ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

လူနှင့်မူကို ဆန်းစစ်ကြည့်ခြင်း

[[[ Development News Journal မှာ ဖော်ပြပြီ ဆောင်းပါး]]]
လူလို့ ဖြစ်လာလျှင် အဖွဲ့အစည်းဖြင့် ကင်းလွတ်၍ မရပေ။ မိသားစု အသိုက်အဖွဲ့မှသည် အသင်းအဖွဲ့အစည်းထိ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်ရှိနေသည်။ လူရှိလျှင် အဖွဲ့အစည်းရှိမည်။ အဖွဲ့အစည်းရှိလျှင် မူဝါဒရှိမည်။ အဖွဲ့အစည်းကြီးသည် ငယ်သည်မဟူ မူဝါဒတစ်ခုလောက်တော့ အနည်းဆုံးရှိကြသည်။ မူဝါဒကို အင်္ဂလိပ်လို ပေါ်လစီဟု သုံးစွဲသည်။ ပေါ်လစီတစ်ရပ်မှာ ပြဿနာရှာခြင်းနှင့် ရှင်းလင်းခြင်းဖြစ်သည်။ ပြဿနာတစ်ခုအတွက် ပထမ ပေါ်လစီ၊ ပရိုဂြမ်နှင့် ပရောဂျက်တို့ဆိုလျှင် မြန်မာလို မူဝါဒ၊ အစီအစဉ်နှင့် စီမံချက်ကို ဆိုလိုခြင်းဖြစ်သည်။ မူဝါဒဆိုသည်မှာ ပြဿနာတစ်ရပ်ကို ဖြေရှင်းဖို့အတွက်၊ ယေဘုယျကျကျ ချဉ်းကပ်မှု (သို့) မဟာဗျူဟာများဖြစ်သည်။ အစီအစဉ်ဆိုသည်မှာ မူဝါဒတစ်ရပ်ကို အကောင်အထည်ဖော်ဖို့အတွက် လုပ်ဆောင်ထားပြီး တိကျသည့် ဆောင်ရွက်ပင်ဖြစ်သည်။ စီမံချက်မှာ တစုံတရာသော ရည်ရွယ်ချက်တစ်ရပ်ကို ဖြည့်ဆည်းဖို့ ယာယီဖွဲ့အစည်းဆောင်ရွက်ချက်ပင်ဖြစ်သည်။ ထို့အတွက် ပြဿနာတစ်ရပ်ကို ဖြေရှင်းနိုင်ဖို့ဆိုလျှင် အစီအစဉ်များရေးဆွဲပြီး အကောင်အထည်ဖော်မည့်သူများမှ စီမံပြီး လုပ်ဆောင်ခြင်းကို ဆိုလိုသည်။
တစ်ချို့က မူကို ဘောင်ဟုလည်း ခေါ်ဆိုကြသည်။ မူဘောင်၊ လူ့ဘောင်ဟုလည်း သုံးနှုန်းကြသည်။ ဘောင်ဆိုသည်မှာ ထိန်းကွပ်ထားသည့် သဘောကို ဆိုလိုသည်။ ဘောင်ကွပ်လိုက်သောကြောင့် လူသည် စည်းလွတ်လက်လွတ်လုပ်၍ မရတော့ချေ။ ထို့အတွက် လူ့အဖွဲ့အစည်းတိုင်းသည် လူကို မူနှင့် ထိန်းခြင်းဖြစ်သည်။ လူသည် အတ္တ၏ သားကောင်များဖြစ်သောကြောင့် စည်းလွတ်လက်လွတ်ဖြစ်နေသော လူ့အဖွဲ့အစည်းကို မူဘောင်ဖြင့် ထိန်းသိမ်းခြင်း၊ ထိန်းကွပ်ခြင်းပင်။


စာရေးသူသည် ၂၀၁၄ ခုနှစ် ဧပြီလက ကျောက်ဖြူမြို့တွင် ကျင်းပသော ရခိုင်အမျိုးသားညီလာခံတွင် ရခိုင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော မူဝါဒချမှတ်ရာတွင် နားထောင်သူအဖြစ် တက်ရောက်နားထောင်ခဲ့ရသည်။ ဆွေးနွေးခွင့်တော့ မရှိခဲ့ပါ။ ဤတွင် တက်ရောက်သူအများစုမှာ မူဝါဒနှင့် ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြသည်။ ရခိုင်လူမျိုးသည် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သောကြောင့် လူအဖွဲ့အစည်းတစ်ရပ်အတွက် အခြေခံကျသော အနာဂတ်ပန်းတိုင် မူဝါဒ မရှိပေ။ ထိုအချက်အတွက် ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ)တွင် လူမျိုးတစ်ခုလုံးအတွက် အနာဂတ်ပန်းတိုင် မူဝါဒများကို ချမှတ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့ရာတွင် ညီလာခံတွင် တစ်မျိုးသားလုံးအတွက် အလွန်အရေးကြီးသော မူဝါဒချမှတ်ရာတွင် ဟန်ချက်လွဲချော်မှုနှင့်အတူ အားနည်းချက် အချို့ကို  တွေ့ခဲ့ရသည်။ သို့အတွက် ဤဆောင်းပါးရေးလာရန် အကြောင်းဖန်လာခြင်းဖြစ်သည်။
လူ့အဖွဲ့အစည်းတစ်ခုသည် သေးသည်ပဲဖြစ်ဖြစ်၊ ကြီးသည်ပဲ ဖြစ်ဖြစ် မူဝါဒတစ်ခုတော့ အနည်းဆုံးရှိသင့်သည်။ လူကို ထိန်းသည်က မူဖြစ်သည်။ မူကို ထိန်းသည်က လူဖြစ်နေသည်။ လူနှင့်မူ ၊ မူနှင့်လူသည် အပြန်အလှန်ဆက်စပ်နေသည်။ လူနှင့်မူ သီခြားစီဖြစ်နေလျှင် ဤလူ့အဖွဲ့အစည်းသည် အာဏာရှင်ဆန်မှုဘက်ကို ရောက်သွားနိုင်သည်။ စိတ်ထင်ရာကို လျှောက်လုပ်တတ်သည့် ပရမ်းပတာ လူ့အဖွဲ့အစည်းဖြစ်သွားမည်။ မူပျက်လျှင်လည်း လူပျက်မည်။ လူပျက်လျှင်လည်း မူပျက်မည်။ လူနှင့်မူက တစ်သားတည်းဖြစ်နေလျှင် အုပ်ချုပ်ရေးသည် အားကောင်းနိုင်သည်။ တိုးတက်သည့်နိုင်ငံတိုင်းက မူဝါဒကို ဆုပ်ကိုင်ပြီး လူဖြင့် ထိန်းကျောင်းလျှက် ချီတက်ကြသည်။ လူမကောင်းလျှင်လည်း မူဖြင့်သာ ထိန်းကျောင်းသွားကြသည်။
ဒီမိုကရေစီသည် စနစ်တစ်ခုဖြစ်သည်။ မဆလ၊ ဖဆပလ၊ စစ်အာဏာရှင်တို့သည် စနစ်တစ်ခုဖြစ်သည်။ အာဏာရှင်တို့သည် မူကို ဟန်ပြသာ လုပ်ဆောင်ပြီး လူက ကြိုက်သလို ရှယ်လှယ်တတ်ကြသည်။ လူသည် အတ္တသားကောင်ဖြစ်သည့်အတွက် မူကောင်းကောင်းတော့ လိုအပ်သည်။ ထိုမူကို ဟန်ချက်ညီထိန်ကွပ်နိုင်ဖို့အတွက် လူမှန် မူမှန်လည်း လိုအပ်ပြန်သေးသည်။ ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ခေတ်စနစ်၏ တောင်းဆိုချက်အရ ဒီမိုကရေစီစနစ်ကို ပြောင်းလဲပေးလိုက်ရသည်။ ဒီမိုကရေစီစနစ်အောက်တွင် အထိုက်အလျှောက် လွတ်လပ်မှု ရလာခဲ့ပြီး ထိုစနစ်အတွက် လူ့ဘောင်အဖွဲ့အစည်း၏ အထိန်းအကွပ်မှာ မူဖြစ်နေသည်။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲနှင့် ရွေးကောက်ခံရှိလာခဲ့သည့်အတွက် မူဝါဒသည် အသက်သဖွယ်ဖြစ်လာသည်။ မူဝါဒသည် အများစုက အနည်းစု၏ သဘောကို လိုက်လျော့ပေးရန်နှင့် အနည်းစုကလည်း အများစုသဘောကို နားလည်ပေးရန်မှာ မူဝါဒသည် အရေးကြီးသည်။ ပြည်သူ့ဝန်ထမ်းအများစုမှာ မူကို အခြေမတည်သောကြောင့် အာဏာရသူဘက်ကို ပါသွားသည့်အတွက် တိုင်းပြည်သည် ပြာပုံဘ၀နှင့် နပန်လုံးခဲ့သည်မှာ ဒုနှင့်ဒေးပင်။
