မြင်းနှင်းသူ (သတင်း)
မြန်မာနိုင်ငံ ရခိုင်ပြည်တွင် အသက်ငယ်ဆုံးဖြစ်သော လူငယ်စာရေးဆရာ
ဝေဟင်အောင်မှ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခအဖြစ် အပျက်များကို
အခြေခံ၍ ရခိုင်တိုင်းရင်းသားများ
ကျဆုံးခဲ့မှုနှင့် ခံစားခဲ့ရသော အကြောင်းတရားများကို
ရခိုင်လူမျိုးတို့အနေဖြင့် မှတ်တမ်း မှတ်ရာတစ်ခုအဖြစ်
ကျန်ခဲ့စေလိုသောကြောင့် "သွေးနဲ့ရေးသည့်မြေ" ဝတ္ထုစာအုပ်ကို
ပုံနှိပ်ထုတ်ဝေလိုက်ကြောင်း သိရသည်။
သွေးနဲ့ရေးသည့်မြေ
ဝတ္ထုစာအုပ်ကို ရေးဖြစ်ခဲ့ရသောအကြောင်းနှင့် စာအုပ်ကို ဖတ်ရသော
စာဖတ်ပရိတ်သတ် ရခိုင်လူမျိုးတို့အနေဖြင့် နောက်နောင်ကို
သင်ခန်းစာအဖြစ်ရယူရန် ရည်ရွယ်၍ ရေးသားဖြစ်ကြောင်း စာရေးဆရာ ဝေဟင်အောင်က
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က ပြုလုပ်သည့် စာအုပ်မိတ်ဆက်ပွဲ
အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"
ဒီစာအုပ်ကိုရေးဖြစ်သွားတဲ့ အကြောင်းရင်းက ၂၀၁၂ ခုနှစ်က ရခိုင်ပြည်မှာ
ဖြစ်ပွားခဲ့တဲ့ အရေးအခင်းပေါ့။ အဲဒီအရေးအခင်းကို မှတ်တမ်းမှတ်ရာ
တစ်ခုအဖြစ်နဲ့ ကျန်ခဲ့စေချင်တဲ့ ဆန္ဒနဲ့ရေးဖြစ်ခဲ့တာပါ။ အဓိက ရည်ရွယ်တာကတော့
၂၀၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို ကျနော်တို့
ရခိုင်လူမျိုးတွေ သင်ခန်းစာယူဖို့၊ နောက်နောင် ဖြစ်လာခဲ့သည်
သော်လည်းကောင်း၊ မဖြစ်လာခဲ့သည် သော်လည်းကောင်း၊ တစ်ခုခုဖြစ်လာခဲ့ရင်
ကြိုတင်ကာကွယ်ဖို့ အတွက်သော်လည်းကောင်း၊ တစ်ခုခုစဉ်းစား
ဆုံးဖြတ်နိုင်ဖို့အတွက် သော်လည်းကောင်း၊ ကျနော်တို့အနေနဲ့ အမြဲတမ်း
တန့်လှန့်နေတဲ့ အသိစိတ်လေး တစ်ခုရနိုင်ဖို့အတွက် ဒီ Massages ကို ပေးရခြင်း
ဖြစ်ပါတယ်။ " ဟု ဆရာ ဝေဟင်အောင်က ဆိုသည်။
၎င်းစာအုပ်ကို
အပိုင်းလေးပိုင်အဖြစ် သတ်မှတ်ပြီး ရေးသားထားကြောင်း၊ ပထမပိုင်းတွင်
သီတာထွေးဓါတ်ပုံအပါအ၀င် ဓါတ်ပုံမှတ်တမ်းကို ဖော်ပြထားပြီး၊
ဒုတိယအပိုင်းတွင် "သွေးနဲ့ရေးသည့်မြေ" ၀တ္ထုကို ရေးသားထားကြောင်း၊
တတိယပိုင်းတွင် ၂၀၁၂ ခုနှစ် ဇွန်လ တစ်လလုံးတွင် ဖြစ်ပွားခဲ့သော
အကြောင်းအရာများကို ရက်အလိုက် မှတ်တမ်းတင်ထားကြောင်းနှင့်
