခိုင်ကိုယ်စားပြုပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ၏ ရသေ့တောင်မြို့နယ်မှ ကိုယ်စားလှယ်အမတ်တစ်ဦးသည့် သူ့မဲဆန္ဒနယ်မြေအတွင်းရှိ မဲဆန္ဒရှင်ဒေသခံများကို စီးပွါးရေးကိစ္စကနေ တရားစွဲဆိုမှုသည် ရခိုင်လူမျိုးအတွက် ထူးခြားချက်ဖြစ်ခဲ့သည်။ စက်တင်ဘာက သံတွဲမြို့တွင် ကျင်းပခဲ့သည့် ရခိုင်အမျိုးသားပါတီ၏ ပထမဦးဆုံးညီလာခံသည် ကမောက်ကမများဖြင့် ပြီးဆုံးသွားခဲ့သည်။ နိုင်ငံရေး၏ သဘောအရ ကမောက်မကဖြစ်စဉ်များသည်လည်း အများအပြားပင်။ ထိုအထဲတွင် ရခိုင်အမျိုးသားပါတီသည်လည်း နိုင်ငံရေးပါတီသဘောအရ သဘောထားကွဲလွဲမှုသည် ပထမဦးဆုံး အတွေ့အကြုံနှင့် သဘောထားကွဲလွဲခြင်း ယဉ်ကျေးမှုတရပ်ဖြစ်သည်။ သို့ရာတွင် သဘောထားကွဲလွဲမှု ယဉ်ကျေးမှုကို မယဉ်ပါးသေးသော ပြည်သူအချို့ကြားတွင် အပြတ်အသတ်ချေမှုန်းစနစ်ဟု သုံးသပ်ချက်များကိုလည်း တွေ့ရသည်။ ယဉ်ကျေးမှုသည် တော်လှန်ရေးဖြစ်သည်ဟုဆိုလျှင် တော်လှန်သော သဘောထားကွဲလွဲမှုကို လေ့လာကြရအုံးမည်။ ဒီမိုကရေစီဆိုသည်မှာ မတူကွဲပြားခြင်းဖြင့် စုစည်းမှုဖြစ်သည်။ `တူတာတွဲလုပ် မတူတာကို ညှိလုပ်´ဤသည်မှာ ခေတ်သစ်နိုင်ငံရေး သီအိုရီဖြစ်သည်။ မဲနိုင်သော ပါတီသည် အာဏာရအစိုးရဖြစ်ပြီး မဲရှုံးသောအဖွဲ့အစည်းသည် အတိုက်အခံဖြစ်ဟု နိုင်ငံရေးကို အဓိပ္ပါယ်ဖွင့်ကြသည်။ သို့ရာတွင် အာဏာရပါတီဘဲဖြစ်ဖြစ်  အတိုက်ခံပါတီပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာမှုကား ၄ နှစ်ကာလပတ်လုံး အားနည်းခဲ့သည်။ ပွင့်လင်းမြင်သာမှုကား အသံကျယ်လောင်လာအုံးမည်။ မည်သို့ပင်ဆိုစေ ၂၀၁၄ ခုနှစ်သည်ကား အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သည်။
၂၀၁၅ ခုနှစ်သို့ ၀င်ရောက်လာသည့် ခြေလှမ်းသစ်များဖြင့် နိုင်ငံရေးသမားများ၏ ဦးဆောင်မှု၊ တတ်သိပညာရှင်များက လမ်းပြမှု၊ ပြည်သူတို့ အားလုံးက ၀ိုင်းဝန်းမှုဖြင့် ဟန်ချက်ညီစွာ ချီတက်နိုင်ဖို့အတွက် အသင့်ပြင်ဆင်ကြရတော့မည်။ ခေတ်ကို မျက်ခြေပြတ်ပြီး အတ္တနိုင်ငံရေးသမားများကို အတိတ်နှင့်အတူ မြေမြုပ်ပစ်ပြီး အတိတ်မှာ ချန်ခဲ့ရမည်။ မလိုအပ်သည်များကို သမိုင်းမှာ ချန်ခဲ့ပြီး ၂၀၁၅ ခုနှစ်သည် ပရဟိတစိတ်ဓာတ်ဖြင့် ပုံဖော်ဖို့အတွက် ဒုတိယအကြိမ်မြောက် မဲတပြားအတွက် အသင့်လုပ်ဆောင်ကြရတော့မည်။ ကိုယ့်ပေးမည့် မဲဆန္ဒရှင်သည် အတ္တသမားလား၊ ပရဟိတသမားလား ခွဲခြားဖို့ ၂၀၁၀ ခုနှစ်က ရေတွက်လျှင် ၄ နှစ်ဆိုသည်မှာ လုံလောက်ခဲ့ပြီဟု ယူဆရသည်။ ၂၀၁၅ ခုနှစ်မှာ ဖုတ်ပူမီးတိုက် အမတ်ရူးများ၊ ပါတီကို ခုတုံးလုပ် လုပ်ကွက်ရှာဖွေသည့် ကပ်ပါးကောင်များ၊ ကိုယ်ရည်သွေးနိုင်ငံရေးသမားများ၊ ဆောက်လုပ်ရေး ကုမ္ပဏီထောင် တင်ဒါနောက်ကို တကောက်ကောက်လိုက်သည့် အမတ်များ၊ ဟိုယောင်ယောင် ဒီယောင်ယောင် ယောင်ယောင်နိုင်ငံရေးသမားများကို ခွဲခြမ်းစိပ်ဖြာရတော့မည်။ ဖုတ်ပူမီးတိုက် စည်းရုံးရေး၊ ဟိုလုပ်ပေးမည် ဒီလုပ်ပေးမည်ဆိုသည် မက်လုံးပေး စည်းရုံးရေး၊ နိုင်ငံရေးထွက်ပေါက်ကို ချမပြနိုင်သည့် ပေါ်ပင်နိုင်ငံရေးသမားများကိုပင် တွေ့လာရလိမ့်မည်။ နိုင်ငံရေးသည် မက်လုံးပေးရုံဖြင့် မလုံလောက်ချေ။ သူတို့၏ ရေရှည်ရေတို မူဝါဒများကို ပြည်သူအား၊ အမတ်အားဖြင့် ဟန်ချက်ညီညီတိုက်ပွဲဝင်ခြင်းဖြစ်သည်။ ဟိုပေးမည် ဒီပေးမည်ပြောတတ်သည့် နိုင်ငံရေးသမားသည် မက်လုံးပေးနိုင်ငံရေးသမားဖြစ်ပြီး ပြည်သူကို မျက်ကွယ်ပြုမှု အမြန်ဆုံးသူများဖြစ်ကြသည်။ ထို့အပြင် ဗဟုကို ကိုယ်စားမပြုဘဲ တစ်ဦးကို ကိုယ်စားပြုသည် ခေါင်းဆောင်ကို အတိတ်မှာ ထားခဲ့ရမည်။ မဲဆန္ဒရှင်များနေရာသို့ တခါမှ မရောက်ဖူး၊ မလာဖူးဘဲ မိုးကျရွှေကိုယ်ကဲ့သို့ ပါတီကို ခုတုံးလုပ် ဖုတ်ပူမီးတိုက် အမတ်လုပ်ချင်သူများကိုလည်း မြင်တွေ့ရတော့မည်။ ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်မြို့ပေါ်အချို့တွင် အစိုးရနှင့် ပူးပေါင်းပြီး စီးပွါးရေးကို ချုပ်ကိုင်ချယ်လှယ်နေသည့် ခရိုနီ၊ ခရိုပြာ၊ ခရိုဝါများသည် ငွေကြေးဖုံလုံမှုကြောင့် နိုင်ငံရေးလုပ်၍ ရပြီဟု ဘ၀င်က သွေးနားထင်ကို ရောက်နေသူများသည်လည်း နိုင်ငံရေးကို အမှီပြုပြီး ကိုယ်ကျိုးကို ကာကွယ်ဖို့အတွက် စိုင်းပြင်လာကြအုံးမည်။ တကိုယ်ရည်သွေး မီဒီယာကို ခုတုံးလုပ် ဟန်ပြနိုင်ငံရေးသမားများကိုလည်း မြင်လာရအုံးမည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲထက် အရေးကြီးသလို ဖုန်းထဲက အင်တာနက်လိုင်းကို အသုံးချပြီး အင်တာနက် တွင်းကျယ်မှု၊ သတင်း၊ ဂျာနယ်၊ ရေဒီယိုတို့သည် အဆုံးအဖြတ်ပေးမည်သူများဖြစ်လာကြလိမ့်မည်။