မူဝါဒတစ်ခုချမှတ်တော့မည်ဆိုလျှင် အစိပ်အပိုင်း (၃)ပိုင်းပါဝင်သည်။ (၁) မူဝါဒကို ချမှတ်သည့်အဖွဲ့(သို့) အကောင်အထည်ဖော်ဆောင်သည့်အဖွဲ့၊ (၂) မူဝါဒအကြောင်းရင်းနှင့် ပတ်သတ်နေသူများနှင့် (၃)မူဝါဒ ပတ်ဝန်းကျင်စသည့်တို့ ဖြစ်ကြသည်။ မူဝါဒကို ချမှတ်သည့်အဖွဲ့သည် မူဝါဒဆိုင်ရာအချက်အလက်များကို စဉ်စားရမည်။ မူဝါဒနှင့် ပတ်သတ်သူများကို တွေ့ဆုံခြင်း၊ တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်း၊ အကြောင်းအရာနှင့် ပတ်သတ်သူများကို တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊ လူအများအပြားသော်လည်းကောင်း ထောင့်စုံအောင်မေးမြန်းရသည်။ မတူကွဲပြားသည့် အဓိပ္ပါယ်အမျိုးမျိုး၊ ဖြစ်ပေါ်ပုံ၊ ဖြစ်ပေါ်နေ၊ ဖြစ်ပေါ်လာမည်များကို အမျိုးမျိုးတုန့်ပြန်ပြောဆို ကြမည်။ ပတ်ဝန်းကျင်နှင့် အချိန်အခါကိုလည်း ထည့်တွက်ရသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးမည့် နိုင်ငံရေးအဖွဲ့အစည်းဆိုလျှင် ပိုမိုပြည့်စုံဖို့အတွက် လူတန်စားအလွှာစုံပါဝင်နိုင်အောင် ဆွေးနွေးမှ ပြည်စုံမည်။ ဒီမိုကရေစီစနစ်= လွတ်လပ်ခြင်း + လူ့တစ်ဦးချင်းအခွင့်အရေး + အကျိုးစီးပွါးကို လေးစားခြင်းတို့ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ထို့ကြောင့် လွတ်လပ်ခြင်း၊ လူ့တစ်ဦးချင်းအခွင့်အရေးနှင့် အကျိုးစီးပွါးအထိ ထည့်သွင်းစဉ်စားရမည်ဖြစ်သည်။
နောက်ထပ် မူဝါဒတစ်ခုအတွက် ကျွန်တော်တို့ လူအဖွဲ့အစည်းနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် ကိစ္စရပ်တစ်ခုရှိသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် စနစ်ကျသော သုတေသနပြုအဖွဲ့အစည်းမရှိပေ။ မူဝါဒတစ်ခုချမှတ်ဖို့အတွက် အချက်အလက်များကို ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လူထုလူတန်းစားအလွှာစုံသို့ ကွင်းဆင်းပြီး အချက်အလက်များကို ဖော်ထုတ်၊ စုဆောင်းခြင်း၊ လိုအပ်လျှင် စာကြည့်တိုက်များထိ သွားရောက် ရှာဖွေစုဆောင်းခြင်း၊ မူဝါဒနှင့် ပတ်သတ်ပြီး သက်ဆိုင်မည့်ထင်သူများအားလုံးကို မခြွင်းကျန်ရအောင် မေးမြန်းခြင်း၊ ကိုယ်တွေ့အသုံးချမှုများကို စာရင်းဇယားများဖြင့် နေ့အလိုက် ရက်စွဲအလိုက် မှတ်တမ်းပြုစုထားသင့်သည်။ မှတ်တမ်းအားကောင်းလျှင် ရှေ့လုပ်ငန်းစဉ်များအတွက် များစွာ အထောက်အကူးပြုစေသည်။ အဖွဲ့အစည်းတိုင်းသည် မှတ်တမ်းများဖြင့်သာ လုပ်ဆောင်ချက်များကို သက်သေပြနိုင်သည်။ အဖွဲ့အစည်းကြီးခြင်း၊ ငယ်ခြင်းဖြင့် မသက်ဆိုင်ပေ။ မှတ်တမ်းကိုတော့ စနစ်တကျပြုစုထားသင့်ပေသည်။ မှတ်တမ်းသည် နောက်မျိုးဆက် တွဲခေါ်မှုများအတွက် လက်တွဲခေါ်သောအခါ မှတ်တမ်းများကသာ အကောင်းဆုံး အထောက်အပံ့ကို ဖြစ်ပေါ်စေသည်။
မူဝါဒတစ်ရပ်ထွက်ပေါ်လာသောအခါ ထိုမူဝါဒနှင့် သက်ဆိုင်သူများအားလုံး မူဝါဒအကြောင်းဆိုင်ရာကို နားလည်အောင် ရှင်းလင်းထားရသည်။ ဖြစ်နိုင်လျှင် စာအုပ်စာတမ်းများ၊ လက်ကမ်းစာစောင်များ၊ ဟောပြောပွဲများနှင့် ရှင်းလင်းပြသရသည်။ မူဝါဒကို နားလည်အောင် ရှင်းပြမထားနိုင်လျှင် လူက မူကို ခုတုံးလုပ်တတ်သည်။ သက်ဆိုင်သူများအားလုံး မူကို နားလည်ထားမှ လူကို မူဖြင့် ထိန်းသိမ်းနိုင်သည်။ အထူးသဖြင့် ကျွန်တော်တို့ လူအဖွဲ့အစည်းတွင် မူကို လူထုသို့ ချပြမှုများကား အားနည်းနေသေးသည်။ မူဝါဒတစ်ခု ချမှတ်ဖို့အတွက် အလွှာစုံသို့ ဖြန့်ကျက်တွေးတောမှုသည်လည်း အားနည်းနေသေးသည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ဟု ဂုဏ်ပုဒ်ပါသော ပါတီကို ပြည်သူလူထုတို့သည် မဲပေးခဲ့ကြသည်။ ပါတီတွင် မည်သူဖြစ်ခြင်း မဖြစ်ခြင်းနှင့် မည်သည့်မူရှိခြင်း မရှိခြင်းတို့ကို ပြည်သူတို့ မသိရှိခဲ့ကြပေ။ သို့သော် ပြည်သူတို့သည် ပြည်သူတို့ သတ္တိဖြင့် ရခိုင်ဟု ဂုဏ်သိက္ခာအတွက် မားမားမတ်မတ်ရပ်တည်ပြီး မဲပေးခဲ့ကြသည်။ သို့ရာတွင် မဲဆန္ဒရှင်များ၏ ပါးစပ်ပေါက်များကို အငှါးပြောပေးကြမည် အမတ်များမှာ မဲဆန္ဒရှင်များနှင့် ကင်းကွာနေခဲ့ကြသည်။ ယနေ့အချိန်ထိ မိမိတို့ မဲဆန္ဒနယ်မြေမှ မဲအောင်နိုင်ခဲ့သော အမတ်များ အရုပ်ကို မမြင်ဖူးခဲ့ကြဟုဆိုသည်။ ထို့အတွက် မဲဆန္ဒရှင်ပြည်သူတို့သည် မိမိတို့ အမတ်ကို လာနိုးနိုးဖြင့် မျှော်လင့်ခဲ့ကြသည်။ သို့ရာတွင် မဲဆန္ဒရှင်ပြည်သူများသည် ၂၀၁၅ ခုနှစ် နောက်တစ်ကြိမ်ရွေးကောက်ပွဲသို့သာ နီးကပ်လာပြီ လူကိုလည်း မသိ မူကိုလည်း မသိဖြစ်နေကြသည်။