နောက်ဆုံးအနေဖြင့် ကျဆုံးသွားသော ရခိုင်သူရဲကောင်း ၃၄ ယောက်၏
အတ္ထုပတ္ထိအကျဉ်းကို ဖော်ပြထားကြောင်း သိရသည်။
"သွေးနဲ့ရေးသည့်မြေ"
ဝတ္ထုစာအုပ်ဟု အမည်ပေးထားပုံကိုလည်း " ဒီမြေသမိုင်းမှာဆိုရင် သေဆုံးသွားတဲ့
၃၄ ယောက်ကို ကြည့်တဲ့အခါမှာ အဲဒီ ၃၄ ယောက်ဟာ သွေးမြေတွေကျခဲ့ရတယ်။
ဟိုတုန်းကဆိုရင် ဒီလိုမျိုးသွေးမြေကျခဲ့တယ်ဆိုတာ သမိုင်းမှာ မရှိခဲ့ဘူး။
ကျနော်တို့ လက်လှမ်းမီသလောက်ဆိုရင် လွတ်လပ်ရေးရပြီးတဲ့နောက်မှာ၊ ၄၈
နောက်ပိုင်းမှာ ဆိုရင်လည်း တစ်ခါမှမရှိခဲ့ဘူး။ အဲဒါကြောင့်
ဒီမြေသမိုင်းမှာဆိုရင် သွေးမြေကျခဲ့တယ်ဆိုတာ မရှိတဲ့အတွက်နဲ့ ဒီသမိုင်းကို
ကျနော်တို့ ရခိုင်တွေသွေးနဲ့ ပေးဆပ်ခဲ့ရတယ် ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ "
ဟု ဆရာဝေဟင်အောင်က ဆိုသည်။
အဆိုပါ စာအုပ်တွင် ဆရာသိန်းနောင်က
အမှာစကားအဖြစ်ရေးသားပြီး လေးဝတီခိုင်ကျော်ကလည်း ရင်တွင်းစကားအဖြစ် ရေးသားကာ
အခမ်းအနားကို တက်ရောက်လာသော စာရေးဆရာ ရခိုင်သုတေသီ ဦးမောင်ဗသိန်း၊
စာရေးဆရာ ဦးဗကြီးကျော်နှင့် အခြားသော စာရေးဆရာအပြင် စာဖတ်ပရိတ်သတ်များက
ရခိုင်လူမျိုးတို့အတွက် အလွန်တရာမှ အကျိုးရှိကြောင်း အားပေးဝမ်းမြောက်စကား
ပြေားကြားကြပြီး ဆရာဝေဟင်အောင်အနေဖြင့်လည်း အချိန်များကို အကုန်မခံဘဲ
စာရေးဆရာဘ၀ဖြင့် စာများများရေးသားပေးပါရန် တိုက်တွန်းကြသည်။
ရခိုင်လူငယ် စာရေးဆရာ ဝေဟင်အောင်သည် ယခုရေးသားသည့် "သွေးနဲ့ရေးသည့်မြေ"
ဝတ္ထုစာအုပ်မှာ ပထမဆုံးရေးသားသော လက်ရာဖြစ်ပြီး၊ နောက်ထပ်လည်း
စာရေးဆရာဘဝတွင် အချိန်ပေး၍ ကဏ္ဍစုံ၊ ဘက်ပေါင်းစုံကနေ ရေးသားသွားမည်ဟု
သူကဆိုသည်။
ဆရာဝေဟင်အောင်သည် ပုဏ္ဏားကျွန်းမြို့နယ်၊
နတ်တောင်ကျေးရွာ ဇာတိမြေဖြစ်ပြီး အဖ ဦးအောင်သာထွန်းနှင့် အမိ
ဒေါ်အောင်နုဖြူ၏ သားဖြစ်ကြောင်း၊ လက်ရှိတွင် iT Zone, Computer Center
ဖွင့်လှစ်ကာ အသက်မွေးဝမ်းကြောင်း ပြုနေပြီး၊ စစ်တွေမြို့ ကျေးပင်ကြီး
ရပ်ကွက်၊ ကျောင်းကြီးလမ်းတွင် နေထိုင်ကြောင်း သိရသည်။
http://www.arakantimes.net/burmese/index.php/2013-03-09-12-22-21/627-2013-12-15-00-02-47
No comments:
Post a Comment