ပြည်သူသည် ၂၀၁၀ ခုနှစ်က မဲပေးသင်ခန်းစာကို ယူဆောင်ပြီး ၂၀၁၅ ခုနှစ်အတွက် အဆင်သင့်လုပ်ရတော့မည်။ နိုင်ငံရေး၏ အသက်သည် ပြည်သူဖြစ်သည်။ ပြည်သူကို မှီပြီးမှ နိုင်ငံရေးသမားလုပ်ရသည်။ ပြည်သူနှင့် ကင်းကွာနေသော နိုင်ငံရေးသမားကို နိုင်ငံရေးသမားဟု မသတ်မှတ်ချေ။ ပြည်သူတို့အနေဖြင့် ရွေးချယ်ရမည် ခေါင်းဆောင်သည်လည်း ဗဟုကို ကိုယ်စားပြုတင်မက ပရဟိတစိတ်ဓာတ်အပြင် လွတ်တော်အတွင် မိမိလိုရာကို တိုက်ပွဲဝင် တောင်းဆိုနိုင်ဖို့အတွက် အသိအမြင်ရှိသူလည်း ဖြစ်ရမည်။ ကောင်းရမည်။ တော်ရမည်။ အများထဲက တစ်ယောက်ကို အကောင်းဆုံးဖြစ်အောင် ဆွဲထုတ်နိုင်ဖို့ စစ်တမ်းများ ထုတ်ကြည့်ကြရမည်။ အပြောကောင်းရုံဖြင့် မဖြစ်သလို အလုပ်ကောင်းရုံဖြင့်လည်း မဖြစ်ပေ။ အပြောကောင်းသလို အလုပ်ကောင်းရမည်ဖြစ်ပြီး အတောင်းလည်းကောင်းရမည်။ အမတ်ဆိုသည်မှာ ပြည်သူအသံကို နားထောင်ပြီး ပြည်သူလိုအင်ဆန္ဒများကို လွှတ်တော်အတွင်း လိမ္မာပါးနပ်စွာ တောင်းဆိုရသူဖြစ်သည်။ ထို့အတွက် ပြည်သူအသံကို နားမထောင်သည့် အမတ်မျိုးဆိုလျှင် ကိုယ်ပေးလိုက်သည့် မဲတပြားသည် ကိုယ်ဒေသကို ရေမလောင်းဘဲ အခြောက်တိုက်သွင်းမည့်သူဖြစ်သည်။
၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ နိုင်ငံရေးအရ သုံးသပ်ခြေရာကောက်ကြည့်လျှင် ပါတီဗဟိုပြုနိုင်ငံရေးထက် အမတ်ဗဟုပြုနိုင်ငံရေးဖြစ်သည်။ ပါတီနိုင်ငံရေးသည် အသက်မဲ့နေပြီး အမတ်များက သူတို့အာဏာပါဝါကို အသုံးချပြီး ပြည်သူအတွက်ထက် သူတို့အကျိုးကို အဓိက လုပ်ဆောင်နေသည်က အများစုဖြစ်သည်။ အများစုသောအမတ်သည် ပြောင်းလဲနေသော နိုင်ငံရေးကို ကွင်းဆက်ပြတ်လပ်မှုများကို တွေ့ရသည်။ ပြည်သူက နိုင်ငံရေးသမားထက် သိနေပြီး နိုင်ငံရေးသမားသည် ပြည်သူနောက်ကို ရောက်နေသည်။ ပြည်သူလူထု၏ ပြဿနာကို လှည့်ကြည့်ဖို့ အချိန်ပင် မရနိုင်ဘဲ သူတို့အခက်အခဲဖြင့်သာ လုံချာလိုက်နေသည်။ မူဝါဒကို ပြည်သူကို ချမပြရဲလောက်အောင်ထိပင် နိုင်ငံရေးသည် ပွင့်လင်းမှုမှာ အားနည်းနေသေးသည်။ မူဝါဒကောင်းသည် ဆိုသော်လည်း နိုင်ငံရေးသမား မကောင်းသူများလက်ထဲကို ရောက်နေလျှင် မူဝါဒသည် အသက်မဲ့နေတတ်သည်။ ပြည်သူသည် မူဝါဒမသိ၊ နိုင်ငံရေးသမားက ပန်းတိုင်ပျောက် ဘုံပျောက်လျှက် စည်းရုံးရေးသာကိုသာ တွင်းတွင်းအော်နေကြသော်လည်း သူတို့ကိုယ်တိုင်းတောင်မှ နိုင်ငံရေးသမားချင်း ၊ ပါတီတွင်းများမှာပင် ညီညွတ်ရေး၊ စည်းရုံးရေးကို တည်ဆောက်၍ မရသည်ကို တွေ့နေရသည်။
