ကုလားတန်မြစ် အနောက်ဘက် ကမ်းတွင် တည်ရှိပြီး မြစ်ဝမှ ၇၅ မိုင်ကွာဝေးသည်။
ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့၏ ကြားခံမြို့ ဖြစ်သည်။ မြို့နယ်
ဧရိယာမှာ ၆၇၆ စတုရန်းမိုင် ရှိသည်။
လူဦးရေ တစ်သိန်းခြောက်သောင်းကျော် ရှိသည်။ ရခိုင်အပြင် ခမီး အများဆုံး
နေထိုင်ကြသည်။ စပါး အများဆုံး ထွက်ရှိပြီး ၊ ဆေးရွက်ကြီးနှင့်
ဆီထွက်သီးနှံများလည်း ဖြစ်ထွန်းသည်။ မြို့တစ်ဖက်ကမ်းတွင် သေလာဂီရိတောင်ရှိ
ကျောက်ကုန်းစေတီတော်ကို အစွဲပြု၍ မြို့အမည် တွင်သည်။ မြောက်ဦးနှင့်
မင်းပြားသို့ ကားလမ်းခရီး ပေါက်သည်။ အရှေ့ဘက်ငါးမိုင်တွင်
မဟာမုနိကုန်းနှင့် ဓညဝတီမြို့ဟောင်းတို့မှာ ထင်ရှားကြသည်။
မဟာမုနိ
---------
ရခိုင် ကိုးကွယ်မှုတွင် အထွတ်အမြတ်ဆုံးနှင့် ကနေဦးဆုံး ဆင်းတုတော်
ဖြစ်သည်။ စန္ဒာသူရိယမင်းက ဘီစီ ၅၅၄ ခု ဝါဆိုလပြည့်နေ့တွင် ရတနာ ငါးပါးဖြင့်
သွန်းလုပ်ခဲ့သည်။ သွန်းစက်တော် သက်တော် ၁၆၀၀ ကျော်လွန်သည့်အခါ ပုဂံ
အနော်ရထာမင်းနှင့် အလောင်းစည်သူတို့က ပင့်ယူရန် ကြိုးစားခဲ့ကြသည်။ အေဒီ
၁၁၀၃ ခုတွငိ ဖိုကျင်ထိုးခံရပြီး မထင်မရှား ဖြစ်ခဲ့ရသည်။ အနှစ် ၂၀
ကြာပြီးမှ ဒသရာဇာမင်းကြီးက မူလကုန်းတော် သီရိကုတ်သို့ ပြန်လည်
ပင့်ဆောင်ခဲ့သည်။ မင်း အဆက်ဆက်တို့သည် လည်း စဉ်ဆက်မပြတ် ပူဇော်လာခဲ့ကြသည်။
၁၇၈၅ ခုတွင် မြောက်ဦးမြို့တော် ကျဆုံးပြီးနောက် မြန်မာအိမ်ရှေ့မင်းက
ဥာဏ်တော် ၁၂ ပေ ၇ လက်မ ရှိသော ဆင်းတုတော်ကြီးကို အမရပူရသို့
ပင့်ဆောင်သွားခဲ့သည်။ ယခု မန္တလေးမြို့၌ ရခိုင်ဘုရားကြီးဟု အမည် တွင်နေသည်။
ဆရာအောင်လှသိန်း၏ ရခိုင်သုတအဘိဓာန်မှ ကောက်နှုတ်ချက်များနှင့်
ကျနော်လေ့လာမိသလောက်ကို ဗဟုသုတအဖြစ် စုပေါင်း တင်ပြထားသည်။ ရခိုင်ပြည်နယ်က
ကျန်နေတဲ့ မြို့တွေကိုလည်း တင်ပြပေးပါမယ်..။ (မျှာ်..)
ဝေဟင်အောင်
၂၆၊ ၁၁၊ ၂၀၁၃။
No comments:
Post a Comment