မူဝါဒတစ်ခု ချမှတ်လိုက်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည့် ကိစ္စမှန်သမျှ အဆက်အစပ်ဖြစ်နေသည့် ပတ်ဝန်းကျင်ကို မျက်ကွယ်ပြုပြီး ပြောနေ၊ လုပ်နေသမျှသည် မူကို ဖောက်ဖျက်ခြင်းဖြစ်သည်။ မူဝါဒကို ချမှတ်ကတည်းက အမြင်အမျိုးမျိုး၊ အကျိုးစီးပွါးအမျိုးမျိုး၊ လူတွေ့ကြားက ပြဿနာကို ဖြေရှင်းဖို့ ချမှတ်ခဲ့သည့်အတွက် ပါဝင်သူများကို မျက်ကွယ်ပြုခြင်းသည် မူမမှန်သောကြောင့်ဖြစ်သည်။ သို့တည်းမဟုတ်လျှင် လူမမှန်သောကြောင့်လည်း ဖြစ်သည်။ မူဝါဒဖြစ်စဉ်တစ်ရပ်ကိုက လူတွေနှင့် ဖွဲ့စည်းထားခြင်းကြောင့် လူအဖွဲ့အစည်းကို ရှောင်လွဲ၍ မရပေ။ မူဝါဒဟာ ပြဿနာကို ဖြေရှင်းခြင်းဆိုလျှင် ပြဿနာနှင့် သက်ဆိုင်သူများကို ပထုတ်ထားခြင်းဟာ ကောင်းသော လက္ခာရပ်မဟုတ်ချေ။ ဒီမိုကရေစီစနစ်သည် ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု၊ ဥပေဒေစိုးမှု၊ လူ့တစ်ဦးချင်းအခွင့်ရေးကို တောင်းတသောကြောင့် ပွင့်လင်းမြင်သာမှုကို မူဘောင်အရ လူထုက ချပြဖို့ တောင်းဆိုလာခြင်းလည်းဖြစ်သည်။
မကြာသေးခင်က ရွေးကောက်ပွဲကျင်းပပြီးစီးသွားသော အိန္ဒိယနိုင်ငံကို လေ့လာကြည့်လျှင် နာရန်ဒရာမိုဒီသည် နေရူး-ဂန္ဒီမျိုးဆက်ကို ကျော်လွန်ပြီး အနိုင်ရသွားခဲ့သည်။ နေရူး-ဂန္ဒီမျိုးဆက် ရှုံးနိမ့်ရခြင်းအကြောင်းကို ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များမှ သုံးသပ်ချက်များမှာ (၁) ပါတီတွင်း တာဝန်ခံမှုမရှိခြင်းနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်း ၊ (၂) မဲဆန္ဒရှင်များနှင့် ဆက်ဆံနိုင်စွမ်းမရှိခြင်း၊ (၃)ပါတီအကြီးတန်းခေါင်းဆောင်များနှင့် အပေါ်အောက်ဆက်ဆံမှုနည်းပါးခြင်း၊ (၄)ဆုံးဖြတ်ချက်မှားခြင်းတို့ကြောင်းဖြစ်သည်ဟု ဆိုသည်။ ဤသည်ကား မူဝါဒကို အကောင်အထည်ဖော်သူတို့၏ အားနည်းချက်များတည်။ နမူနာယူသင့်သည့်အရာဖြစ်သည်။
မူဝါဒသည် ယနေ့အခါမှာ ပညာရပ်ကြီးတစ်ခုလို ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ သုံးစွဲနေကြပြီးဖြစ်သည်။ အစိုးရနှင့်ပြည်သူ၊ လူ့မှုအဖွဲ့အစည်းနှင့်ပြည်သူ၊ နိုင်ငံရေးပါတီနှင့် ပြည်သူကြား ခိုင်မာသော မူဝါဒသည် အသက်ဖြစ်လာခဲ့ပြီ။ မူဝါဒတစ်ခုအတွက် အသိပညာပြည့်ဝဖို့အတွက် အသိပညာဖြည့်ဆည်းပေးဖို့၊ ဆိုင်ရာ ဆိုင်ရာ ပညာရှင်များ၊ ဆုံးဖြတ်ချက်ချနိုင်သူများ တနည်းခေါင်းဆောင်များက တြိဂံကဲ့သို့ ဟန်ချက်ညီစွာ လက်တွဲလက် ဟန်ချီဖို့လိုအပ်သည်။ မူဝါဒသည် အလွန်ကျယ်ပြန့်သည် ဘာသာရပ်ဖြစ်သောကြောင့် ကျွန်တော်တို့လူအဖွဲ့အစည်းသည်လည်း လူနှင့်မူ ၊ မူနှင့်လူ အတွဲညီလျှက် ချီတက်သွားသင့်ပြီးဟု အကြံပြုမိပါသည်။

ဝေဟင်အောင်

No comments:

Post a Comment