အမတ်တို့သည် ပါတီနှင့် ကင်းကွာတင်မက ပြည်သူနှင့်ပင် ကင်းကွာနေသည်။ ပြည်သူလိုအင်ဆန္ဒထက် သူတို့မိသားစုများကောင်းစားရေးအတွက် လုပ်ငန်းများကို အလုအယက် လုပ်ကိုင်၊ အာဏာရအစိုးရနှင့် နီးကပ်သောကြောင့် လုပ်ကွက်များကို ဖြတ်ယူရင်း ပြည်သူလူထုဘက်ကို လှည့်ကြည့်ဖော်ပင် မရခဲ့ကြပေ။ စားကျက်မြေလု နိုင်ငံရေးဖြစ်နေသည်။ နိုင်ငံရေးသမားဆိုသူများမှာလည်း အာဏာရှင်ကို တော်လှန်ရင်းဖြင့် သူတို့ကိုယ်တိုင်း အာဏာရှင်များဖြစ်သွားကြသည်။ အာဏာရှင်ဖြစ်နေကြသည်။  ပြည်သူကလည်း နိုင်ငံရေးသမားများအပေါ်တွင် တာဝန်မကျေပွန်ခဲ့မှုများရှိခဲ့သည်။ နိုင်ငံရေးသမားတစ်ယောက်သည် စီးပွါးရေးသမားမဟုတ်သည့်အတွက် ထိုနိုင်ငံရေးသမားတစ်ယောက် လွတ်လွတ်လပ်လပ်ဖြင့် နိုင်ငံရေးကို ဦးဆောင်ဦးရွတ်လုပ်နိုင်ဖို့ ပြည်သူက မည်မျှ ထောက်ပံ့အကျိုးပြုခဲ့ပြီလဲဟု ပြည်လည်သုံးသပ်သင့်နေပြီဖြစ်သည်။ နိုင်ငံရေးသမားနှင့် စီးပွါးရေးသမားသည် အတွေးအခေါ်ချင်း အလွန်ကွာခြားသည်။ သတိချပ်စရာပင်။ စီးပွါးရေးသမားသည် အတ္တကို ဗဟုပြုပြီး နိုင်ငံရေးသမားသည် ပရဟိတကို ဗဟိုပြုသည်။ ပရဟိတလောကကို မဖြတ်ဖူးဘဲ နိုင်ငံရေးစင်တက်ကို တက်သွားလျှင် ဖောက်ပြန်သော နိုင်ငံရေးသမားအဖြစ်ကို အလွယ်ကာသရောက်ရှိသွားတတ်သည်။ ဖောက်ပြန်သော နိုင်ငံရေးသမားနှင့် တော်လှန်သော နိုင်ငံရေးနှစ်မျိုးသာရှိသည့်ထဲက တော်လှန်သော နိုင်ငံရေးသမားကို လူထုက လိုချင်ကြသည်။ တော်လှန်သော နိုင်ငံရေးသမားဖြစ်ဖို့ ပြည်သူကလည်း ၀ိုင်းရံပေးရသည်။ ပြည်သူ့တာဝန်ကို ပြည်သူကလည်း ကျေပွန်အောင် ထမ်းဆောင်တတ်ရသည်။
ထို့အပြင် ပြည်ပကို ထွက်ခွါသွားကြသည့် အဝေးရောက် ပြည်သူများက တိုင်းပြည်အတွက် အဝေးက သင်္ကြန်အမြောက်ကဲ့သို့ အသံနှင့်သာ ပစ်ဖောက်နေပြီး မည်မျှထိ ကိုယ့်မြေ ကိုယ်ဒေသကို ပြည်ကြည့်ပြီး အကျိုးပြုပြီးပြီလဲဟု ပြန်လည်း မေးခွန်းထုတ်ရတော့မည်။ ငွေကြေးတစ်ပြားတစ်ချပ် ထောက်ပံ့ရုံဖြင့် တာဝန်ကျေးပွန်ပြီဟု မဆိုသာ။ သွားတန်ချိန်သလောက် သွားပြီး ပြန်ချိန်ကိုလည်း သိသင့်ပေသည်။ ငွေကြေး၊ နည်းပညာ၊ အတတ်ပညာ၊ အသိအမြင်များကို သယ်ယူလာပြီး ကိုယ်ဒေသ ကိုယ်ရပ်ရွာကို အားဖြည့် ရေလောင်းပေါင်းသင်ဖို့ တာဝန်သည် ရခိုင်မိဘက ပေါက်ဖွားလာသူတိုင်းတွင် တာဝန်ရှိသည်။ ပြည်ပကို ရောက်ပြီး ရေကြည်ကိုသောက် မြက်နုကိုစားပြီး သာယာနေလျှင် ဘ၀မေ့ပြည်သူဖြစ်သည်။ အမြင့်ကိုသွားခဲ့ပြီဆိုလျှင် အမြင်ကျယ်လောက်ပြီဟု သုံးသပ်နိုင်သည့်အတွက် ခြေရင်းကိုတော့ ပြန်ဆင်းလာသင့်ပေသည်။ အားလုံး ၀ိုင်းဝန်းမှ တော်ကာကျမည်။ အသွင်းကူးပြောင်းကာလမျိုးမှာ သမိုင်းက တာဝန်ပေးအပ်ချက်ကို ခေါင်းရှောင်၍ မရပေ။ ၀ိုင်းဝန်းထမ်းဆောင်ကြရတော့မည်။
၂၀၁၅ ခုနှစ်သည်လည်း အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ကြရအုံးမည်။ လူ့တန်ဖိုးဆိုသည်မှာ ယင်းခေတ်တွင် မွေးဖွားလာသော လူက ယင်းခေတ်ကို မည်မျှလောက် တာဝန်ထမ်းဆောင် ကျေပွန် ခဲ့သလဲဆိုသည့်အချက်ဖြင့် တိုင်းတာသည်ဟု ပညာရှင်များက ဆိုကြသည်။ ထိုအတွက် သမိုင်းကို တာဝန်ကျေပွန်ဖို့အတွက် နိုင်ငံရေးသမား၊ တတ်သိပညာရှင်၊ ပြည်သူတို့သည် ဟန်ချက်ညီဖို့ ၂၀၁၅ ခုနှစ်က စည်းဝါးချင်းရိုက်လာပြီဖြစ်သည်။ ၂၀၁၅ ခုနှစ်သည် သဘာဝသယံဇာတခွဲဝေရေးအတွက် စိန်ခေါ်မှု၊ ဒေသဖွံ့ဖြိုးရေးစိန်ခေါ်မှု၊ ဆင်းရဲခြင်းလျော့ချရေးစိန်ခေါ်မှု၊ လူ့အခွင့်အရေးစိန်ခေါ်မှု၊ လယ်ယာမြေနှင့် ရေလုပ်ငန်းစိန်ခေါ်မှု၊ နည်းပညာစိန်ခေါ်မှု၊ ငြိမ်းချမ်းရေးစိန်ခေါ်မှု၊ White Card စိန်ခေါ်မှု၊ နိုင်ငံရေးစိန်ခေါ်မှုတို့ဖြင့် အသင့်စောင့်ကြိုနေသည်။ ပြိုင်ဆိုင်မှုပြင်ထန်လာဖို့အတွက် အဘက်ဘက်က စိန်ခေါ်လာတော့မည်။ မည်မျှလောက်ထိ အဆင်သင့်ဖြစ်နေကြပြီလဲ။ ခေတ်ကတော့ တောင်းဆိုလာတော့မည်။ ခေတ်ကို မျက်ကွယ်ပြုသော လူထု၊ လူမျိုးသည် ခေတ်၏ ဒဏ်ခတ်မှုကို ခံယူရမည်မှာ ဧကန်မလွဲပေ။ ထို့အတွက် မျက်စိကိုဖွင့် နားကိုစွင့်လျက် တိုင်းပြည်အတွက်၊ အနာဂတ်အတွက် တိုက်ပွဲဝင်ဖို့ မတူမှုသည်ပင်လျှင် စည်းရုံးမှုဖြစ်သည်ဟု ခံယူလျှက် အသင့်ပြင်ဆင်ကြပါစို့ဟု တိုက်တွန်းမိပါသည်။

ဝေဟင်အောင်

No comments:

Post a Comment